ကျူးမင်းလန် – ဗီယက်နမ်သန်းကြွယ်သူဌေးမကြီး ဒေါ်လာ ၄၄ ဘီလျံလိမ်လည်မှုနဲ့thayဒဏ်ချမှတ်ခံရ

International News
ကျူးမင်းလန် – ဗီယက်နမ်သန်းကြွယ်သူဌေးမကြီး ဒေါ်လာ ၄၄ ဘီလျံလိမ်လည်မှုနဲ့thayဒဏ်ချမှတ်ခံရ

တရားခွင်မှာ မြင်ရတဲ့ ကျူးမင်းလန်

ဒီတရားခွင်က ကမ္ဘာမှာဖြစ်ဖူးသမျှ အကြီးမားဆုံးဘဏ်ငွေလိမ်လည်မှုတွေထဲက တစ်ခုဖြစ်သလို ဗီယက်နမ်နိုင်ငံမှာ လုပ်ဖူးသမျှကြားနာမှုတွေထဲ အကြီးအကျယ်ဆုံး တရားခွင်ဖြစ်ပါတယ်။

ဟိုချီမင်းမြို့က ကိုလိုနီခေတ် အဝါရောင်တရားရုံးကြီးထဲက တရားခွင်မှာတော့ အသက် ၆၇ နှစ်အရွယ် အိမ်ခြံမြေလုပ်ငန်းရှင်ဟာ ၁၁ နှစ်တာ ကာလအတွင်း ဗီယက်နမ်ကအကြီးဆုံးဘဏ်တစ်ခုဆီကနေ ငွေကြေးတွေလိမ်လည်ရယူခဲ့မှုနဲ့ thayဒဏ်ပေးခံလိုက်ရပါတယ်။

ဒါဟာ ဗီယက်နမ်မှာ အမျိုးသမီးတစ်ဦး အခုလိုငွေကြေးမှုနဲ့ သေဒဏ်ချမှတ်ခံရမှုတွေထဲက တစ်ခုဖြစ်တာကြောင့် ဖြစ်တောင့်ဖြစ်ခဲ တရားရုံးဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။

ဒီတရားရုံးဆုံးဖြတ်ချက်ဟာ ကိန်းဂဏန်းပမာဏအတော်လေးကို ကြီးမားလှတဲ့လိမ်လည်မှုကိုလည်း ထင်ဟပ်နေပြန်ပါတယ်။ ကျူးမင်းလန်ဟာ ဆိုင်ဂုန်စီးပွားရေးဘဏ်(Saigon Cimmercial Bank) ကနေ ချေးငွေ အမေရိကန်ဒေါ်လာ ၄၄ ဘီလျံ ချေးငှားထုတ်ယူမှုနဲ့ အခုလိုပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံရတာဖြစ်ပါတယ်။ တရားရုံးဆုံးဖြတ်ချက်အရ သူမဟာ ဒေါ်လာငွေ ၂၇ ဘီလျံကို ပြန်ပေးရမှာဖြစ်ပေမဲ့ အစိုးရရှေ့နေတွေကတော့ သူဟာ ဒီငွေတွေကို ပြန်ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ အချို့ကတော့ thayဒဏ်ပေးတဲ့တရားရုံးဆုံးဖြတ်ချက်ဟာ ပျောက်ဆုံးနေတဲ့ ဒေါ်လာ ဘီလျံ သန်းချီကို သူမအနေနဲ့ ပြန်ပေးလာဖို့ အားပေးတဲ့အနေနဲ့ ဆုံးဖြတ်တာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

ခြောက်တန်လောက်လေးတဲ့ စက္ကူပုံး ၁၀၄ ပုံးထဲမှာတော့ အထောက်အထားသက်သေ စာရွက်စာတမ်းတွေရှိနေပါတယ်။ စွပ်စွဲချက်တွေကို ငြင်းဆိုထားတဲ့ ကျူးမင်းလန်နဲ့အတူ တရားစွဲခံရသူ ၈၅ ဦးရှိပါတယ်။ အဲဒီထဲက သူမနဲ့ နောက်တပ် ၁၃ ဦးကတော့ thayဒဏ်ချမှတ်ခံရနိုင်ခြေရှိပါတယ်။

‘‘ကွန်မြူနစ်ခေတ်မှာ ဒီလောက် လူသိရှင်ကြားလုပ်တဲ့တရားခွင်မျိုး တခါမှမရှိခဲ့ဖူးဘူးလို့ ကျွန်တော်ထင်တယ်’’ လို့ ဗီယက်နမ်နဲ့ပတ်သက်ပြီး အတွေ့အကြုံရင့် အငြိမ်းစားအမေရိကန်နိုင်ငံခြားရေးအရာရှိ ဒေးဗစ်ဘရောင်းကပြောပါတယ်။ ‘‘ဒီလောက် ပမာဏနဲ့ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး’’

အခုတရားခွင်ဟာ ကွန်မြုနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင် ဖုကျောင် ဦးဆောင်တဲ့ ‘‘ Blazing Furnaces’’ လို့ခေါ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်မှာ နောက်ဆုံးဖြစ်ပေါ်လာတဲ့ အချိုးအကွေ့အဖြစ်ဆုံးအခြေအနေဖြစ်ပါတယ်။

မာ့ဝါဒကို နက်နက်ရှိုင်းရှိုင်းလက်ခံတဲ့ ရှေးရိုးအစွဲရှိသူ ငုယင်ဖုကျောင်ဟာ အဂတိလိုက်စားမှုကို မထိန်းကွပ်နိုင်လို့ ပေါ်လာတဲ့လူထုကြား ဒေါသဟာ အာဏာကိုဆုပ်ကိုင်ထားတဲ့ကွန်မြူနစ်ပါတီအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်လို့ ယုံကြည်ထားသူဖြစ်ပါတယ်။ ငုယင်ဖုကျောင်တစ်ယောက် ၂၀၁၆ ခုနှစ်အစောပိုင်းမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်နေရာယူတဲ့အချိန်ကစပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို သူစတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ သူဟာ စီးပွားရေးကိုအလေးထားတဲ့ အဲဒီတုန်းကဝန်ကြီးချုပ်တာဝန်ယူထားသူ ငုယင်တူဇန်းကိုနိုင်ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်နေရာကို ရယူခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။

ကျူးမင်းလန်ဟာ ဗီယက်နမ်ရဲ့ဘဏ်ကြီးတစ်ခုဆီကနေ ၁၁ နှစ်တာကာလအတွင်း ငွေကြေးတွေ လိမ်လည်မှုနဲ့ စွပ်စွဲခံထားရပါတယ်

ဒီအဂတိလိုက်စားမှုတိုက်ဖျက်ရေးကြောင့်ပဲ သမ္မတနှစ်ဦးနဲ့ ဒုတိယဝန်ကြီးချုပ်နှစ်ဦး ရာထူးကနေ နုတ်ထွက်မှု ဦးတည်စေခဲ့သလို နောက်ထပ် ရာနဲ့ချီတဲ့အရာရှိတွေလည်း စည်းကမ်းထိန်းသိမ်းခံရတာ ဒါမှမဟုတ် ထောင်ဒဏ်ချမှတ်ခံရတာတွေလည်း ရှိနေပါတယ်။ အခုတော့ ဗီယက်နမ်မှာ အချမ်းသာဆုံးအမျိုးသမီးတွေထဲက တစ်ဦးလည်း အဲဒီလမ်းကြောင်းပေါ် လျှောက်လှမ်းရပါပြီ။

ကျူးမင်းလန်ဟာ အရင်က ဆိုင်ဂုံလို့သိကြတဲ့ ဟိုချီမင်းမြို့က တရုတ်-ဗီယက်နမ် နွယ်ဖွားမိသားစုက မွေးဖွားလာသူဖြစ်ပါတယ်။

ဟိုချီမင်းဟာ ဗီယက်နမ်စီးပွားရေးအတွက် ကုန်သွယ်အချက်အခြာမြို့ကြီးဖြစ်သလို တရုတ် အသိုင်းအဝိုင်းများများရှိပြီး ကွန်မြူနစ်ဆန့်ကျင်တဲ့တောင်ဗီယက်နမ်ရဲ့ မြို့တော် ဖြစ်နေပါတယ်။

စျေးထဲက သာမာန်စျေးဆိုင်ပိုင်ရှင်တစ်ဦးအနေနဲ့ သူ့ဘဝ စတင်ပါတယ်။ မိခင်နဲ့အတူ အလှကုန်တွေရောင်းချတာပါ။ ဒါပေမဲ့ ကွန်မြူနစ်ပါတီက ၁၉၈၆ ခုနှစ်မှာ ဒွိုင်မိုင်လို့ခေါ်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်တဲ့အခါ သူလည်း အိမ်ခြံမြေလောကထဲကိုရောက်လာပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေကိုရောက်တဲ့အခါမှာ သူမဟာ ဟိုတယ်တွေနဲ့စားသောက်ဆိုင်တွေ တော်တော်များများကို ပိုင်ဆိုင်တဲ့သူဖြစ်နေပါပြီ။

ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖုကျောင်

ဗီယက်နမ်ဟာ နိုင်ငံပြင်ပမှာ မြန်မြန်ဆန်ဆန်တိုးတက်တဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ လူသိများသလို တရုတ်နိုင်ငံအတွက် ထုတ်ကုန်ထောက်ပို့မှုလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ချမ်းသာတဲ့ဗီယက်နမ်အများစုဟာ အိမ်ခြံမြေဆောက်လုပ်ရေးနဲ့ အဲဒီစျေးကွက်ကို ဝင်ကစားရင်း ကြွယ်ဝလာသူတွေဖြစ်ပါတယ်။

ဗီယက်နမ်မှာ မြေတွေအားလုံးဟာ နိုင်ငံပိုင်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမြေတွေနဲ့ပတ်သက်တဲ့လုပ်ပိုင်ခွင့်ရဖို့က နိုင်ငံ့ဝန်ထမ်းအရာရှိတွေနဲ့ပုဂ္ဂိုလ်ရေးခင်မင်မှုအပေါ် အများကြီး မူတည်နေပါတယ်။ စီးပွားရေးတိုးတက်လာတာနဲ့အမျှ အဂတိလိုက်စားမှုကလည်း မြင့်တက်လာပြီး ကူးစက်တတ်တဲ့ကပ်ဘေးလိုဖြစ်လာပါတယ်။

၂၀၁၁ ခုနှစ်မှာ ကျူးမင်းလန်ဟာ ဟိုချီမင်းမြို့မှာ လူသိများတဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါတယ်။ သူမဟာ ငွေပြတ်နေတဲ့အသေးစားဘဏ် ၃ ခုကို ပိုကြီးမားတဲ့ဘဏ်ကြီးတစ်ခုအဖြစ် လုပ်ငန်းစုပေါင်းလိုက်ဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။ အဲဒီဘဏ်ကတော့ ဆိုင်ဂုံစီးပွားရေးဘဏ်(Saigon Commercial Bank) ဖြစ်ပါတယ်။

ဗီယက်နမ်ဥပဒေအရ လူတစ်ဦးဟာ ဘဏ်တစ်ခုမှာ အစုရှယ်ယာပိုင်ဆိုင်မှု ၅ ရာခိုင်နှုန်းထက် ပိုပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ အစိုးရရှေ့နေတွေကတော့ ကျူးမင်းလန်ဟာ ပိုင်ဆိုင်မှုနဲ့လည်ပတ်မှုမရှိတဲ့ သူ့ကိုယ်ပွား ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်ရာချီကနေတဆင့် ဆိုင်ဂုံစီးပွားရေးဘဏ်ရဲ့ အစုရှယ်ယာ ၉၀ ရာခိုင်နှုန်းကကျော်ကို ပိုင်ဆိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါကြောင့်ပဲ သူမဟာ သူ့လူတွေကို ဘဏ်မန်နေဂျာတွေကို ခန့်အပ်ပိုင်ခွင့်ပေး လိုက်သလို ဖြစ်စေပြီး သူမထိန်းချုပ်တဲ့အဲဒီကုမ္ပဏီတွေ ချေးငွေတွေရနိုင်အောင် အဲဒီမန်နေဂျာတွေကို ခိုင်းခဲ့တယ်လို့လည်း အစိုးရရှေ့နေတွေက စွပ်စွဲပါတယ်။

ထုတ်တဲ့ငွေပမာဏကလည်း သိပ်ကို များပါတယ်။ သူမရဲ့ချေးငွေပမာဏဟာ ဘဏ်ကနေ ချေးတဲ့ငွေစုစုပေါင်းရဲ့ ၉၃ ရာခိုင်နှုန်းအထိရှိနေပါတယ်။

အစိုးရရှေ့နေတွေရဲ့အပြောအရဆိုရင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကနေ သုံးနှစ်အတွင်း သူမဟာ သူ့ရဲ့ယာဥ်မောင်းကို အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် တန်ဖိုးနဲ့ညီမျှတဲ့ ဗီယက်နမ်ဒေါင်ငွေ ၁၀၈ ထရီလီယံကို ဘဏ်ကနေ ငွေထုတ်ခိုင်းခဲ့ပြီး သူမရဲ့ မြေအောက်ခန်းမှာ သိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလောက်များတဲ့ငွေသားပမာဏဟာ ဗီယက်နမ်ရဲ့တန်ဖိုးအမြင့်ဆုံးငွေသားတွေ ချည်းပဲတင် အလေးချိန် ၂ တန်နီးပါးအထိရှိပါတယ်။

သူမ ချေးတဲ့ငွေတွေကို စစ်ဆေးတာမျိုးမဖြစ်အောင် ရက်ရက်ရောရော လာဘ်ပေးတာတွေ လုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံရပါတယ်။ သူမနဲ့အတူ တရားစွဲဆိုခံရသူတွေထဲက တစ်ဦးကတော့ ဗဟိုဘဏ်စုံစမ်းစစ်ဆေးရေးမှူးဟောင်း ဖြစ်ပါတယ်။ သူကတော့ ဒေါ်လာ ၅ သန်းတန် လာဘ်ယူမှုနဲ့ ထောင်ဒဏ်တစ်သက်ရင်ဆိုင်နေရပါတယ်။

အမှုနဲ့ပတ်သက်ပြီး လူများသိရှိခွင့်ရအောင် ဖုံးကွယ်ထားမှုကလည်း ကျူးမင်းလန်ရဲ့အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး လူထုဒေါသကို ဆွပေးရာရောက်ခဲ့ပါတယ်။ ကျူးမင်းလန်ကတော့ လူတွေမြင်အောင် ပြသခဲ့ဖူးတဲ့ ဝင့်ဝင့်ထည်ထည်ဓာတ်ပုံတွေထဲကနဲ့မတူဘဲ မိတ်ကပ်မလိမ်းထားတဲ့မျက်နှာနဲ့ တရားခွင် တက်ခဲ့ပါတယ်။

ဒါပေမဲ့ ကျူးမင်းလန်တစ်ယောက် ဘာကြောင့် အခုလို စွပ်စွဲခံရတဲ့လိမ်လည်မှုကြီးကို ကာလရှည်ကြာအောင် ဖုံးဖိနိုင်ခဲ့တာလဲဆိုပြီး မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

ကျူးမင်းလန် တရားရင်ဆိုင်ရတဲ့ ဟိုချီမင်းမြို့ ပြည်သူ့ တရားရုံး

‘‘ကျွန်တော်တော့ ပဟေဠိတွေနဲ့ပြည့်နေတုန်းပါပဲ’’ လို့ စင်္ကာပူမှာရှိတဲ့ ISEAS – Yusof Ishak အင်စတီကျူ့က ဗီယက်နမ်လေ့လာရေးပရိုဂရမ်ကို ဦးဆောင်နေသူ လီ ဟောင် ဟစ်က ပြောပါတယ်။

‘‘ဘာကြောင့်လဲဆိုရင် ကျူးမိုင်လန်ရော သူ့ရဲ့ ဗန်သင်ဖတ်လုပ်ငန်းစုကရော အခရာကျတဲ့နေရာတွေမှာ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်နိုင်ရေး အကြီးအကျယ်လုပ်နိုင်အောင် ဆိုင်ဂုံစီးပွားရေးဘဏ်ကို သူတို့ ထုတ်သမျှရတဲ့ဘဏ်လို အသုံးချနေတာ လူတိုင်းသိနေကြတာပဲလေ’’

‘‘တစ်နေရာရာကနေ ငွေတွေရအောင်တော့ သူလုပ်ရမှာကတော့ လူတိုင်းသိတာပဲလေ။ ဒါပေမဲ့ အဲဒါက နောက်ပိုင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဥ်ဖြစ်လာတယ်။ ဒီလိုဖြစ်နေတာ ဆိုင်ဂုံစီးပွားရေးဘဏ်တစ်ခုတည်းမဟုတ်ဘူး။ ဒီတော့ ဖြစ်နိုင်ခြေရှိတာက စျေးကွက်ထဲမှာ တခြားအလားတူဖြစ်ရပ်တွေလည်း ဖြစ်နေတော့ အစိုးရအနေနဲ့ မြင်ကွင်းထဲကနေ ပျောက်နေတာမျိုးဖြစ်နိုင်တယ်။

ဒေးဗစ် ဘရောင်းကတော့ သူမကို ဆယ်စုနှစ်ချီကြာအောင် ဟိုချီမင်းမြို့ရဲ့နိုင်ငံရေးနဲ့ စီးပွားရေးကို လွှမ်းမိုးထားတဲ့ သြဇာရှိလူပုဂ္ဂိုလ်တွေရဲ့ အကာအကွယ်ရရှိခဲ့တယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ အခုကြားနာမှုမှာ အခရာကျတဲ့အကြောင်းအရာအနေနဲ့ ပါဝင်နေတာကတော့ ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှာ ဘာပဲလုပ်လုပ်တန်ရာတန်ကြေး ပေးရမယ်ဆိုတဲ့စီးပွားရေးယဥ်ကျေးမှုတစ်ရပ်ဖြစ်လာအောင် ကွန်မြူနစ်ပါတီက သွယ်ဝိုက်ညွှန်းဆိုလိုက်တာလို့လည်း သူက ရှုမြင်ပါတယ်။

‘‘ငုယင် ဖုကျောင်နဲ့ ပါတီထဲက သူ့မဟာမိတ်တွေလုပ်ဖို့ကြိုးစားနေတာက ဆိုင်ဂုံကို ပြန်လည်ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း အနည်းဆုံးတော့ လွတ်ထွက်နေတဲ့အခြေအနေ ဆက်မဖြစ်တော့အောင်ပေါ့’’

‘‘၂၀၁၆ ခုနှစ်မတိုင်ခင်အထိ ဟနွိုင်းမြို့တော်က ကွန်မြူနစ်ပါတီက ဟိုချီမင်းမှာ တရုတ်-‌ဗီယက်နမ်နွယ်ဖွားဂိုဏ်းတွေ အလုပ်လုပ်တာကို အတော်လေးခွင့်ပြုခဲ့တယ်။ ဒေသန္တရ ကွန်မြူနစ်ခေါင်းဆောင်တွေ ဒေသခံတွေအတွက်လုပ်သင့်အလုပ်တွေအားလုံးကို အဲဒီဂိုဏ်းတွေက လုပ်ခဲ့တာ။ ဒါပေမဲ့လည်း တစ်ချိန်တည်းမှာ မြို့ထဲကနေ ငွေရနိုင်သမျှရအောင် လုပ်ခဲ့ကြတယ်’’ လို့ သူက ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် ပါတီအကြီးအကဲ ငုယင်ဖုကျောင်ဟာ ကျန်းမာရေးခပ်လှုပ်လှုပ် ဖြစ်လာပြီး ခေါင်းဆောင်သစ်ကို ရွေးချယ်မယ့် ၂၀၂၆ ခုနှစ် ကွန်မြူနစ်ပါတီညီလာခံမှာ အငြိမ်းစားယူရတော့မှာ ဖြစ်ပါတယ်။

သူဟာ ကွန်မြူနစ်ပါတီမှာ သက်တမ်းအကြာဆုံး အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ရယူသူဖြစ်ပြီး ပါတီပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်တွေကတည်းက မမြင်ရတော့တဲ့ ပါတီတွင်း ကွန်ဆာဗေးတစ်ယိမ်းမှုဘက်ကို အဆင့်တစ်ခုရောက်အောင် ပြန်လုပ်ထားနိုင်ပါတယ်။ ပွင့်လင်းမှုတစ်စုံတရာပြုလုပ်ပြီး နိုင်ငံရေးအာဏာကို ပါတီက ချုပ်ကိုင်ထားမှုကို လျော့ပါးစေမယ့်ခြေအနေဖြစ်လာတာကိုလည်း သူ မဖြစ်ချင်တာက ရှင်းနေပါတယ်။

ဒါပေမဲ့ သူဟာ အဲဒီလိုမဖြစ်ချင်မှုရဲ့ ဝိရောဓိအနေအထားထဲ ပိတ်ပိတ်နေပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ ၂၀၄၅ ခုနှစ်ရောက်တာနဲ့ နည်းပညာနဲ့ ဉာဏ်ပညာကို အခြေခံတဲ့စီးပွားရေးကနေတဆင့် ချမ်းသာတဲ့နိုင်ငံအဆင့်ကိုရောက်ရမယ်လို့ ပါတီက ရည်မှန်းချက်တွေ ချမှတ်ထားပါတယ်။ ဒါကပဲ ဗီယက်နမ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုနဲ့ မိတ်ဖက်အဖြစ် ပိုပြီးနီးကပ်လာအောင် ဦးတည်နေစေပါတယ်။

အချစ်-အမုန်းဆက်ဆံရေးကို အသက်ပြန်သွင်းမယ့် တရုတ်သမ္မတရှီရဲ့ ဗီယက်နမ်ခရီး
တရုတ်နဲ့စစ်အေးတိုက်ပွဲမဖြစ်နေဘူးလို့အမေရိကန်ငြင်းဆို
တဖက်မှာလည်း ဗီယက်နမ်မှာ တိုးတက်မှုမြန်ဆန်လာတာနဲ့အတူ အဂတိလိုက်စားမှုပိုဖြစ်လာနိုင်ခြေကလည်း မလွှဲမရှောင်သာ ကိစ္စဖြစ်လာပါတယ်။

အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန်တိုက်ဖျက်တာဟာ စီးပွားရေးပိုင်းဆိုင်ရာလုပ်ငန်း ဆောင်တာတွေဘက်မှာပိုပြီး မီးthayအောင်ဖြစ်စေတဲ့အရေး ကြုံလာရနိုင်ပါတယ်။ အရာရှိတွေအနေနဲ့ အဂတိလိုက်စားမှုတစ်ခုခုမှာ သွယ်ဝိုက်ပတ်သက် ဆက်နွှယ်လာနိုင်စေတဲ့ ဆုံးဖြတ်ချက်မှန်သမျှကနေ ခပ်လှမ်းလှမ်းနေလာတာကြောင့် ဗြူရိုကနေစီ ယန္တရား နှေးသွားပြီဆိုတဲ့စောကြောမှုတွေလည်း ရှိနေပါတယ်။

‘‘ဒါကပဲ ဝိရောဓိဖြစ်နေတာပါ’’ လို့ လီ ဟောင် ဟစ်က ပြောပါတယ်။ ‘’သူတို့ရဲ့ နိုင်ငံတိုးတက်ရေး စံသတ်မှတ်ထားမှုပုံစံက အဂတိလိုက်စားမှုလုပ်ထုံးလုပ်နည်းတွေအပေါ်မှာ သွားမှီတည်နေတာ အချိန်က ကြာလှနေပါပြီ။ အဲဒီစက်ကြီးအလုပ်လုပ်အောင် အဂတိလိုက်စားမှုက ချောဆီလို ဖြစ်နေတာပါ။ ချောဆီထည့်တာ ရပ်လိုက်ရင် ဘာမှအလုပ်ဖြစ်တော့မှာမဟုတ်ဘူး’’

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။