အစ္စရေးကို အီရန် တိုက်ခိုက်မှု – ဘယ်သူနိုင်ပြီး ဘယ်သူရှုံးလဲ

International News
အစ္စရေးကို အီရန် တိုက်ခိုက်မှု – ဘယ်သူနိုင်ပြီး ဘယ်သူရှုံးလဲ


“အီရန်အသာစီးရတဲ့သရေပွဲ။ ” အစ္စရေးမြေပေါ်ကို အီရန်ရဲ့ပထမဆုံးတိုက်ခိုက်မှုကို လေ့လာသုံးသပ်သူတွေက ဒီစကားစုနဲ့ဖော်ကျူးကြပါတယ်။

အီရန်မြို့တော် တဟီရန်ကနေ အစ္စရေးကို ဒရုန်း ၃၀၀ကျော်အပြင် တာဝေးပစ်ဒုံးကျည်တွေနဲ့ ဧပြီလ ၁၄ ရက်တုန်းက ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

အီရန်စစ်တပ်ကတော့ ”ဒီဗုံးကြဲတိုက်ခိုက်မှုဟာ ဒမားစကတ်မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခံရမှုကိုတုံ့ပြန်တာဖြစ်ပြီး ရည်ရွယ်ချက် အထမြောက်ခဲ့တယ်” လို့ကြေညာပါတယ်။

ဆီးရီးယားနိုင်ငံမြို့တော် ဒမားစကတ်မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို ဧပြီ ၁ ရက်နေ့မှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာအတွက် ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ အီရန်က အရင်တုန်းက ခြိမ်းခြောက်ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အီရန်တော်လှန်ရေးအစောင့်တပ်အဖွဲ့ဝင် ၇ ယောက်နဲ့ ဆီးရီးယားနိုင်ငံသား ၆ ယောက် thayဆုံးခဲ့ပါတယ်။

ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုကိုလုပ်ခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ဖော်ပြောဆိုတာမျိုးမရှိပေမဲ့ အဲဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အစ္စရေးရှိနေခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ကြပါတယ်။

၂၀၂၄ ဧပြီ ၁၄ရက်အစောပိုင်းမှာ အစ္စရေးတောင်ပိုင်းကပစ်မှတ်တွေဆီကို ပစ်လွှတ်လိုက်တဲ့ ဒရုန်း ဒါမှမဟုတ် တာဝေးပစ်ဒုန်းတွေကို ဂါဇာတောင်ပိုင်းကနေ မြင်တွေ့ရပုံ။ အစ္စရေးစစ်တပ်ရဲ့အဆိုအရ အီရန်က အစ္စရေးပိုင်နက်ထဲကို တာဝေးပစ်ဒုံး တွေနဲ့ ဧပြီ ၁၄ရက်မနက်အစောပိုင်းမှာပစ်ခဲ့တယ်လို့ပြောပါတယ်။ အစ္စရေးစစ်တပ်က ပြည်သူတွေကို လုံခြုံရေးသတိပေးချက်ညွှန်ကြားချက်တွေအတိုင်း နိုးနိုးကြားကြားနေ ကြဖို့ သတိပေးခဲ့ပါတယ်။

,အီရန်က အစ္စရေးကို ဒရုန်းတွေအပြင် တာဝေးပစ်ဒုံးတွေနဲ့ပါ ဧပြီလ ၁၄ ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်

အသာစီးရရှိမှုတွေနဲ့ ဆုံးရှုံးမှုတွေက ဘာတွေလဲ

အီရန်ကတော့ အစ္စရေးပေါ် သူ့ရဲ့တိုက်ခိုက်မှုက အောင်မြင်တယ်လို့ ကြွေးကြော်ပါတယ်။

ဒါပေမဲ့ လန်ဒန်အခြေစိုက် အာရပ်-အီရန်ဆိုင်ရာ လေ့လာရေးစင်တာရဲ့ဒါရိုက်တာလည်းဖြစ်၊ အီရန်သုတေသီလည်းဖြစ်တဲ့ အလီ နျူရီ ဇဒက်ကတော့ အီရန်ရဲ့အခုတိုက်ခိုက်မှုဟာ ကစားပွဲတစ်ခုမှာအမှတ်ရသလို အီရန်အတွက် တစ်မှတ်မှမရခဲ့ဘူးလို့ သုံးသပ်ပါတယ်။ အစ္စရေးနိုင်ငံထဲက ပစ်မှတ်တစ်ခုမှမထိခဲ့လို့ ဒီတိုက်ခိုက်မှုဟာ အီရန်အစိုးရရဲ့အားနည်းချက်ကို လှစ်ဟပြသလိုတောင်ဖြစ်နေတယ်လို့ သူက ထပ်ဖြည့်ပြောထားပါသေးတယ်။

အီရန်နိုင်ငံထဲက လူအချို့အတွက် ဒါက လှောင်ပြောင်စရာတစ်ခုအဖြစ်ရှိခဲ့ပါတယ်။

အီရန်က နိုင်ငံတကာနဲ့ပြည်တွင်းရေးမှာ ပိုပြီးအောင်မြင်လာနိုင်စရာတယ်လို့ ယုံကြည်ပါတယ်။

ဇဒက်ရဲ့အပြောအရ အီရန်ဘက်ကသာ ”စိတ်ဓာတ်စစ်ဆင်ရေး” ပဲ လုပ်မယ်ဆိုရင်တောင် ရှိရင်းစွဲ အောင်မြင်မှုထက် ကျော်လွန်တာသွားနိုင်ခဲ့မှာလို့ သူကယုံကြည်ပါတယ်။

အစ္စရေးရဲ့လက်ချက်လို့ အီရန်ဘက်က စွပ်စွဲထားတဲ့ ဧပြီ ၁ ရက်လေကြောင်းတိုက်ခိုက်မှုမှာ ပျက်စီးသွားတဲ့ ဒမားစကတ်မြို့က အီရန်ကောင်စစ်ဝင်ရုံး(လက်ယာဘက်)က ရုံးအဆောက်အအုံ

တစ်ဖက်မှာလည်း အစ္စရေးဘက်က အရေးပေါ်တပ်လှန့် သတိပေးမှုတွေအမြင့်ဆုံးကြေညာခဲ့ရတာနဲ့တင် တစ်ပန်းရှုံးခဲ့တယ်လို့ တဲလ်အဗီးတက္ကသိုလ်က မိုရှေးဒါရန်စင်တာရဲ့ အရှေ့အလယ်ပိုင်းလေ့လာရေးဆိုင်ရာ သုတေသနပညာရှင် ဒေါက်တာအဲရစ် ရန့်စကီက ပြောပါတယ်။ ဒီတုံ့ပြန်ရေးအစီအမံတွေက အစ္စရေးပြည်သူတွေကြား သောကပွားစေပြီး နောက်ထပ် အလားတူ တိုက်ခိုက်မှုတွေကိုဖြစ်လာမှာ စိုးရိမ်မှုမျိုး ဖြစ်လာစေတယ်လို့လည်း သူက ပြောပါတယ်။

သုတေသီ ဇဒက်ကတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုဟာ အခုဆိုပိုပြီးတော့ သြဇာရှိလာသယောင်တောင် ခံစားနေရလိမ့်မယ်လို့ ပြောပါတယ်။ ဧပြီ ၁၄ တိုက်ခိုက်မှုမတိုင်ခင်တုန်းက ဝေဖန်မှု ကြီးကြီးမားမားကြုံနေရာကနေ အီရန်တိုက်ခိုက်မှုက အစ္စရေးကို အမေရိကန်အပြင် အနောက်မဟာမိတ်မိတ်နိုင်ငံတွေနဲ့ပါ ခိုင်ကြည်တဲ့ဆက်ဆံရေးပြန်လည်ထူထောင်နိုင်အောင် အထောက်အကူဖြစ်စေခဲ့ပါတယ်။

ဒီတိုက်ခိုက်ခံရမှုကနေ အစ္စရေးအမြတ်ရတာတွေရှိပေမဲ့ တစ်ဖက်မှာလည်း တနည်းတဖုံဆုံးရှုံးရတာ တွေလည်းရှိတယ်လို့ အစ္စရေးသုတေသီက ပြောပါတယ်။

အစ္စရေးဟာ အရှေ့အလယ်ပိုင်းက အင်အားအရွေ့ကို မခန့်မှန်းတတ်သေးတာပေါ်လွန်နေပြီး သူ့နယ်နယ်နိမိတ်တွေထဲကနေ အီရန်ရဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့ မစွမ်းသာသေးဘူးဆိုတာလည်း ဒီတိုက်ခိုက်မှုကို ကြည့်ရင်သိနိုင်တယ်လို့ သူက ပြောပါတယ်။

တခြားနိုင်ငံတွေရဲ့ထောက်ခံမှုပြန်ရလာခြင်း

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုပုခုံးကိုဖက်ထားတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်(ပုံဟောင်း)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အီရန်တိုက်ခိုက်မှုမှာ အစ္စရေးကိုထောက်ခံကြောင်း ပြသနေပါတယ်

အစ္စရေးသုတေသနပညာရှင် အဲရစ်ရန့်စကီကလည်း ဒီတိုက်ခိုက်မှုဟာ အစ္စရေးအတွက် နိုင်ငံရေးအလှည့်ပြောင်းတစ်ခုတောင် ဖြစ်လာတယ်လို့ သူကပြောပါတယ်။ ဘာကြောင့်လဲဆိုရင် အစ္စရေးဟာ လွန်ခဲ့တဲ့လပေါင်းများစွာတုန်းက မရရှိခဲ့တဲ့ အနောက်အင်အားစုရဲ့ထောက်ခံချက်ကို ပထမဆုံးအကြိမ် ပြန်ရတာကြောင့် ဖြစ်ပါတယ်။

အစ္စရေးဟာ ဒီနိုင်ငံတွေရဲ့ထောက်ခံမှု အထူးသဖြင့် ဆက်ဆံရေးတင်းမာခဲ့တဲ့ အမေရိကန်ရဲ့ထောက်ခံမှုကို ပြန်လည်ရရှိနိုင်တယ်လို့လည်း သူက ပြောပါတယ်။

တစ်ဖက်မှာတော့ တဟီရန်ဟာ နိုင်ငံရေးအရဆိုရင် ပြည်တွင်းရေးရော ပြည်ပမှာပါ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ အီရန်သုတေသီ အလီ နျူရီ ဇဒက်က သုံးသပ်ပါတယ်။ အီရန်ဟာ အိမ်နီချင်းနိုင်ငံတွေရဲ့ထောက်ခံမှု ဆုံးရှုံးလိုက်ရသလို ဘယ်နိုင်ငံရဲ့ ထောက်ခံမှုကိုမှမရတော့ဘူးလို့ သူက ပြောပါတယ်။ အီရန်ကို အမေရိကန်နဲ့ စစ် မဖြစ် ဖြစ်အောင် အားထုတ်သူအချို့လည်းရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။

နှစ်နိုင်ငံစလုံးဟာ ပြည်တွင်းမှာ ဖိအားတွေကြုံနေရတယ်ဆိုတာကိုတော့ သုတေသီ နှစ်ဦးစလုံးက လက်ခံပါတယ်။

အစ္စရေးထဲမှာလည်း စိုးရိမ်ပူပန်မှုကြီးကြီးမားမားရှိနေတယ်လို့ ရန့်စကီက ထောက်ပြပါတယ်။ ပြည်တွင်း နိုင်ငံရေးပြဿနာတွေရှိနေချိန်မှာပဲ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ဓားစာခံတွေပြန်လွတ်ရေးကနေ စတင်တဲ့စစ်ပွဲဟာ တိုးတက်မှုတစ်စုံတရာမရှိတာကြောင့် ပြည်သူ‌တွေရဲ့ဒေါသ ပိုမြင့်တက်လာနေတယ်လို့သူကပြောပါတယ်။

အီရန်ခေါင်းဆောင် အရာတိုလာ အလီ ခါမေနီဟာ ပြည်သူတွေကြားမှာသာမက သူ့အစိုးရအဖွဲ့တွင်းက ထင်ရှားတဲ့ခေါင်းဆောင်တွေကြားမှာပါ အတော်လေးဖိအားပေးခံနေရတယ်လို့ သူယုံကြည်တဲ့အကြောင်း ဇဒတ်က ပြောပါတယ်။

“အယ်လ် ကွက်စ် တပ်ဖွဲ့က ခေါင်းဆောင် ၇ ဦးကို အစ္စရေးက thetခဲ့ပြီးတဲ့နောက်မှာ အစောင့်တပ်(အီရန်တော်လှန်ရေးအစောင့်တပ်)ဘက်က ဖိအားပေးတာ ရှိနေပါတယ်။ လက်စားခြေဖို့ အစောင့်တပ်ဘက်က လိုလားနေတာလေ”

‘ပစ်ခတ်မှုနဲ့အတူပါလာတဲ့သတင်းစကား’

အစ္စရေးပေါ်ပစ်လွှတ်လိုက်တဲ့ ဒရုန်း ဒါမှမဟုတ် တာဝေးပစ်ဒုံးဓာတ်ပုံ

,အီရန်က အစ္စရေးကိုတိုက်ခိုက်တာဟာ ဒမားစကတ်မှာရှိတဲ့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တုံ့ပြန်တာဖြစ်တယ်လို့ပြောပါတယ်
“ရုတ်တရက်တိုက်လိုက်တယ်ဆိုပေမဲ့ မထူးဆန်းတော့တဲ့ရုတ်တရက်တိုက်ခိုက်မှုလိုပဲ ပြောရမယ်ဗျ” လို့ ဘေရွတ်မြို့မှာရှိတဲ့ အရှေ့အလယ်ပိုင်းမဟာဗျူဟာလေ့လာရေးစင်တာ အမှုဆောင်လည်းဖြစ်၊ စစ်ဘက်နဲ့ မဟာဗျူဟာအရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ လက်ဘနွန်အငြိမ်းစားဗိုလ်ချုပ် ဟီရှန်ဂျေဘားက ဘီဘီစီ အာရဗီဘာသာစကားဌာနကိုပြောပါတယ်။

အစ္စရေးက ထိတ်လန့်စိတ်ဖြစ်နေခဲ့ချိန်မှာ သီတင်း ၂ ပတ်အထိအကြာခဲ့တဲ့ ”စစ်ဓာတ်စစ်ဆင်းရေး” ပြီးမှပဲ အမှန်တကယ်လေကြောင်းတိုက်ခိုက်မှုပေါ်ခဲ့တာကြောင့်လို့ သူကသုံးသပ်ပါတယ်။

အခြေခံအဆောက်အုံပိုင်း အသောင်းကနင်းဖြစ်တာနဲ့ အစ္စရေးပြည်သူများစွာ အိုးအိမ်စွန့်ခွာတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာပါ ပျက်စီးမှုဖြစ်စေခဲ့တယ်လို့ သူကပြောပါတယ်။

ဂျေဘားက အီရန်ရဲ့ “စစ်ဆင်ရေး” ကို “ပစ်ခတ်မှုနဲ့အတူပါလာတဲ့သတင်းစကား”လို့ ရည်ညွှန်းသုံးနှုန်းပါတယ်။ ဒီတိုက်ခိုက်မှုဟာ အစ္စရေးနိုင်ငံထဲကို ဘယ်လောက်အထိ ထိုးဖောက်နိုင်တယ်ဆိုတာနဲ့ အစ္စရေးလေကြောင်းကာကွယ်ရေး ဘယ်လောက်အသင့်ရှိလဲဆိုတာကိုလည်း စမ်းသပ်မှုဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အီရန်အတွက် စစ်ရေးနဲ့ဗျူဟာအရ အကျိုးဖြစ်စေခဲ့သလို အီရန်ဘက်က ပြီးခဲ့တဲ့နှစ်တွေအတွင်းပြောထားတဲ့ “ဗျူဟာကျကျစိတ်ရှည်ရှည်စောင့်တဲ့မူဝါဒ”အရ ဆုံးရှုံးသွားတဲ့ နိုင်ငံရေးသိက္ခာအချို့ကို ပြန်အဖက်ဆယ်ပေးနိုင်ခဲ့တယ်လို့ သူက ယုံကြည်ပါတယ်။

အီရန်ဟာ အစ္စရေးလေကြောင်းကာကွယ်ရေးစနစ် ရှုပ်ထွေးသွားအောင် သူ့ရဲ့ဒရုန်းပေါင်းမြောက်များစွာကို သုံးခဲ့တာလို့လည်း စစ်ရေးကျွမ်းကျင်သူ လက်ဘနွန် ဗိုလ်ချုပ်ဟောင်း ဂျေဘားက ယုံကြည်ပါတယ်။ အစ္စရေးရဲ့ ဒုံးခွင်းဒုံးစနစ်ဟာလည်း တာဝေးပစ်ဒုံးတိုင်းကို ကြားဖြတ်မတိုက်နိုင်ခဲ့လို့ အရှေ့အလယ်ပိုင်းက အမေရိကန်နဲ့ ဗြိတိန် စစ်အခြေစိုက်စခန်းတွေကနေ ကူပစ်ပေးခဲ့ကြရတာကို သူကထောက်ပြပါတယ်။

“အစ္စရေးကသာ စစ်ရေးအရတုံ့ပြန်ဖို့ ရွေးချယ်ရင်” လို့ ဂျေဘားက ပြောပြီး “ အစ္စရေးဟာ အီရန်ပြည်တွင်းထဲအထိ သူ့ဒုံးကျည်တွေရောက်အောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဟိုးအတွင်းပိုင်းအထိတော့ ရောက်နိုင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆို အီရန်ဘက်ကလည်း ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်နိုင်တယ်ဆိုတော့လေ”

“အစ္စရေးလေယာဉ်တွေက အီရန်ကို ပစ်မှတ်တိတိကျကျနဲ့လေကြောင်းကနေ ဗုံးကြဲနိုင်တယ်ဆိုရင်တောင် ဒီလေယာဉ်တွေက အာရပ်နိုင်ငံတွေပေါ်ကို ဖြတ်ပျံသန်းရမှာဖြစ်တယ်။ နောက်ပြီး ဒေသတွင်းထဲက မေရိကန်စစ်ခြေစိုက်စခန်းတွေကနေ တိုက်တာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ အီရန်ဘက်က ဒါကို သတိပေးထားသလို အမေရိကန်ကလည်း ခွင့်ပြုနိုင်ခြေမရှိလောက်ဘူး” လို့ သူကဖြည့်စွက်ပြောထားပါတယ်။

,ဆီးရီးယားမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံး ဧပြီ ၁ရက်မှာ တိုက်ခိုက်ခံရပြီးနောက် တဟီရန်မှာ ဆန္ဒ ထုတ်‌ဖော်တာတွေရှိခဲ့ပါတယ်

ယုံကြည်မှုလမ်းကြောင်း ပြန်လည်ဆောင်ကျဥ်းလာ

လန်ဒန်စီးပွားရေးပညာကျောင်းရဲ့ နိုင်ငံတကာဆက်ဆံရေးပညာဆိုင်ရာ ပါမောက္ခ ဖာဝဇ် ဂါဂျက်ဇ်ကတော့ ဒီတိုက်ခိုက်မှုတွေကနေ အစ္စရေးက အီရန်နဲ့ယှဥ်ရင် အကျိုးမြတ်ရတာပိုများတယ်လို့ ပြောပါတယ်။

အီရန်တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ ပြောပလောက်တဲ့ထိခိုက်thayကြေပျက်စီးတာမရှိခဲ့ပေမဲ့ အခုဆို အနောက်နိုင်ငံတွေက အစ္စရေးကို ထောက်ခံနေပြီလို့ သူကထောက်ပြပါတယ်။ အမေရိကန်ကလည်း အစ္စရေးကိုlat nat ၊ ထောက်လှမ်းရေးသတင်းအချက်အလက်ဆိုင်ရာပူးပေါင်းမှုနဲ့ ငွေကြေးထောက်ပံ့မှုတွေပေးဖို့ ကြိုးပမ်းနေပြီလို့ သူက ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း အစ္စရေးကိုခံရသူအဖြစ် ပုံဖော်ပေးနေပြီး စက်မှုထိပ်သီး ၇ နိုင်ငံ(G7) အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အစ္စရေးကို အကူအညီတွေ ပေးဖို့ ထိပ်သီးဆွေးနွေးပွဲခေါ်နေတာကိုလည်း သူက ထောက်ပြပါတယ်။

“ဂါဇာမှာဖြစ်နေတဲ့ အလွန်ဆိုးရွားတဲ့ဖြစ်ရပ်တွေကနေ ခဏလေးပဲဖြစ်ဖြစ်အာရုံလွှဲပေးခံထားရတာဆိုတော့ နေတန်ညာဟုအနေနဲ့ နိုင်ငံရေးအမြတ်ထွက်တာပေါ့” လို့ ဂါဂျက်ဇ်က မှတ်ချက်ပေးပါတယ်။

ဂါဇာက ကြမ်းကြုတ်ရက်စက်မှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း အနောက်နိုင်ငံတွေက အစ္စရေးအပေါ် အပြင်းအထန်ဝေဖန်ရှုံ့ချနေရချိန်မှာ အခုလို အနောက်နိုင်ငံတွေနဲ့ အထူးသဖြင့် သမ္မတဂျိုးဘိုင်ဒန်နဲ့ဆက်ဆံရေး ပြန်တည် ဆောက်နိုင်တာက နေတန်ညာဟုအတွက် အကျိုးရှိမှာဖြစ်တယ်လို့ သူကထောက်ပြထားပါသေးတယ်။

အစ္စရေးကပစ်မှတ်တွေဆီရောက်လာတဲ့ အီရန်တာဝေးပစ်ဒုံးတွေနဲ့ ဒရုန်းတွေကို အစ္စရေးဒုံးခွင်းဒုံးစနစ်က နိုင်ငံတကာအကူညီနဲ့အတူကာကွယ်နိုင်ခဲ့ပါတယ်

,အစ္စရေးကပစ်မှတ်တွေဆီရောက်လာတဲ့ အီရန်တာဝေးပစ်ဒုံးတွေနဲ့ ဒရုန်းတွေကို အစ္စရေးဒုံးခွင်းဒုံးစနစ်က နိုင်ငံတကာအကူညီနဲ့အတူကာကွယ်နိုင်ခဲ့ပါတယ်

‘အစ္စရေးအတွက် ဗျူဟာကျကျ ကျဆုံးမှု’

တစ်ဖက်မှာလည်း ဂါဂျက်ဇ် အစ္စရေးရဲ့အားနည်းချက်ကို မြင်ထားပါတယ်။ နိုင်ငံရဲ့ အားနည်းချက်ကပေါ်သွားတာမို့ ဗျူဟာအရကျဆုံးခန်းပဲလို့ သူကပြောပါတယ်။

အီရန်က အစ္စရေးကို ထိပ်တိုက်တွေ့မှု ဘယ်လောက်အထိ စိတ်ဆန္ဒရှိတယ်ဆိုတာကို အီရန်ပြည်သူတွေ၊ မဟာမိတ်တွေနဲ့ ရန်သူတွေကို ပြသပြီးရာရောက်တာမို့ နိုင်ငံရေးအမြတ်ထွက်တယ်လို့လည်း သူက ပြောထားပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျော်ဒန်တို့က အီရန်တာဝေးပစ်ဒုံးများစွာကို ကူးပစ်ပေးခဲ့ရတာကြောင့် အစ္စရေးဟာ သူ့ကိုယ်သူတစ်နိုင်ငံတည်း မကာကွယ်နိုင်ဘူးဆိုတာ အီရန်က သက်သေပြပြီးဖြစ်နေတာကို ဂါဂျက်ဇ် ယုံကြည်လက်ခံပါတယ်။

”အစ္စရေးက အီရန်ပေါ် အကြိမ်ကြိမ်တိုက်နေရတဲ့ အန္တိမရည်ရွယ်ချက်ကတော့ အီရန်က အားနည်းတယ် တေ့တေ့ဆိုင်ဆိုင်ထွက် မတိုက်ရဲဘူးဆိုတာကို ပြချင်လို့သာဖြစ်တယ်” လို့သူကပြောပါတယ်။ ဒါပေမယ့် ဒီအမြင်ကို အီရန်တိုက်ခိုက်မှုက ပြောင်းပေးလိုက်ပါပြီလို့ သူက ပြောပါတယ်။

နှစ်နိုင်ငံလုံးက အရှိန်တင်ကြဖို့ သန္နိဋ္ဌာန်တွေချထားတာမို့ “အခု ဒေသ(အရှေ့အလယ်ပိုင်းဒေသ)ကမုန်တိုင်း ဗဟိုချက်မှာ ရောက်နေတယ်” လို့ ဂါဂျက်ဇ်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသဟာ နိုင်ငံရေးအရကော၊ စစ်ရေးနဲ့ စီးပွားရေးအရပါ ချောက်ကမ်းပါးစွန်းမှာ ရောက်နေပြီလို့ သူက သတိပေးထားပါတယ်။

ရေးသားသူ –BBC BUrmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။