အဘယဇာတကအင်း

Astrology
အဘယဇာတကအင်း

ဘေးရန်ကင်း၊ အန္တရာယ်ရှင်းစေနိုင်သော လွန်စွာမှအစွမ်းထက်သည့်အင်းဖြစ်သည်။သွားလေရာ ဆောင်ယူသွားပါက ဘေးရန်ကင်းပြီး၊ အန္တရာယ်ရှင်းကြောင်းကို သာဓကများစွာ ပြနိုင်ပါသည်။ နေအိမ် ဘုရားစင်၌ထားပါကလည်း အတွင်းရန်၊ အပြင်ရန်များ မကျရောက်နိုင်ပါ။ပယောဂ၊ စုန်းပူး၊ သရဲပူးများကို လည်း ထို ‘အဘယဇာတကအင်း’ နှင့် ကုသနိုင်ပါသည်။ မကောင်းဆိုးရွားများအား အလွန်နိုင်၏။

စစ်ကိုင်းနယ်ရှိ တောင်ဖီလာဘေးမဲ့တော နယ်နိမိတ်ကျောက်တိုင်ထက်၌ ၎င်း ‘အဘယဇာတကအင်း’ ကို ထုထွင်း၍ ထားရစ်ခဲ့၏။ မင်းတုန်းမင်းတရားကြီးက တောင်ဖီလာတောကို ဘေးမဲ့တောအဖြစ် နယ်နိမိတ် သတ်မှတ်ပြီး ကျောက်တိုင်စိုက်ထူသွားခဲ့ခြင်းဖြစ်၏။ ရှေးမြန်မာပညာရှိကြီးများက ဘေးမဲ့တော အတွင်းရှိ တိရစ္ဆာန်များ အန္တရာယ်ကင်းအောင် နယ်နိမိတ် ကျောက်တိုင်ထိပ်မှာ ‘အဘယဇာတကအင်း’ ကို စီမံပြီး ထုထွင်းထားခဲ့ခြင်းဖြစ်၏။

ရှင်တော်မြတ်စွာဘုရား ပါရမီဖြည့်စဉ်ကာလက ဘဝပေါင်း ၁၃၆ ဘဝတွင် ဘေး အန္တရာယ်ကင်းရှင်းစွာ ပါရမီဖြည့်ကျင့်နိုင်ခဲ့သော်လည်း ကျန်သောဘဝများ၌ အနှိပ်စက်၊ အညှင်းပန်း ခံခဲ့ရရုံမျှမက အသက်ကိုပင် အန္တရာယ်ပြုရန်ရှာ ခံခဲ့ရကြောင်းတွေ့ရှိရပါသည်။ ထိုအန္တရာယ်ကင်းသော ၁၃၆ ဘဝကို ရည်စူးပြီး “အစကြိုးကြာ ၁၆ ခါ” အစချီသော ဘုရားရှိခိုး လင်္ကာရှိ၏။ ထိုဘုရားရှိခိုးလင်္ကာကို အခြေပြုပြီး “အဘယဇာတကအင်း” ဖြစ်ပေါ်လာပါသည်။

‘‘အစကြိုးကြာ၊ ဆယ့်ခြောက်ခါတည့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကားခို၊ ကျေးညို သုံးခါ၊ သံသာကျူးဟိတ်၊ ကရဝိတ်ငါး၊ လေးပါးကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကား တစ်ဆယ်၊ ဆင်ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဧကေးသိန္ဓာ၊ ကျွဲအဋ္ဌနှင့်၊ သံမြကြာညောင်း၊ ဥဒေါင်းနှစ်ခါ၊ သာလိကာသတ္တ၊ ဒွါသကြက်၊ ဝက်ကား ဆယ့်သုံး၊ ပေါင်းရုံးများစွာ၊ တစ်ရာသုံးဆယ်၊ ခြောက်ဖြစ် ဝယ်၌၊ အန္တရာယ်တစ်စိ၊ ဘေးမရှိသည်၊ မုနိမြတ်လောင်း၊ ဖြစ်တော်ပေါင်းကို၊ ညွှတ်ပျောင်းတုပ်ကွ၊ ပဏာမဖြင့်၊ ကြည်မွသဒ္ဓါ၊ ရှိခိုးပါ၏။”

ကြိုးကြာ …. ၁၆
ဟင်္သာ …. ၉
ခို …. ၆
ကျေးညို …. ၃
ကရဝိတ် …. ၅
ကိန္နရီ …. ၄
စာမရီ …. ၁၅
မျောက် …. ၁၀
ဆင် …. ၁၁
နွား … ၁၄
သိန္ဓာ …. ၁
ကျွဲ …. ၈
ဥဒေါင်း …. ၂
သာလိကာ …. ၇
ကြက် …. ၁၂
ဝက် …. ၁၃
——————————————————
စုစုပေါင်း – ၁၃၆ ဘဝ

ထိုဘုရားရှိခိုးလင်္ကာအရရှိသော ကိန်းဂဏန်းများကို အင်းကွက် ၁၆ ကွက်ထဲမှ ရထား သွားနဲ့ အင်းဆံသွင်းလိုက်ပါက‘အဘယဇာတကအင်း’ ရရှိပါသည်။ ထူးခြားချက်မှာ . . အင်းဆံ (ကိန်းဂဏန်းများ) ကို အလျားလိုက်လေးကွက်ဖြစ်စေ၊ ဒေါင်လိုက်လေးကွက်ဖြစ်စေ၊ ကြက်ခြေ ခတ်လေးကွက်ဖြစ်စေ၊ နီးစပ်ရာလေးကွက်ကိုဖြစ်စေ ပေါင်းလိုက်ပါက ပေါင်းလာဒ် ၃၄ သာရရှိ၏။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။