ရန်ကုန်တွင် ကိုဗစ်မပြန့်ပွားရေး ဂရုစိုက်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ သတိပေး

Health

ရခိုင်ပြည်နယ်၊ စစ်တွေတွင် ကူးစက်ဖြစ်ပွားနေသော ကိုဗစ် ၁၉ ကူးစက်မှုနှင့် ပတ်သက်ပြီး ရန်ကုန်ကိုလည်း အထူးသတိထားစေလိုကြောင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ကူးစက်ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းပြောကြားခြင်းကို ယနေ့(သြဂုတ် ၂၄)ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ၈ နာရီသတင်းတွင် ထုတ်လွှင့်ခဲ့ပြီး ယင်းအစီရင်ခံမိန့်ခွန်းတွင် သတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

“သြဂုတ် ၁၆ ရက်နေ့မှာ ဒီရောဂါပိုးစပြီးတော့ ပြန့်ပွားတယ်လို့ ကျွန်မတို့ ခန့်မှန်းရပါတယ်။ အဲဒီအချိန် နောက်ပိုင်းမှာ စစ်တွေဖက်ကနေ ရန်ကုန်ကို လေယာဉ်ခရီးနဲ့လာတဲ့ပြည်သူတွေရှိတယ်လို့ ကျွန်မတို့ကြား ရပါတယ်။ အဲဒီလိုရှိခဲ့ရင် အနီးဆုံးကျန်းမာရေးဌာနကို ဆက်သွယ်ပါ။ ရောက်ခဲ့ပါတယ်၊ သွားခဲ့ပါတယ်ဆိုပြီး တော့ အစစ်ဆေးခံပါ။ လိုအပ်ရင် ကုသမှုကို အမြန်ဆုံးရနိုင်မှာဖြစ်ပါတယ်”ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပတ်ဝန်းကျင်ရှိ ပြည်သူများအနေဖြင့်လည်း မိမိတို့ လမ်းအတွင်း အိမ်အနီးအနားတွင် ကူးစက်မှုဖြစ်ပွားနေသည့် ဒေသမှ ပြန်လာသူများရှိပါက အသိပေးပြောကြားရန်လိုအပ်ပြီး ထိုလုပ်ရပ်သည် ကုန်းတိုက်ခြင်းမဟုတ်ဘဲ အားလုံးအတွက် လုပ်သင့်သော အလုပ်ကို လုပ်ကိုင်ခြင်းဟု ယူဆစေလိုကြောင်းလည်း အတိုင်ပင်ခံက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် ပြည်ပသို့ခရီးသွားခြင်း၊ ရောဂါရှိသူနှင့် ထိတွေ့ခဲ့ခြင်းမရှိသည့် အမျိုးသမီးတစ်ဦးတွင်(လူနာအမှတ် ၄၆၄)ကိုဗစ်ပိုးတွေ့ရှိကြောင်း ယနေ့ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ၎င်းသည် စစ်တွေမြို့သို့ ခရီးသွားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မှ ပြင်ပသို့ သွားလာခြင်းကို မပြုလုပ်ဘဲ ရောဂါပိုးရှိပါက မိမိသွားရောက်သည့်ဒေသသို့ တစ်ပါတည်းပါသွားမည်ဖြစ်၍ မိမိဒေသတွင်ပင်နေထိုင်ရန်လိုအပ်ပြီး ရောဂါကာကွယ်ရေးစည်းကမ်းချက်များ ဖြစ်သော နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ အတတ်နိုင်ဆုံး အိမ်တွင်နေထိုင်ခြင်းနှင့် လူစုလူဝေး ရှောင်ကြဉ်ခြင်းများကို တိတိကျကျလိုက်နာရန်လိုအပ်ကြောင်းလည်း အတိုင်ပင်ခံက ပြောကြားသည်။

Leave a Reply