ကိုဗစ် ၁၉ ရောဂါဆိုတာ လူတွေရဲ့ အကြင်နာကင်းမဲ့မှုကြောင့်လား(ဒါမှမဟုတ်)

Knowledge

Covid 19 ( The curse of animals)
ကိုဗစ်-၁၉(သို့မဟုတ်) တိရစ္ဆာန်တို့ရဲ့ ကျိန်စာ

အားလုံးသိပြီးပါပြီ။ ဝူဟန်မြို့ရဲ့ တောရိုင်းအသားရောင်းတဲ့ စျေးတန်းကနေ ကိုဗစ်-၁၉ စခဲ့တာဆိုတာ။ ဒါပေမယ့် မီဒီယာတွေ သိပ်ပြောလေ့မရှိတာကတော့ ဒီရောဂါဟာ တိရစ္ဆာန်အသားကို လူတွေ စားရာကနေရလာတဲ့ ပထမဆုံးသော ရောဂါမဟုတ်ဘူးဆိုတာပါပဲ။ H1N1 ကြက်ဌက်တုပ်ကွေးရောဂါ၊ mad cow disease လို့ခေါ်တဲ့ နွားရူးရောဂါ၊ SARS၊ အီဘိုလာ နဲ့ နောက်ဆုံး (တချို့ ခန့်မှန်းချက်အရဆို) AIDS တောင်မှ တိရစ္ဆာန်တွေရဲ့ အသားကို စားလို့သော်လည်းကောင်း၊တိရိစ္ဆာန် မွေးမြူရေး အသားထုတ်လုပ်ရေး စက်ရုံ၊ သားသတ်ရုံကသော်လည်းကောင်း စတင်ခဲ့တဲ့ ရောဂါတွေဖြစ်ပါတယ်။ ဒီလို လူသိများတဲ့ ရောဂါတွေတင်မဟုတ်ဘူး။ ကူးစက်မှုနည်းလို့ လူမသိသူမသိ ဖြစ်ပေါ်လာတဲ့ ရောဂါတွေလည်း မနည်းလှပါဘူး။

ဒီလိုမျိုး တိရစ္ဆာန်တွေရဲ့ ငရဲခန်းကနေပြီး လူတွေအတွက်သေလောက်အောင်ပြင်းထန်ပြီး ကူးစက်နိုင်တဲ့ ရောဂါမျိုးစုံထွက်လာတာလည်း တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ပထမဆုံးအချက်အနေနဲ့ သဘာဝနဲ့ လုံးဝဆန့်ကျင်စွာနဲ့ သောင်းနဲ့ချီတဲ့ တိရစ္ဆာန် (ကြက်၊ဝက်၊ ကြက်ဆင်၊နွား)တွေကို နေရောင်ခြည် လုံးဝမရဘဲ လေကောင်းလေသန့် တစ်စိုးတစ်စိမှ မရှိတဲ့ အခန်းတွေမှာ သူတို့ရဲ့ ချေး၊သေးတွေကြားမှာ သူတို့တစ်ဘဝလုံးနေသွားစေတာပါပဲ။ (ဒီနေရာမှာ ငါတို့က သဘာဝကိုမလွန်ဆန်ဘူးကွ။ ဒါကြောင့်အသားစားတာဆိုသူတွေကို ရယ်ချင်မိပါတယ်။) တစ်ကောင်နဲ့ တစ်ကောင် ဆိတ်မိ၊ တက်နင်းမိ၊ ကိုက်မိတာတွေလည်း မနည်းပါဘူး။

လူတွေရဲ့ သိပ္ပံနဲ့ စက်မှုပညာ ထွန်းကားလာတာနဲ့ အမျှ တိရစ္ဆာန်တွေရဲ့ ဘဝဟာ ယနေ့ ဘာသာရေးတရားတွေမှာ ဟောတဲ့ ငရဲထက်ကို အဆပေါင်းများစွာ ဆိုးရွားတဲ့ ငရဲခန်းမှာ ကုန်ဆုံးရပါတယ်။ ဗိုက်တာမင်အေနဲ့ ဒီကို အားဆေးအဖြစ်နဲ့ ထုတ်လုပ်နိုင်ပြီး အဲဒီဆေးတွေကို တိရစ္ဆာန်တွေကျွေးတဲ့အခါမှာ အပြင်မှာ ကျောင်းစရာမလိုဘဲ အသားတိုးတယ်ဆိုတာ သိလာတာနဲ့ သူတို့ကို အလွန်ကျဉ်းကျပ်ပြီး ရောဂါထူပြောတဲ့ နေရာတွေမှာ အပြင်လုံးဝ မကျောင်းတော့ပဲ မွေးမြူလာကြပါတယ်။ စားသုံးသူတွေက စျေးပေါပေါ အသားတွေ လိုလားတောင့်တလေ၊ အစားခံသူတွေရဲ့ဘဝတွေဆိုးရွားလေပါပဲ။

တစ်ချက်လေးစဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကို ဝက်တစ်ကောင်အနေနဲ့။ ဝက်ဆိုတာမျိုးဟာ ကျွန်တော်တို့ ချစ်တဲ့ ခွေးတွေထက်တောင် ဉာဏ်ရည်မြင့်ပါသေးတယ်။ မွေးကတည်းက လည်လှီးပြီး အသတ်မခံရခင် အချိန်အတွင်းမှာ နေရောင်ခြည်နဲ့ ထိတွေ့ခွင့်မရပါဘူး။ မွေးခါစမှာ ထုံဆေးမပါပဲ အမြီးဖြတ်ခံရပါမယ်။ ဟိုဘက်ဒီဘက်တောင်လှုပ်လို့မရတဲ့ နေရာကျဉ်းကျဉ်းလေးမှာ ကိုယ့်ချေးသေးတွေ သူများ ချေးသေးတွေကြားမှာ ရေလုံးဝချိုးခွင့်မရပဲ တစ်ဘဝလုံး နေသွားရမှာပါ။ တစ်ခါတစ်ရံ သူများအနင်းခံရအုံးမယ်။ လေကောင်းလေသန့်ဆိုတာ အိပ်မက်တောင် မက်လို့မရပါဘူး။ stress ရယ် နေရောင်ခြည်မဲ့တာရယ်။ လေကောင်းလေသန့်မဲ့တာရယ်။ မစင်ရယ်။ အကိုက်ခံအနင်းခံရတဲ့ ဒဏ်ရာတွေရယ် တစ်ကောင်နဲ့တစ်ကောင်ပြွတ်သိပ်နေရတာရယ် ပေါင်းလိုက်ရင် ရောဂါကလွဲပြီး တခြားဘာမှ မရှိပါဘူး။

အဲလိုအခြေအနေမှာ ကြီးပြင်းရတဲ့ တိရစ္ဆာန်တွေမှာ ရောဂါထူပြောတာ လုံးဝမထူးဆန်းပါဘူး။ ဒီပြဿနာကို ကျွန်တော်တို့ ဉာဏ်ကြီးရှင်လူသားတွေက ဘယ်လိုဖြေရှင်းလည်း ဆိုတော့ antibiotic လို့ခေါ်တဲ့ ပိုးသတ်ဆေး တွေစွပ်တိုက်တော့တာပဲ။ တစ်ကမ္ဘာလုံးရဲ့ antibiotic သုံးစွဲမှုရဲ့ ၈၀% ဟာ လူတွေအတွက်မဟုတ်ဘဲ အသားစားဖို့မွေးထားတဲ့ တိရစ္ဆာန်တွေအတွက် ဖြစ်ပါတယ်။ အဲဒီတော့ antibiotic resistant ရတဲ့ ဘက်တီးရီယားတွေ နှစ်စဉ်နှစ်တိုင်း အလျှို အလျှိုထွက်လာကြတော့တာပါပဲ။

ဗိုင်းရပ်စ်လည်း ထို့အတူပါပဲ။ strain အသစ်တွေ လစဉ်လတိုင်းပေါ်လာပြီး တစ်ချိန်မဟုတ် တစ်ချိန်မှာ အဲဒီထဲက တစ်မျိုးဟာ လူတွေကိုကူးပြီး လူလူချင်းကူးနိုင်တဲ့ strain ရောက်ဖို့ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ ဒါကိုသိလို့လဲ ဘီလ်ဂိတ်လိုလူမျိုးက နှစ်နှစ်ကြိုပြီး သတိပေးခဲ့တာပါ။ အဲဒီတော့ လူတွေက ဟာဒီလူလုပ်တာပဲဆိုပြီး conspiracy တွေ ပေါက်ကရတွေလျှောက်ပြောတော့တာပဲ။ တကယ်တော့ microbiology အကြောင်းနည်းနည်းလေးဖြစ်ဖြစ်သိတဲ့သူ ဘယ်သူမဆို တွေးကြည့်လို့ရတဲ့ ကိစ္စမျိုးပါ။

တကယ်တိရစ္ဆာန်တွေကျိန်တတ်လား မကျိန်တတ်လားတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူတို့က ကျိန်သကဲ့သို့ သူတို့ကိုမတရား ညှင်းပန်းနှိပ်စက်တဲ့ ဒဏ်ကို ကျွန်တော်တို့တွေ ကိုဗစ်-၁၉ကနေ တဆင့် သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်ခံနေရတယ် ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒီလို industrial farm တွေ ရှိနေသရွေ့ ဒီလို ကပ်ရောဂါတွေ ဒီထက်ဆိုးတဲ့ ရောဂါတွေ လာအုံးမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

တိရစ္ဆာန်တို့ရဲ့ ကျိန်စာက ကပ်ရောဂါကနေ တဆင့်ပဲကျွန်တော်တို့ဆီရောက်တာမဟုတ်ပါဘူး။ သူတို့ဆီက အသားမှာ (အဆီတောင်မဟုတ်ဘူးနော်။ တကယ် အဆီဖယ်ထားတဲ့ အသားမှာတောင် အများကြီးပါတဲ့) ကိုလက်စရောနဲ့ ပြည့်ဝဆီတွေဟာ နာတာရှည်ရောဂါဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချို (type 2) ဖြစ်စေပြီး ကျွန်တော်တို့ရဲ့ ကိုယ်ခံအားကိုပါ ကျစေပါတယ်။ အသားစားနေတဲ့လူတစ်ယောက်ဟာ (တခြား အပြုအမူနဲ့ ဘဝအခြေအနေ အကုန်တူနေလို့ရှိရင်) မစားသူတစ်ယောက်ထက် ကိုဗစ်ကို ခံရနိုင်ခြေပိုများပါတယ်။ ဒါကြောင့် ကိုဗစ်ဟာ တိရစ္ဆာန်တွေရဲ့ တစ်ဆင့်ကျိန်စာပဲမဟုတ်ဘဲ နှစ်ဆင့်ကျိန်စာလို့ ပြောလို့ရပါမယ်။

ဒါကတော့ သတင်းဆိုးပါ။ သတင်းကောင်းကတော့ အပေါ်မှာပြောခဲ့တာ အားလုံးက လုံးဝရှောင်လွှဲလို့ရပါတယ်။ တိရစ္ဆာန်အသားဟာ လူ့ခန္ဓာကိုယ်အတွက် နည်းနည်းလေးတောင် မလိုပါဘူး။ လက်ရှိကမ္ဘာပေါ်မှာ အသန်မာဆုံးပုဂ္ဂိုဟ်ဖြစ်ပြီး ကမ္ဘာ့ အလေးမ စံချိန်ရှင် ဖြစ်တဲ့ Patrik Baboumian ဟာ အသားပြတ်သူ (ဝါ) ရာသက်ပန် သက်သတ်လွတ်စားသူတစ်ယောက်ပါ။

လူတွေလိုအပ်ပြီး တိစ္ဆာန် အသားကလွဲပြီး ကျန်တဲ့ နေရာမှာ မရဘူးဆိုတဲ့ ဓာတ် လုံးဝ၊ လုံးဝမရှိပါဘူး။ ပရိုတိန်းကစပြီး သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြား အဟာရဓာတ်တွေအကုန်လုံးနီးပါးက အသီးအရွက်၊ သစ်ဥသစ်ဖု၊ အစေ့၊ ကောက်ပဲသီးနှံတွေက ရပါတယ်။ ဗိုက်တာမင် ဘီ ၁၂ တစ်ခုတည်း အပင်က လံုလောက်စွာ ရဖို့ ခဲယဉ်းပါတယ်။ အဲဒါလည်းတိရစ္ဆာန်တွေဆီကရတာ မဟုတ်ပါဘူး။ ဘက်တီးရီးယားဆီကရတာပါ။ ခုလို နေရာတကာ ပိုးသတ်ထားတဲ့ခေတ်မှာ အသားစားသူတွေလည်း B12 နည်းတတ်လို့ အစားအစာ တော်တော်များများမှာ ဖြည့်စွက်အနေနဲ့ထည့်ထားပါတယ်။ နည်းနည်းပဲလိုတာဖြစ်တဲ့အတွက် အိုင်အိုဒင်းပါတဲ့ ဆားစားသလိုမျ်ုး ဘီ 12 ပါတဲ့ ပဲနို့သောက်လို့ရပါတယ်။

အဆုံးသတ်ပြောရရင် နောင်တိရစ္ဆာန်တွေရဲ့ ကျိန်စာ မသင့်အောင် သူတို့တွေရဲ့ အသားမစားဘဲ သူတို့တွေကိုပဲ သတ္တဝါချင်းကိုယ်ချင်းစာပြီး ကောင်းကောင်းဆက်ဆံသင့်ပါတယ်။ ကောင်းလည်းမကောင်း၊ လိုလည်းမလိုအပ်တာကို သိရက်နဲ့ ဆက်လုပ်နေရင် ဆေးလိပ်တို့အရက်တို့စွဲသလို အသားစွဲနေတာပဲ ဖြစ်ပါတယ်။ အမြန်ဆုံး အကူအညီယူပြီးဖြတ်သင့်ပါကြောင်း ကမ္ဘာ့သက်သတ်လွတ်နေ့ (World Vegan Day) မှာ အကြံပြု လိုက်ပါတယ်။

မူရင်းရေးသားသူ ဆရာ ရန်မင်းအောင်ထံမှကူးယူဖော်ပြသည်။

(မိုးနတ်မင်း Page ကို like & share ပြုလုပ်၍ ဗဟုသုတများ ဖတ်ရှုပါ။)

Leave a Reply