၂၀၂၀ မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ နဲ့ ဒုသမ္မတကို ဘယ်သူတွေကို ခန့်ထားနိုင်သလဲ?

Knowledge

၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီးမှာ NLD ပါတီက အမတ်နေရာ စုစုပေါင်း ၃၉၆ နေရာရရှိခဲ့ပြီး ယင်းအခြေအနေဟာ အစိုးရဖွဲ့နိုင်တဲ့ အမတ်အရေအတွက် ၃၂၀ ထက် များစွာကျော်လွန်နေတာဖြစ်ပါတယ်။ NLD ပါတီကပဲ ချွင်းချက်မရှိ အစိုးရဖွဲ့နိုင်မှာဖြစ်ပြီး အစိုးရနေရာခန့်ထားရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ များစွာအရေးပါလျက်ရှိပါတယ်။ အဲဒါကြောင့် အစိုးရအဖွဲ့မှာ အရေးကြီးဆုံးနေရာ ၂ နေရာဖြစ်တဲ့ သမ္မတနဲ့ ဒုသမ္မတ နေရာကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူတွေကို ခန့်ထားနိုင်ပါသလဲ။ ကျွန်တော်တို့ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရတော့ ဒီလူတွေဖြစ်နိုင်ပါတယ်။

သမ္မတဖြစ်လာနိုင်ချေရှိတဲ့လူတွေကတော့ – (၁) လက်ရှိသမ္မတကြီး ဦးဝင်းမြင့် – သမ္မတကြီးဦးဝင်းမြင့်ဟာ မြန်မာပြည်ရဲ့ (၁၀) ဦးမြောက်သမ္မတဖြစ်ပြီး လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေဆဲ သမ္မတတစ်ဦးလဲဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တာဖြစ်ပြီး အဲ့မတိုင်ခင်မှာတော့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ကိုထမ်းဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ သမ္မတကြီးဟာ လက်ရှိ အသက်(၇၀) ခန့်ရှိပေမဲ့ ကျန်းမာရေးကောင်းမွန်ပြီး မိမိတာဝန်ယူရတဲ့ သမ္မတတာဝန်ကို ကျန်းမာစွာ တာဝန်ထမ်းဆောင်နိုင်သေးတာကို တွေ့ရှိရပါတယ်။ အဲဒါကြောင့် လက်ရှိသမ္မတကြီး ဦးဝင်းမြင့်ကို သမ္မတဖြစ်နိုင်ချေ အရှိဆုံး နံပါတ်(၁) အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

(၂) လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း – ကွီးဖြိုးလို့ ရန်ကုန်သားတွေ ချစ်စနိုးခေါ်ကြတဲ့ ဦးဖြိုးမင်းသိန်းဟာဆိုရင် သမ္မတဖြစ်ဖို့ အတော့်ကိုရေပန်းစားနေသူဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ လူငယ်တွေကို ဦးစားပေးနေရာပေးဖို့စဉ်းစားမယ်ဆိုရင်တော့ ၁၉၆၉ ခုနှစ်မှာ မွေးတဲ့ ကွီးဖြိုးဟာ သမ္မတဖြစ်လာနိုင်ချေ အတော့်ကိုများနေပါတယ်။ သူဟာ NLD ပါတီရဲ့ ငယ်မွေးခြံပေါက် နိုင်ငံရေးသမားတစ်ဦးမဟုတ်ပေမဲ့ ကိုယ်ယုံကြည်ရာလမ်းကို ရဲရင့်စွာလျှောက်လှမ်းခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလဲဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဘ၀မှာတော့ နာမည်ကျော် မဘသ အဖွဲ့အစည်းကို တရားမဝင်ကြောင်းနဲ့ YBS ကို တည်ထောင်ခဲ့တဲ့အတွက် နာမည်ကြီးခဲ့ပါတယ်။ ၂၀၁၈ မှာ ဒုသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူ ရာထူးမှ အနားယူတော့မယ်လို့ သတင်းတွေထွက်လာချိန်မှာ သူ့ကိုဒုသမ္မတအနေနဲ့ထောက်ခံခဲ့ကြကြောင်း ပါတီရဲ့ အတွင်းစည်းတွေကနေတဆင့် သိရှိရပါတယ်။ ရန်ကုန်မှာ သူတာဝန်ယူရတဲ့ ၅ နှစ်တာကာလအတွင်း ဝေဖန်ပြစ်တင်မှုတွေ များပြားခဲ့ပေမဲ့ သူ့ရဲ့၅နှစ်တာကာလ စွမ်းဆောင်ရည်တွေကို ခြုံငုံသုံးသပ်တဲ့အခါမှာ လက်ခံနိုင်ဖွယ်ရာ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကွီးဖြိုးကိုတော့ သမ္မတဖြစ်နိုင်ချေအရှိဆုံး နံပါတ် (၂) အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၃) လက်ရှိနေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်- ဒေါက်တာမျိုးအောင်ကတော့ ၂၀၁၅ ခုနှစ်တုန်းကလဲ သမ္မတဖြစ်လာဖို့အတွက် နာမည်ကြီး ရေပန်းစားခဲ့သူတစ်ဦးဖြစ်ပါတယ်။ မန္တလေးဆေးတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရရှိခဲ့ပြီး မော်လမြိုင် အမှတ်-၅၃၅ ဆေးတပ်ရင်းမှာ ပြည်သူ့ဆေးမှူး အဖြစ်တာဝန်ယူခဲ့ဖူးသူ ဒေါက်တာမျိုးအောင်ဟာ ၈၈၈၈ အရေးတော်ပုံမှာ ပါဝင်ပတ်သတ်ခဲ့မိတဲ့အတွက် ၉၀ ခုနှစ်မှာ ဆမ အသိမ်းခံခဲ့ရသူ ဆရာဝန်တစ်ဦးလဲ ဖြစ်ပါတယ်။ ဒေါက်တာမျိုးအောင်ဟာ ပါတီတွင်းမှာ ပါတီမူဝါဒတွေအပေါ် တစ်သွေမတိန်း လိုက်နာဆောင်ရွက်တတ်သူတစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ NLD ပါတီဝင်ဖြစ်လာတဲ့ ဒေါက်တာမျိုးအောင်ဟာ ဒေါ်စုဲ့ အားကိုးယုံကြည်ရတဲ့လူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ နေပြည်တော်ကောင်စီဥက္ကဌအနေနဲ့ တာဝန်ယူထားရသူလဲဖြစ်ပါတယ်။ သူ့ကိုတော့ သမ္မတဖြစ်နိုင်ချေ အရှိဆုံး နံပါတ်(၃) အနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

(၄)ဒေါ်စုစုလွင် – ၂၀၁၂ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၃ ခွမြို့နယ် ပြည်သူ့ကိုယ်စာလှယ်အဖြစ် တာဝန်ယူခဲ့ရတဲ့ ဒေါ်စုစုလွင်ဟာ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီးလည်းဖြစ်ပါတယ်။ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာလဲ ၃ခွမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်မတန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ကြောင်းလဲ သိရှိရပါတယ်။  ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ဒေါ်စုစုလွင်ကိုတော့ သမ္မတဖြစ်လာနိုင်ချေ အရှိဆုံး နံပါတ် (၄) အနေနဲ့ ဖော်ပြလိုက်ပါတယ်။

(၅) ဒေါက်တာသန်းမြင့်ဦး – ဒေါက်တာသန်းမြင့်ဦးဟာ မြန်မာပြည်ရဲ့ အထင်ကရကျော်စောသူတစ်ဦးဖြစ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးဦးသန့်ရဲ့ မြေးဖြစ်ပါတယ်။ သူဟာ နယူးယောက် မှာမွေးသူတစ်ဦးဖြစ်ပေမဲ့ မြန်မာနိုင်ငံသားအဖြစ်ခံယူထားသူ တစ်ဦးလဲဖြစ်ပါတယ်။ သမိုင်းပညာရှင် တစ်ဦးဖြစ်တဲ့သူဟာ ဟားဗက်တက္ကသိုလ်၊ ဂျွန်ဟော့ကင်း တက္ကသိုလ်၊ ဟားဗက်တက္ကသိုလ် တွေမှာ ပညာဆည်းပူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ foregin poicy မဂ္ဂဇင်းရဲ့ ကမ္ဘာ့တွေးခေါ်ပညာရှင်စာရင်း အယောက်(၁၀၀)မှာ ပါဝင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အယောက်(၅၀) စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးထိပ်သီးစီမံချက် (၃)ခုမှာ ပါဝင်ခဲ့ပြီး လူအခွင့်အရေးအရာရှိ အဖြစ်ရော ကမ္ဘာ့ငြိမ်းချမ်းရေးတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးလဲဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင်လည်း ရန်ကုန်မြို့ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး (YHT) ရဲ့ တည်ထောင်သူတစ်ဦးဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ရဲ့ အထူးအကြံပေးတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ကိုတော့ သမ္မတဖြစ်လာနိုင်ချေရှိသူ နံပါတ်(၅) နေရာမှာရှိနေသူအဖြစ် ရွေးချယ်လိုက်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ လူတွေကတော့ သမ္မတဖြစ်နိုင်ချေအရှိဆုံး လူတွေရဲ့စာရင်းပဲဖြစ်ပါတယ်။ ဆက်လက်ပြီး ဒုတိယသမ္မတဖြစ်နိုင်ချေ အများဆုံးရှိတဲ့လူတွေစာရင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) လက်ရှိ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ – သူကတော့ လက်ရှိဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသူ ချင်းအမျိုးသားတစ်ဦးဖြစပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ကျန်းမာရေးကြောင့် အနားယူမယ်ဆိုတဲ့ သတင်းထွက်ခဲ့တဲ့အတွက် နောက်ထပ် ဒုသမ္မတရာထူးကို ဆက်လက် ထမ်းဆောင်မှာလား မထမ်းဆောင်တော့ဘူးလားဆိုတာတော့ စောင့်ကြည့်ရမယ့် အနေအထားတစ်ခုဖြစ်လာပါတယ်။ တကယ်လို့ သူသာ အနားယူသွားမယ်ဆိုရင် ဒုသမ္မတ နေရာကိုဆက်ခံနိုင်ချေရှိတဲ့ တိုင်းရင်းသားတွေထဲက နာမည်ကြီးရေပန်းစားနေတဲ့သူ ၂ ဦးကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

(၂)ဦးအယ်ဖောင်ရှို – သူကတော့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်ပြီး ၂၀၂၀ မတိုင်ခင်မှာ ပါတီတွင်း ပြသနာတွေကြားမှာ စွတ်စွဲမှုတစ်ချို့ကိုခံခဲ့ရပြီးရာထူးကနေ ခေတ္တ  ဆိုင်းငံ့ခံထားရသူလဲဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ကို မတရားခံရတာလို့ ပြောဆိုဝေဖန်ကြသူတွေ အတော်များများရှိခဲ့ပြီး များသောအားဖြင့် ကယားပြည်နယ်က ဒေသခံတွေက ပြောဆိုကြတာဖြစ်ပါတယ်။ ဒေသခံတွေရဲ အထူးလေးစားချစ်ခင်မှုကို ရရှိထားတဲ့ ဝန်ကြီးချုပ်ဟာ လူငယ်ပိုင်းထဲကဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို အထူးစွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့တဲ့လို့ နာမည်ကျော်ကြားသူလဲဖြစ်ပါတယ်။ NLD ပါတီအနေနဲ့လည်း သူ့ကိုရာထူးပြန်ပေးချင်စိတ်ရှိနေကာ ၂၀၂၀ မှာ ကယားပြည်နယ်ရဲ့ NLD ကိုယ်စားလှယ်အနေနဲ့ ပြိုင်ခွင့်ပြုခဲ့ပြီး ပါတီရဲ့သဘောထားကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ကိုတော့ ဒုသမ္မတဖြစ်နိုင်ချေရှိသူ နံပါတ် (၂) အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၃) ဒေါက်တာဆာဆာ – ချင်းပြည်နယ်မှာ ဒေသကောင်းကျိုးကို စွမ်းစွမ်းတမံနဲ့ လက်တွေ့ကြိုးစားဆောင်ရွက်နေသူ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဆာဆာဟာ ပြည်ပကနေ ဆေးပညာဘွဲ့ကို ရရှိခဲ့သူ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ဆံပင်ညှပ်စရာ ပိုက်ဆံတောင်မရှိပဲ နိုင်ငံခြားကိုစွန့်စွန့်စားစားသွားရောက်ပြီး ဆေးပညာသင်ယူခဲ့တဲ့ ဒေါက်တာဆာဆာဟာ ဆရာဝန်ဘွဲ့ရရှိခဲ့ပြီးတဲ့အချိန်မှာလဲ မိမိချစ်မြတ်နိုးရာ ချင်းပြည်နယ်ကို ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ပြီး ချင်းပြည်နယ်ရဲ့ ကျန်းမာရေးအတွက် အစွမ်းကုန်ပေးဆပ်နေတဲ့ ဒေါက်တာဆာဆာကို ဒုသမ္မတဖြစ်နိုင်ချေအရှိဆုံး နံပါတ် (၃) အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ကဲ မိုးနတ်မင်း ပရိတ်သတ်ကြီးရော ကျွန်တော်တို့ ခန်းမှန်းထားတဲ့လူတွေကို သဘောကျကြရဲ့လား။ ပရိတ်သတ်ကြီးအနေနဲ့ရော ဘယ်သူတွေက သမ္မတ ဒုသမ္မတ ဖြစ်နိုင်မယ်ထင်လဲ။ မိမိတု့ရဲ့ အမြင်တွေကို ကွန်းမန့်ဘောက်စ်မှာ လာရောက်ဆွေးနွေး ငြင်းခုံကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Leave a Reply