ဓမ္မရံကြီးနဲ့ ထူးထူးခြားခြားအကြောင်းများ

Knowledge

ပုဂံလာရင်လူတိုင်းစိတ်ဝင်တစား သွားချင်ကြတာက ဓမ္မရံကြီးဘုရား။သမိုင်းအဖြစ်အပျက်တချို့နဲ့ ဖြစ်ရပ်အချို့ကြောင့်လည်း လူစိတ်ဝင်စားမှူမြင့်မားတယ်။ပုဂံရောက်ရင်တခြားဘုရားတွေမသိရင်သာနေမယ် ဓမ္မရံကြီးကဘယ်နားလည်းမေးပြီးမရအရသွားကြတာပဲ။ မှိူင်းညို့ညို့နဲ့ဘယ်ကကြည့်ကြည့် ပုဂံမြင်ကွင်းထဲပါနေတဲ့ဒီဘုရားကြီးဟာလည်း ပုဂံရဲ့ပြယုဂ်တစ်ခုလို့ပြောရပါမယ်။ဒီဘုရားကြီးရဲ့သမိုင်းအဖြစ်အပျက်နဲ့ ဒဏ္ဍာရီလာအကြောင်းအရာတွေကြောင့်လည်း လူစိတိဝင်စားမှူပိုစေပါတယ်။နောက်တစ်ခုက ပုဂံကို ဘုရားဖူး သိန်းချီ သန်းချီလာကြပါတယ်။ ဒီထဲကလူအနည်းငယ်သာ အကြောင်းတိုက်ဆိုင်လို့ကြုံရတာပါ။ ဒီတော့ ဒီအကြောင်းတွေဖတ်ပြီး မလာရဲ မသွားရဲတာမျိုးဘူးဆို မဖတ်ကြဖို့တိုက်တွန်းပါရစေ။

ဘုရားကြီးမှာဖြစ်တတ်တဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေလည်းရှိပြီး ဒီဖြစ်ရပ်တွေထဲကကျနော်လေ့လာမိသလောက်ဆို-

ထူးခြားသောမွှေးရနံ့ရခြင်း

ဘုရားပတ်လမ်းမှာပတ်နေရင်းလမ်းပျောက်ခြင်း

ညှီစို့စို့ ညှီနံ့ အပုပ်နံ့ရခြင်း။

လူအများသွားလာကြသလိုခြေသံတရှပ်ရှပ် နဲ့ ရံဖန်ရံခါစကားပြောသံများကြားရခြင်း။

ဒီဘုရားနဲ့ပတ်သက်စကားမှားရာမှ ဘုရားအနီးလမ်းပျောက်ခြင်း။

ဘုရားအနီးလမ်းကနေ လှည်းသံလူသံကြားရပေမယ့် တကယ်တမ်းဘာမှရောက်မလာခြင်းတို့ပါပဲ။

ဒီထဲမှာ ထူးထူးခြားခြားအမွှေးနံ့ရတာကတော့ ၆ ယောက်လောက်ပြောတာ တွေ့ရပါတယ်။ သူတို့ပြောရာမှာလည်း အထဲမှာ ဘာပန်း ဘာအမွှေးတိုင်မှာမထွန်းဘဲ ရုတ်တရက်ကြီးမွှေးရနံ့ရတယ်လို့ဆိုကြပါတယ်။ အတော်လေးတော့ထူးခြားပါတယ်။ အမွှေးနံ့ပေးတါကတော့ ကောင်းသောသဘောဆောင်တယ်ပဲ ပြောရပါမယ်။

နောက်တစ်ခုကတော့ အတွင်းပတ်လမ်းပတ်နေရင်း ထွင်ပေါက်ပြန်မရောက်ခြင်းပါ။ ဒါကတော့ ၃ယောက်လောက်ဖြစ်တာတွေ့မိပါတယ်။ ဘုရားအတွင်းပတ်နေရင်း ကိုယ်ဝင်လာတဲ့အပေါက်မရောက်ဘဲ တစ်ပတ်ပြီးတစ်ပတ်ပတ်မိနေခြင်းပါ။ ဒါကတော့ ညနေစောင်းအချိန်မှာဖြစ်ကြတာတွေ့ရပါတယ်။ (ကျနော်ကတော့ ကိုယ်ဝင်လာတဲ့အပေါက်ကိုမမှတ်မိဘဲ ပတ်မိနေတယ်ထင်ထာပါပဲ) ဒါပေမယ့် တချို့က သူတို့နဲ့အတူပါလာတဲ့ အဖွဲ့တွေအဲ့ပတ်လမ်းမှာရှာနေသော်လည်း သူ့ကိုယ်မတွေ့ ကိုယ့်သူမတွေ့လို့ပြောပါတယ်။ တောင်းပန် မေတ္တာပို့မှ ပြန်မြင်ရတယ်ဆိုပါတယ်။

ညှီနံ့ပုပ်နံ့ရခြင်းကိုလည်း တချို့ကြုံကြပါတယ်။ အမြဲရနေတာမျိုးမဟုတ်ဘဲ ရလိုက် မရလိုက်ပါ။ ဒါပေမယ့် ဒီအနံ့ကတော့ အော်ဂလီဆန်စရာပါ။ တချို့မကောင်းဆိုးရွားတွေက အဲ့လိုအနံ့ပေးတတ်ကြတယ်ပြောကြပေမယ့် ဓမ္မရံကြီးမှာတော့ ဘုရားမှာနေတဲ့ လင်းနို့ချေးများ မှိုများကြောင့် ညှီနံရတာဖြစ်နိုင်သလို အကောင်တစ်ကောင်ကောင်သေလို့ အပုပ်နံ့ရတာလားလို့တွေးမိပါတယ်။ ဘယ်သူမှတော့တပ်အပ်မပြောနိုင်ပါဘူး။

တချို့ဘုရားဖူးတွေ ပတ်လမ်းပတ်နေတုန်း အနောက်ကနေ ခြေသံကြားရတာ လူအုပ်စုစကားပြောသံကြားရတာမျိုးလည်း ကြုံလေ့ရှိတယ်ပြောပါတယ်။ တချို့ဆို ဘေးကနေဖြတ်သွားကြသလိုမျိုးထိ ကြုံတယ်ပြောကြပါတယ်။ ဒီခြေသံ စကားသံတွေကလည်း ဘုရားဖူးတွေရဲ့ ခြေသံပဲ့တင်ထွက်ရာကလာတာလား တကယ်ပဲပရလောကသားများလျှောက်တဲ့အသံလားတွေးဆစရာပါပဲ။

နောက်စကားမှားကြရာက ဘုရားကိုလာရင်းလမ်းပျောက်တာ ဘုရားကပြန်ရင်းလမ်းပျောက်တာပါ။ ဒါကလည်း လူငယ်အုပ်စုတွေဖြစ်လေ့ရှိကြပါတယ်။ လမ်းလာနေရင်း ဘုရားဘက်ကွေ့တုန်းမှာလမ်းမတွေ့တော့တာ လမ်းတဝဲလည်လည်ပျောက်နေတာဖြစ်ကြတယ်ဆိုပါတယ်။ ဒါလည်း ထူးထူးခြားခြားပါပဲ။ပုဂံကလမ်းတွေက ဆင်တူတွေဖြစ်ပြီး ဘုရားဖူးလာသူတွေက နယ်မကျွမ်းဘဲသွားလာရင်းပဲ လမ်းပျောက်သလားလဲ ထင်မိပါတယ်။ ထူးဆန်းတာက တောင်းပန်တာ မေတ္တာပို့တာလုပ်ပြီး ခဏအကြာမှာ ပြန်ပြီး လမ်းမှန်တွေ့တာ လမ်းပေါ်ပြန်ရောက်လာတာပါပဲ။နောက်တစ်ခုက ဘုရားနားနေရင်း လှည်းသံလူသံတွေကြားပေမယ့် တကယ်တမ်းဘာမှမတွေ့ဘဲ အသံသာကြားရခြင်းပါ။ ဒါကတော့ ဘုရားနားကဓာတ်ဖမ်းဖို့စောင့်နေသူ ဓာတ်ပုံဆရာအချို့နဲ့ တချို့သောညဘက်ဖြတ်သွားသူတွေကြုံရတာပါ။

နောက်ပြီးတော့ ဘုရားထဲမှာ သရဲနဲ့နပန်းလုံးဖူးကြသူများရှိကြောင်းကိုလည်း ပုဂံဘုရားပုဂံသားပုဂံစကားစာအုပ်မှာ ဖတ်ရှုရပါတယ်။ ၁၉၅၆ မှာ ပုဂံက ဦးသာညွန့်ဦးဆောင်တဲ့ ခိုရိုက်အဖွဲ့က ဘုရားထဲခိုသွားရိုက်တုန်း တစ္ဆေတစ်ကောင်နဲ့တွေ့ပြီးနပန်းလုံးကြရာက သူတို့အပြန်မှာပါလာလို့ သေးကော့ပန်းမှ ကျန်ခဲ့တယ်ဆိုပါတယ်။

ဒါကတော့ ဓမ္မရံကြီးဘုရားမှာကြုံရတဲ့ ထူးထူးခြားခြားအကြောင်းများပါပဲ။ ဒီဖြစ်ရပ်များကို ကြုံတွေ့ရသူတွေကလည်းသူတို့တကယ်ကြုံတွေ့ မြင်တွေ့ရတာကို ပြောပြခြင်းသာဖြစ်ပါတယ်။ မိမိမကြုံ မယုံပေမယ့် လှောင်ပြောင်ပြောဆိုတာမျိုးမလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ နောက်တစ်ခုက ပုဂံကို ဘုရားဖူး သိန်းချီ သန်းချီလာကြပါတယ်။ ဒီထဲကလူအနည်းငယ်သာ အကြောင်းတိုက်ဆိုင်လို့ကြုံရတာပါ။ ဒီတော့ ဒီအကြောင်းတွေဖတ်ပြီး မလာရဲ မသွားရဲတာမျိုးဘူးဆို မဖတ်ကြဖို့တိုက်တွန်းပါရစေ။

Leave a Reply