ထောက်ပံ့ငွေ လေးသောင်းကျပ် မရသဖြင့် သင်္ဃန်းကျွန်းမြို့နယ် ထွေ/အုပ်ရုံး တိုင်ကြားစာဌာနသို့ လျှောက်လွှာလာတင်သူ လူဦးရေ ထောင်နှင့်ချီရှိနေ

Local News

နိုင်ငံတော် ထောက်ပ့ံကြေးငွေ လေးသောင်းကျပ် မရရှိသေးသဖြင့် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ရှိ တိုင်ကြားစာဌာနသို့ နိုဝင်ဘာ ၁၉ ရက်က လျှောက်လွှာလာတင်သူ လူဦးရေ ထောင်ဂဏန်းခန့် ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ထွေ/အုပ်ရုံးတွင် တိုင်ကြားစာလက်ခံဌာန ဖွင့်လှစ်ထားပြီး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ တိုင်ကြားစာများကို လက်ခံပေးနေကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “အခုလောလောဆယ်ကတော့ လက်ခံထားတာပေါ့နော်။ လက်ခံတဲ့စာရင်းကို အပေါ်ကို ပြန်တင်မှာပေါ့။ အပေါ်ကနေမှ အဲ့လူတွေကို ပေးသင့်၊ မပေးသင့် စိစစ်ပြီးတော့ ပေးသင့်တယ်ဆိုရင် ပေးကြမှာပေါ့” ဟု အဆိုပါ တိုင်ကြားစာ လက်ခံမှုနှင့် ပတ်သက်၍ ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်အသီးသီးမှ နိုင်ငံတော်ထောက်ပံ့ကြေးငွေ လေးသောင်းကျပ် မရှိသေးသူများ လာရောက် စုရုံးနေမှုကြောင့် ထိုကဲ့သို့ လူဦးရေ များပြားလာခြင်းဖြစ်ပြီး အဆိုပါ ရုံးမဖွင့်ခင် နံနက် ၇ နာရီခန့် ကတည်းက လာရောက်တန်းစီကာ စောင့်ဆိုင်းနေသူများပင် ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် (၁၆) ရပ်ကွက်နေ အသက် ၇၈ နှစ်အရွယ် အဖိုးအိုတစ်ဦးက “အိမ်မှာ မိသားစုဝင်နှစ်ဦး ရှိပါတယ်။ မြေးမလေးနဲ့ အဘပါ။ လေးသောင်းမရတဲ့သူ ဒီမှာလာလျှောက်လို့ရတယ်ဆိုလို့ လျှောက်လွှာဝယ်ပြီး လာတင်တာ။ အိမ်ထောင်စုစာရင်းနဲ့ နေပေမယ့် လေးသောင်းလည်း မရဘူး။ အဘအသက်ကြီးနေလို့ တန်းစီနေတဲ့ သူတွေက အရင်ဝင်ခိုင်းလိုက်လို့ စောစောပြီးသွားတာ” ဟု ပြောကြားသည်။

တိုင်စာပေးရန် စောင့်ဆိုင်းနေသည့် လူစုလူဝေး လူတန်းသည် သင်္ဃန်းကျွန်းမြို့နယ် ထွေ/အုပ်ရုံးရှေ့မှ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးကို ကျော်လွန်ကာ ဦးဘဟန်လမ်းအတိုင်း၊ ထိုမှတဆင့် ဘဏ်ရိပ်သာလမ်းသွယ် အတွင်းထိပင် ရှည်လျားလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “သင်္ဃန်းကျွန်းတစ်ခုထဲ မဟုတ်ပါဘူး။ မြို့နယ်တော်တော်များများအဲ့လို ဖြစ်နေကြတာ။ အဓိကကတော့ အစ ဟိုဟာဖြစ်ကတည်းက လွဲတာလေ။ စပြီးတော့ စာရင်းကောက်ကတည်းက သေချာအချိန်ယူပြီးတော့ ကောက်ကြရမှာလေ။ အဲ့လိုမဟုတ်ဘဲနဲ့ ထွေအုပ်ကိုပဲ တာဝန်ပေးပြီးတော့ ထွေအုပ်ကလည်း ရတယ့်အချိန်လေး နေ့တစ်ဝက်လောက် အတွင်းမှာ ကမန်းကတန်းတွေ ကောက်တဲ့အခါမှာ အဲ့လိုမျိုး ဘာမှသေချာ မစိစစ်ဘဲနဲ့ စာရင်းတွေပေးတော့ အဲ့မှာ ခုနက ပါသင့်တဲ့သူတွေ မပါတာတွေ၊ မပါသင့်ဘဲ ပါတာတွေ ဒါမျိုးတွေအများကြီး ဖြစ်လာတာပေါ့။ အဓိကကတော့ စာရင်းကို သေချာကောက် ပြုစုသင့်တာပေါ့။ စာရင်းကို အချိန်ယူ ပြုစုပြီးတော့လုပ်ရင် ဒီလိုပြဿာနာတွေ မဖြစ်ဘူး” ဟုပြောကြားခဲ့သည်။

ထိုသို့ တိုင်ကြားစာလက်ခံမှုကို ယခင်ရက်ကတည်းက စတင်နေခြင်းဖြစ်ပြီး မည်သည့်နေ့ထိ လက်မံမည်ကိုမှု အတိအကျ မသိကြောင်း ထွေ/အုပ်ရုံးရှေ့ စီတန်းနေသည် လူအုပ်အား သုံးပေခြားစီတန်းပေးရန် ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

ဆ/ခ ရပ်ကွက်နေ အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးက “ဒီလိုမျိုး လူအုပ်စုလိုက်ကြီး တန်းစီနေကြတာ တကယ်တော့ ကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် ကိုဗစ်လည်း မကြောက်နိုင်တော့ဘူး။ သူများတွေရပြီး ကိုယ်မရတော့ ဘယ်သူမဆိုလိုချင်မှာပဲ။ အခုလျှောက်လွှာတွေကို ထွေအုပ်ရုံးမှာ လာတင်ခိုင်းမယ့်အစား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ တင်ခိုင်းလိုက်ရင် ပြီးနေတာပဲကို။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ တာဝန်ခံပြီး မြို့နယ်ရုံးမှာလာတင်ရင် ဘာမှလူစုလူဝေးဖြစ်စရာမလိုဘူး ” ဟုပြောကြားသည်။

မြို့နယ်ထွေ/အုပ်ရုံး ခြံဝန်းအတွင်းသို့ ငါးယောက်တစ်အုပ်စုဖြင့် သုံးပေးခြားသည့် စည်းဝိုင်းအတွင်းမှ စီတန်းစေသော်လည်း ရုံးရှေ့လမ်းမတွင်မှု တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ စီတန်းနေပြီး တစ်ခါတစ်ရံ ကြားဖြတ်သူများကြောင့် အနည်းငယ် အချင်းများမှုများလည်း ရှိကြောင်း သိရသည်။

မတ်တပ်ရပ်စီတန်းနေသူ များထဲတွင် အသက်အရွယ်ကြီးရင့်သူများ၊ ကလေးမိခင်များ၊ ကိုယ်ဝန်ဆောင်များနှင့် အမျိုးသမီးအများစု ပါဝင်နေသည်ကို တွေ့ရသည်။

မြို့နယ်ရုံးရှေ့တွင် လူစုလူဝေးဖြင့် တန်းစီကာ တိုင်ကြားစာလာပေးသူများနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မေးမြန်းရန် သွားရောက် အသိပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးမှာ အခြားကိစ္စရပ်များကြောင့် ရုံးတွင်မရှိသေးကြောင်း တာဝန်ကျ ဝန်ထမ်းများက ဖြေကြားခဲ့သည်။

Leave a Reply