NLD ပါတီ အစိုးရဖွဲ့ဖို့ ဘယ်လိုပြင်ဆင်နေသလဲ

Local News

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ အများစုအနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အစိုးရဖွဲ့စည်းရေးအတွက် အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဦးဆောင်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်တွေအပြင် အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်ကိုပါယူပြီး အသင့်လျော်ဆုံးပုဂ္ဂိုလ်များ ရွေးချယ်နိုင်ဖို့ စတင်လုပ်ဆောင်နေပါပြီ။

လတ်တလော ပြည်တွင်းသတင်းဌာနတွေမှာ ထင်ကြေးပေး ပြောဆိုနေတဲ့ ဗေဒါအင်စတီကျုအဖွဲ့က ဦးမျိုးရန်နောင်သိန်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သုံးသပ်ပြောဆိုချက်များဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိပါကြောင်း အဖွဲ့ချုပ်ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကနေ ပြောကြားပါတယ်။

မေး – NLD ပါတီက အစိုးရသစ်အတွက် ပြည်ထောင်စုရော ပြည်နယ်နဲ့ တိုင်းတွေမှာပါ လူရွေးပြီးတော့ ပြင်ရမှာပေါ့။ အဲဒီတော့ အဲဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ လုပ်ငန်းစဉ်တွေ စနေပြီလား၊ အဲဒါနဲ့ပတ်သက်လို့ ဘယ်သူတွေက ကြီးကြပ်ပြီး ဦးဆောင်လုပ်မလဲ။

ဖြေ – “ဒါကတော့ လုပ်ငန်းစဉ်တွေ စနေပြီလို့ ပြောလို့ရပါတယ်။ အားလုံးဆုံးဖြတ်ချက်ကတော့ နောက်ဆုံးမှ ချမှာပါ။ ဒါကို ဘယ်သူက ကြီးကြပ်မလဲဆိုတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အခု ဦးဆောင်နေတဲ့ ဒေါက်တာဇော်မြင့်မောင်၊ သူက ဦးဆောင်ပါမယ်။ ဒါတွေလည်း ကျနော်တို့ နာမည်ကြီးမဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ရွေးမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေး တာဝန်ရှိသူတွေကလည်း ဒီနေရာမှာ အကြံဉာဏ်ပေးတာ၊ ပါဝင်ဆုံးဖြတ်တာတွေမှာတော့ ပါပါလိမ့်မယ်။”

မေး – ဆိုလိုတဲ့သဘောက NLD CEC တင်မကဘဲ တခြား အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိတဲ့ အရေးပါတဲ့လူတွေပါ ထည့်ပြီးစဉ်းစား ပါဝင်မယ့်သဘောပေါ့။

ဖြေ- “ကျနော်ဆိုလိုတာက အုပ်ချုပ်ရေးတာဝန်ကြီးကြီး ယူထားတဲ့ လူတွေကလည်း နိုင်ငံရေးအနေနဲ့ မဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးပိုင်း ဖြစ်တဲ့အတွက် သူတို့ရဲ့အကြံဉာဏ်လည်း ပါမယ်လို့ ပြောတာပါ။ သူတို့ကလည်း ဗဟို CEC လည်း ဖြစ်ပါတယ်။”

မေး- ဒီလို လူတွေရွေးချယ်တဲ့နေရာမှာ ဘယ်လို ဦးစားပေး ရွေးချယ်ဖို့အတွက် CEC အနေနဲ့ ဆွေးနွေး ဆုံးဖြတ်ထားလဲခင်ဗျ။

ဖြေ- “အဲဒါအတွက်တော့ ကျနေ်ာတို့ ဒုတိယဥက္ကဋ္ဌ ၂ ဆရာ ဒေါက်တာဇော်မြင့်မောင် အကျယ်တဝင့် ပြောပြီးသွားပြီ။ အဓိကအားဖြင့် နိုင်ငံရေးအရ အတွေ့အကြုံ အရည်အချင်း ပြည့်ဝတဲ့သူ ဖြစ်မယ်။ ပြီးတော့ ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်နိုင်မယ့် အရည်အချင်း ပြည့်ဝတဲ့သူ ဖြစ်မယ်။ ဒီနှစ်ချက်အပေါ်မှာ အဓိကထားပြီး ရွေးမယ်လို့ ဆရာ ပြောသွားပါတယ်။ အဲ့တော့ အဲဒီနှစ်ချက်ကို မျှအောင် ဘယ်လိုလူမျိုး ပါသင့်တယ်ဆိုတာကို မျှမျှတတ ပါဝင်အောင် ညှိနှိုင်းပြီး ရွေးချယ်သွားမယ်လို့ ပြောထားပါတယ်။”

မေး- ကျနော် နောက်တခုမေးချင်တာက အစိုးရသစ်ရဲ့ အခုနေရာအပြောင်းအလဲတွေ ခန့်ထားရေးနဲ့ ပတ်သက်လို့ ဗေဒါအင်စတီကျုက ဒါရိုက်တာ ကိုမျိုးရန်နောင်သိန်းကလည်း အင်တာဗျူးမှာ ပြောဆိုနေတာ ရှိပါတယ်။ ဗေဒါအင်စတီကျုဆိုတာလည်း NLD က ဖွဲ့ထားတယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ ဒီပြောဆိုချက်တွေ သဘောထားတွေက လူထုကို သွယ်ဝိုက်ပြီးတော့ NLD ဘက်က သတင်းပေးနေတယ်လို့ ယူဆနိုင်မလား။

ဖြေ- “ဒါတော့ လုံးဝမဟုတ်ပါဘူးခင်ဗျ။ ဒါ ဦးမျိုးရန်နောင်သိန်းရဲ့ ပုဂ္ဂိုလ်ရေး သဘောထားတွေပဲ ဖြစ်ပါတယ်။ အဖွဲ့ရဲ့သဘောထား လုံးဝ မဟုတ်ပါဘူး။”

မေး – လက်ရှိတော့ NLD မှာ ကိုမျိုးရန်နောင်သိန်းက တာဝန်မရှိဘူးဆိုတဲ့ သဘောပေါ့။

ဖြေ- “ဟုတ်ပါတယ်ခင်ဗျ။”

မေး – ဗေဒါအင်စတီကျုကရော Report တွေ အစီရင်ခံစာတွေ သုံးသပ်ချက်တွေ ထုတ်ထားတာရှိတော့ NLD အယူအဆက အဲဒီမှာ ထင်ဟပ်တယ်လို့ ကျနော်တို့ မှတ်ယူလို့ရမလား။

ဖြေ- “မဟုတ်ပါဘူး၊ ဒါ ဗေဒါအင်စတီကျုရဲ့ သီးသန့်သဘောထားပဲ ဖြစ်ပါတယ်။”

မေး – အဲဒီတော့ NLD နဲ့ ဗေဒါအင်စတီကျုက ပတ်သက်လား။

ဖြေ- “ကျနော်တို့ရဲ့ ပညာပေးလုပ်ငန်း တချို့မှာတော့ ပါဝင်ပြီး ကူညီခဲ့တာ ရှိပါတယ်။”

မေး- ဟုတ်ကဲ့၊ လက်ရှိတော့။

ဖြေ- “ဟုတ်ကဲ့၊ အဖွဲ့ရဲ့ ဖွဲ့စည်းပုံထဲမှာတော့ ဘယ်နေရာမှ မပါပါဘူး။”

မေး – ကိုမျိုးရန်နောင်သိန်း အင်တာဗျူးတခုမှာ သမ္မတဦးဝင်းမြင့်နဲ့ ပတ်သက်လို့ သေသေချာချာ မရှိဘူး၊ လာမယ့် ဖွဲ့စည်းမှုထဲမှာ ရှမ်းဝန်ကြီးချုပ် မပါနိုင်ဘူး၊ ဒီလိုပြောဆိုချက်တွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒါက ဗေဒါရဲ့ သဘောထားပဲလား၊ NLD က ဒါနဲ့ပတ်သက်လို့ ဘာပြောနိုင်မလဲခင်ဗျ။

ဖြေ – “ဒါကတော့ ဦးမျိုးရန်နောင်သိန်းရဲ့ သဘောထားပါခင်ဗျ။ ကျနော်တို့ရဲ့သဘောထား လုံးဝမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

Leave a Reply