အမေရိကန်ရေတပ်အကြီးအကဲ ထိုင်ဝမ်ခရီးစဉ် တရုတ်တုန့်ပြန်မည်

Local News

အမေရိကန်နဲ့ ထိုင်ဝမ်ကြား စစ်ရေးဆက်ဆံမှု အားလုံးကို အပြင်းအထန် ဆန့်ကျင်ကြောင်းနဲ့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီးတဦး ထိုင်ဝမ်ကို လာရောက်တယ်ဆိုတဲ့ကိစ္စကိုလည်း တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက တနလာင်္နေ့က ပြောဆိုလိုက်ပါတယ်။ ထိုင်ဝမ်နဲ့ ဆက်ဆံရေးအပေါ် အမေရိကန်အကြီးတန်း အရာရှိတဦးက ချီးကျူး ပြောဆိုထားချိန်မှာဘဲ တရုတ်ဘက်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အာရှ ပစိဖိတ်ဒေသအရေး အမေရိကန်စစ်ဘက်ထောက်လှမ်းရေးကို ကြီးကြပ်ရတဲ့ ကြယ်၂ ပွင့်အဆင့်ရှိ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးတဦး ကြိုတင်မကြေညာဘဲ ထိုင်ဝမ်ကို သွားရောက်တယ်လို့ သတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းအေဂျင်စီကို တနင်္ဂနွေနေ့က ပြောဆိုထားပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်ဝမ်နဲ့ အမေရိကန်တို့ဘက်ကတော့ အတည်မပြုပါဘူး။

ထိုင်ဝမ်ကို လက်နက်ရောင်းချမှုသစ်တွေအပါအဝင် အမေရိကန်သမ္မတ Donald Trump အစိုးရက ထောက်ပံ့မှုပိုပေးလာတဲ့အပေါ် တရုတ်ကစိုးရိမ်နေတာပါ။ ထိုင်ဝမ်ဟာ သူ့နယ်မြေလို့ တရုတ်က ရှုမြင်ပြီး နိုင်ငံချင်းဆက်ဆံရေးလုပ်ဖို့ အခွင့်မရှိဘူးလို့လည်း ရှုမြင်ထားတာပါ။ အမေရိကန်နဲ့ ထိုင်ဝမ်အရာရှိတွေကြား အပြန်အလှန်သွားလာမှု ဒါမှမဟုတ်လည်း စစ်ရေးပတ်သက်မှုတွေကို တရုတ်ကပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က ပြောပါတယ်။ ထိုင်ဝမ် အရေးဟာ အလွန်ဘဲ ထိလွယ်ရှလွယ်ကိစ္စ ဖြစ်တယ်ဆိုတာကို အမေရိကန်ဘက်က အပြည့်အဝလက်ခံ အသိအမှတ်ပြုဖို့လည်း တရုတ်က တိုက်တွန်းကြောင်း ပြောခွင့်ရ Zhao က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

Leave a Reply