ကိုဗစ်ထောက်ပံ့ငွေအလွဲသုံးစားလုပ်သည့် မြောင်းမြ ကံဘဲ့လေး‌ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီး

Local News

နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့တဲ့ ငွေကျပ်သိန်း ၅၀ ကျော်ကို ပြည်သူတွေထံမပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့တဲ့ မြောင်းမြမြို့နယ်၊ ကံဘဲ့လေး‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြောင်းမြမြို့မရဲ့စခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တအိမ်ထောင်ကို ၂ သောင်းကျပ်စီနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြည်သူကိုမပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း စစ်‌ဆေးပေါ်ပေါက်ခဲ့လို့ မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တာပါ။

မြောင်းမြမြို့မ ရဲစခန်းက တာဝန်ရှိသူကဦးတင်မောင်ဝင်းကို စစ်ဆေးတဲ့အခါမှာ ငွေ ၃ သောင်းပဲ သူ့မှာကျန်တော့တယ်၊ ၄၉ သိန်းကို ဓာတ်မြေဩဇာဖိုး ပေးချေတယ်၊ ၅ သိန်း ၃ သောင်းကို သုံးစွဲတယ်လို့ ပေါ်ပေါက်ခဲ့တယ်။ ပြည်သူတွေကို ထောက်ပံ့ငွေ မပေးဘဲ ကိုယ်ကျိုးသုံးခဲ့လို့ မြောင်းမြမြို့မရဲစခန်းမှာ ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကို ဖမ်းဆီးစစ်ဆေးနေပါတယ်လို့ ပြောပါတယ်။
ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဝင်းကို မြောင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ နဲ့ ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေပါတယ်။

မြောင်းမြမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၁၁၄ အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို တအိမ်ထောင် ငွေကျပ် ၂ သောင်းကျပ်နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂၉၃၅၁ စုအတွက် နိုင်ငံတော်က ဒုတိယ အကြိမ်ထောက်ပံ့ငွေ စုစုပေါင်း ၅၈၇,၀၂၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့တာလို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း နိုင်ငံတော်မှပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့တဲ့ ငွေတွေကို ပြည်သူတွေမပေးဘဲ အလွဲသုံးစားပြုလုပ်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့မှုမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Leave a Reply