ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရသူပေါင်း သန်း ၆၀ ကျော်ပြီ

Local News

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း သန်း ၆၀ ကျော်လွန်သွားပါပြီ။ အမေရိကန်နိုင်ငံမှာ နေ့စဉ် ကူးစက်မှုနှုန်းတွေ စံချိန်တင် များလာတာနဲ့အတူ နိုဝင်ဘာလအတွင်းမှာကို သန်း ၅၀ ကျော်ကနေ သန်း ၆၀ ကျော် ဖြစ်လာခဲ့တာပါ။ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုပေါင်း သန်း ၆၀ ကျော်ရှိပြီး၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်၊ ရောဂါ ပြန်လည် သက်သာလာသူ ၄၂ သန်းကျော် ရှိပါတယ်။

COVID-19 ကူးစက်လူနာပေါင်း သန်း ၃၀ ကနေ ၄၀ ရောက်တဲ့အထိ ရက်ပေါင်း ၃၂ ရက် ရှည်ကြာခဲ့ပေမယ့် သန်း ၄၀ ကနေ သန်း ၅၀ ကျော်လွန်သွားတဲ့အထိ ရက်ပေါင်း ၂၁ ရက် ကြာမြင့်ခဲ့ပါတယ်။ အခုတော့ ကပ်ရောဂါ စတင်ချိန်ကစလို့ အမြန်ဆုံးအဖြစ် ၁၇ ရက်အတွင်း သန်း ၅၀ ကျော်ကနေ သန်း ၆၀ ကို ရောက်လာခဲ့တာပါ။

အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့ အခြေအနေဖြစ်နေတာကြောင့် လာမယ့် ကျေးဇူးတော်နေ့ ပိတ်ရက်ရှည်တွေမှာ COVID-19 လူနာအရေအတွက် မြင့်တက်လာနိုင်လို့ ခရီးတွေ မသွားကြဘဲ အိမ်မှာပဲနေကြဖို့ တိုက်တွန်းနေပါတယ်။

အမေရိကန်ဟာ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ၁ ပတ်မပြည့်ခင်မှာပဲ ကူးစက်လူနာပေါင်း ၁ သန်းကျော် ရှိလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကူးစက်ခံရသူပေါင်း ၁၃ သန်းကျော် ရှိပြီး သေဆုံးသူကတော့ ၂၆၀,၀၀၀ ကျော်ရှိနေတဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

နောက်ထပ် ကူးစက်မှုတွေ မြင့်တက်နေတဲ့ ဥရောပတိုက်မှာလည်း ၅ ရက်အတွင်း ကူးစက်လူနာ ၁ သန်းကျော် ရှိလာတာကြောင့် ကူးစက်သူပေါင်း ၁၆ သန်းနဲ့ သေဆုံးသူ ၃၇၀,၀၀၀ ကျော် ရှိလာခဲ့ပါပြီ။ ဥရောပနိုင်ငံတွေရဲ့ အစိုးရတွေဘက်က ပြည်သူတွေ ခရစ္စမတ်ကာလမှာ ရောဂါကူးစက်မှု ပိုများမလာအောင် တားဆီး ကာကွယ်တဲ့အနေနဲ့ ကန့်သတ်ချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂလန်ရဲ့ Lockdown ကန့်သတ်ချက်က နောက်တပတ်မှာ ပြီးဆုံးတော့မှာဖြစ်သလို၊ ဂျာမနီ၊ စပိန်၊ အီတလီနိုင်ငံတွေမှာ လာမယ့် ပိတ်ရက်ရှည်အတွက် အိမ်တအိမ်မှာ ဧည့်သည် အကန့်အသတ်နဲ့ လက်ခံရမယ့် စည်းကမ်းချက်အပါအဝင် ကန့်သတ်ချက်တွေကို ထုတ်ပြန်ထားရပါတယ်။

လက်တင်အမေရိကဒေသတွေဟာ ကမ္ဘာပေါ်မှာ သေဆုံးသူ အရေအတွက် အမြင့်ဆုံးထဲမှာ ပါဝင်နေပါတယ်။ တကမ္ဘာလုံးရဲ့ သေဆုံးသူ ၃၁ ရာခိုင်နှုန်းထိရှိပြီး ကူးစက်သူ ၂၁ ရာခိုင်နှုန်း ရှိပါတယ်။ ဒီထဲကမှ ကမ္ဘာ့သေဆုံးသူ အရေအတွက် ဒုတိယအများဆုံး ဘရာဇီးက ယခင်အပတ်မှာ ကူးစက်သူပေါင်း ၆ သန်းကျော်ခဲ့သလို သေဆုံးသူကလည်း ၁၇၀,၀၀၀ ကျော် ရှိပါတယ်။

ကူးစက်သူ အရေအတွက် ဒုတိယအများဆုံး အိန္ဒိယနိုင်ငံမှာတော့ စုစုပေါင်း ၉ ဒသမ ၂ သန်း ကျော်လွန် လာပေမယ့် လတ်တလောမှာ ကူးစက်နှုန်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလလယ်လောက်မှာ တနေ့ကို ကူးစက်သူ ၉ သောင်းကျော်လောက်ထိ အမြင့်ဆုံး ရောက်ခဲ့ပေမယ့် နိုဝင်ဘာလမှာတော့ နေ့စဉ် ကူးစက်သူ ပျမ်းမျှ ၄,၄၀၀၀ ကျော်သာ ရှိပါတော့တယ်။

Leave a Reply