မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းအား လက်နက်ကိုင် လူတစ်စုက ဖမ်းဆီး

Local News

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းအား ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းသည် ၎င်း၏သူငယ်ချင်းဖြစ်သူများနှင့် မိုးကုတ်မြို့ အောင်ချမ်းသာစျေးသို့ လာရောက်စဉ် အမည်မသိ လက်နက်ကိုင် လူတစ်စုမှ လက်နက်ပြ၍ ကားပေါ်သို့ အတင်းခေါ်ဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးသွားတဲ့ အဖွဲ့က လေးယောက်လို့ ပြောတယ်။ ဦးကျော်ဝင်းကို ကားပေါ်ဆွဲသွင်းတာက သုံးယောက်ပြောတာပဲ။ ဖမ်းဆီးတဲ့အဖွဲ့က Mask တွေ တပ်ထားတယ် အားလုံး။ SURF ကားခဲရောင်လေးနဲ့ အတင်းအဓမ္မကို ဆွဲသွင်းသွားတာတဲ့ လက်နက်ပြပြီးတော့မှ။ အဲဒါနဲ့ စံပြကျော်ဝင်းနဲ့လာတဲ့ သူငယ်ချင်း သုံးယောက်က ထွက်ပြေးသွားတယ်။ သူက ရုန်းတော့ရုန်းသေးတယ်တဲ့။ ကားပေါ်တက်တဲ့ အချိန်မှာပဲ လက်နက်ပြပြီး ပြန်ပေးဆွဲသွားတာ။ မျက်မြင်သက်သေတွေက ရှိတယ်။ ဘယ်သူမှ မပြောရဲဘူး။ ခဲရောင် SURF ကားနဲ့ ခေါ်သွားတယ်။ သူဌေးက အကျင်္ီအမဲရောင် ဝတ်ထားတယ်” ဟု အမည် မ ဖော် လိုသူ မျက် မြင် သက် သေ တစ် ဦးက ပြောကြားခဲ့သည် ။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့အနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော်TNLA တို့အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေထွက်ပြေး တိမ်း ရှောင်ရတာတွေလည်းရှိခဲ့ပါတယ်။

‘ ‘  အရင်ကတော့ မြို့အနီးမှာ တိုက်ပွဲဖြစ်တာ ဒီလိုလုပ်တာတွေတော့မကြားခဲ့ရဘူး။ အခုလို မြို့လယ်ခေါင် မှာ ဖမ်းဆီးတာ ဘာညာရှိလာတော့ မြို့ခံတွေကတော့ ထိတ်လန့်တာပေါ့။ နဂိုကမှ ကပ်ကြောင့် စီးပွားတွေက မကောင်း။ လုပ်ငန်းရှင်တွေကို ဆက်ကြေးကောက်တာတို့ဘာတို့ကတော့ ကြားတော့ကြားရတယ်။ ဒါပေမယ့် တိုးတိုး တိတ်တိတ်ပဲ အတောင်းခံရတဲ့သူတွေကလည်း ကြောက်တော့ထုတ်မပြောရဲကြဘူး။ ”လို့ မိုးကုတ်မြို့နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းကတော့ တအာင်းလွတ်မြောက်ရေးတပ်မတော်TNLA ဘက်က မိုးကုတ်မြို့က လုပ်ငန်းရှင်အချို့ကို ရန်ပုံငွေပေးသွင်းဖို့ဆိုပြီး ကောက်ခံတာတွေ ရှိခဲ့ဖူးပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့ ပိုင်နက်နယ်မြေဖြစ်တဲ့အတွက် အခွန်ကောက်ခံ တာဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

အခု ဦးကျော်ဝင်းကို ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးကုတ်မြို့ခံအချို့က TNLA ဘက်ကခေါ်ဆောင် သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုတာတွေရှိနေတဲ့အပေါ် TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဆက်သွယ် အတည် ပြုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးတာကြောင့် အတည် မပြုနိုင်သေးပါဘူး။

“အခုချိန်အထိ ဘာမှ အဆက်အသွယ် မရသေးဘူး။ သူ့မိသားစုကို မေးတော့လဲ သူ့မိသားစုကို ပြန်ပြီးဆက်သွယ်တဲ့ အခြေအနေ မရှိသေးဘူး။ အခုလောလောဆယ် လုံခြုံရေးပိုင်းနဲ့ ပတ်သတ်ပြီး ရဲနဲ့ တပ်ကတော့ သူတို့ အစီအစဉ်နဲ့ သူတို့ လုပ်နေကြပါတယ်။ လိုက်လံစုံစမ်းဆဲပါ” မိုးကုတ်မြို့နယ် အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချူပ်ရေးမူး ဦးလှမိုးဦးက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုးကုတ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လည်း သတင်းရလို့ လိုက်တော့ အတည်ပြုတုန်းပါ။ လိုက်ပြီးတော့ စုံးစမ်းနေဆဲပါ” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်

Leave a Reply