တရုတ်နှင့်ဂျပန် ၂ နိုင်ငံပေါင်းခြင်းက မြန်မာ့ငြိမ်းချမ်းရေးအတွက် မည်သို့ဖြစ်မည်နည်း

Local News

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိ သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်လာရောက်မည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။ သတင်းကို အတည်ပြုနိုင်ခြင်းသေးမရှိပေ။ အဆိုပါခရီးစဉ်ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ သတင်း အတည်ပြုချက်ရယူရန်လိုအပ်ဦးမည်ဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီလဆန်း အမျိုးသားဒီမိုကရေစီအဖွဲချုပ်အစိုးရဖွဲ့စည်းပြီးချိန်တွင် ပထမဆုံးလာရောက်ခဲ့သည့်နိုင်ငံခြားဧည့်သည်မှာ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိပင်ဖြစ်သည်။ အကယ်၍ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့မည်ဆိုလျှင် ၂၀၂၁ ခုနှစ်တွင် ပထဆုံးလာရောက်သည့် နိုင်ငံခြားဧည့်သည်ဖြစ်လာနိုင်ဖွယ်ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် ခရီးစဉ်အတောအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများပြန်လည်ကျင်းပနိုင်ရေး၊ ရခိုင်ပြည်နယ်တွင်စစ်ရှိန်များလျော့ချရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ဆက်စပ်၍ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာဆာဆာကာဝါ၏ခြေလှမ်းများခပ်စိပ်စိပ်ခပ်သွက်သွက်လှမ်းလာခဲ့ချိန်တွင် တရုတ်နိုင်ငံဖက်မှဆိတ်ဆိတ်နေခဲ့သည်ကိုသတိပြုမိသည်။ မြန်မာနိုင်ငံ၏အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို မြန်မာ့ခေါင်းဆောင်များနှင့်တိုင်းရင်းသားပြည်သူလူထုက အဓိက ဖော်ဆောင်ရမည်ဟုဆိုနိုင်လင့်ကစား မိတ်ဆွေနိုင်ငံများ၏ ဝန်းရံပံ့ပိုးပူးပေါင်းဆောင်ရွက်မှုများကလည်း အခရာကျမည်ဖြစ်သည်။

တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံ၊ တရုတ်အထူးကိုယ်စားလှယ်နှင့်ဂျပန်အထူးကိုယ်စားလှယ်တို့အကြား ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ဝန်းရံနိုင်မည်ဆိုလျှင် ပိုမိုထိရောက်အလုပ်ဖြစ်မည်လားသုံးသပ်စဉ်းစားမိပါသည်။ လတ်တလော တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံအကြားဆက်ဆံရေးမှာလည်း သိသိသာသာတိုးတက်ပြောင်းလဲလာနေသည့်အလျောက် မြန်မာနိုင်ငံအရေးတွင်လည်း ပေကျင်းနှင့်တိုကျိုအကြား အလုပ်သဘောသာမကအလွတ်သဘောပါ ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဆိုလျှင်ပိုမိုထိရောက်အလုပ်ဖြစ်လာနိုင်လိမ့်မည်ဟုမျှော်လင့်မိသည်။

Leave a Reply