သူဌေးသား၊ ဆေးကျောင်းသား၊ မူးယစ်ဆေးသမား၊ အမျိုးသားပြည့်တန်ဆာ၊ HIV ပိုးရှိသူ၊ NGO ဝန်ထမ်း စသောဘ၀များဖြင့် လူငယ်တစ်ယောက်အကြောင်း

Local News

(၁)

”ခင်ဗျား..အဖေ က ဂေးဖြစ်နေရင်..ခင်ဗျား..ဘယ်လိုခံစားရမလဲ”

သူ့မေးခွန်းကြီး က ကျွန်တော့်ကို ကြောင်တောင်တောင်ဖြစ်သွားစေသည်။

သူပြောသည့်ကိစ္စက ကျွန်တော့်ဘဝတွင် တစ်ခါမှပင် တွေးမကြည့်ဘူးသည့်ဟာမျိုး။

ယခုခေတ်ကြီးထဲတွင် ကိုယ့်သားသမီးက ဂေးဖြစ်လာလျှင်ဆိုသည့် ကိစ္စမျိုးအထိ ကျွန်တော် တွေးထားမိသေးပါသည်။

လူသားတစ်ယောက်၏ လိင်စိတ်ဖြစ်တည်မှုအပေါ်  သဘာဝတရားနှင့်အတူ ကျွန်တော်တို့ လက်ခံပေးရမည်မဟုတ်လား။

သို့သော်..ခင်ဗျားအဖေက ဂေး ဖြစ်နေလျှင် ဆိုသည့် သူ့မေးခွန်းကိုတော့ ကျွန်တော်တော်တော်လေးစဥ်းစားလိုက်ရသည်။

ဇဝေဇဝါဖြစ်နေသော ကျွန်တော့်ကို သူပြုံးပြီး ကြည့်နေသည်။

အသားဖြူဖြူ၊ အရပ် ငါးပေ ခုနှစ်လက်မခန့် ၊ ဆံပင်ကို ခပ်တိုတိုညှပ်ထားပြီး စိန့်တိုင်းသွေးပါသော မျက်နှာပေါက်ပိုင်ရှင်သူ့ကို ကြည့််ရသည်မှာ ကိုရီးယားစစ်ကားထဲမှ မင်းသားတစ်ဦးနှင့်ပင် တူနေသေး၏။

သူသည် တစ်ချိန်က ဆရာဝန်အလောင်းလျာ ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးသည်ကိုတော့ ဒီနေရာမှာ လူသိနည်းလွန်းလှသည်။

သူ့အကြောင်းကို HIV တိုက်ဖျက်ရေးပရော့ဂျက်တစ်ခုမှ ကျွန်တော့်သူငယ်ချင်းဖြစ်သူမှ ပြောပြသဖြင့် အကြမ်းဖျဉ်းတော့ ကျွန်တော်သိပြီးဖြစ်သည်။

မျိုးရိုးစဉ်ဆက်ချမ်းသာခဲ့သည့်သူဌေးသားတစ်ဦး၊ ဆေးကျောင်းသားတစ်ဦး၊ မူးယစ်ဆေးသားကောင်တစ်ဦး၊ အမျိုးသားပြည့်တန်ဆာတစ်ဦး၊ HIV ပိုးရှိသူ NGO ဝန်ထမ်း အသက်(၃၅)နှစ်အရွယ်အမျိုးသားတစ်ယောက် စသဖြင့် သူ့ဘ၀ ၏ ဖြစ်တည်ရာအကန့်များက စိတ်ဝင်စားဖွယ်ရာအတိပြီးနေ၏။

သူ..က ကျွန်တော်နှင့် တွေ့ဖို့လက်ခံသည့်အခါ ကျွန်တော့် သူရှိရာမြို့သို့ အရောက်သွားသည်။

HIV ပိုးရှိနေသူဟု ဆိုသော်လည်း သူ့ပုံစံက ထင်ရက်စရာမရှိ။ ပကတိကျန်းမာပျိုမြစ်သော လူလတ်ပိုင်းတစ်ဦးအသွင် အပြည့်ဖြင့်။

သူ့ရုံးက အခန်းလေးတွင် ကျွန်တော့်ကို ဧည့်ခံသည်။ ကော်ဖီနှင့် မုန့်နှင့်။

ကျွန်တော် ကော်ဖီမကြိုက်။

သို့သော်..အင်တာဗျူး ဖို့ စတင်ပြင်ဆင်နေဆဲတွင်ပင် သူမေးလိုက်သည့်မေးခွန်းကြောင့် ..အယောင်ယောင်အမှားမှားဖြင့် ကော်ဖီခွက်ကို ကောက်မော့လိုက်ရသည်။

ကော်ဖီ၏ နဂိုအရည်အသွေးကြောင့်လား၊ သူ့မေးခွန်းကြောင့်လားမသိ။ ကျွန်တော့် ရင်ထဲ ခါးသက်သက်ကြီးဖြစ်သွားရ၏။

သူက ဆေးများပြယ်စပြုနေပြီဖြစ်သော ဓာတ်ပုံလေးသုံးပုံကို ကျွန်တော့်ကို ပြသည်။

ပထမပုံက အဖေ၊ အမေ၊ သမီး နှင့် သားနှစ်ယောက်ပါသည့် မိသားစုဓာတ်ပုံတစ်ခု။

မော်တော်ကားတစ်စီး ကို နောက်ခံထားပြီး ပြုံးရွှင်မျက်နှာထားများဖြင့်။

ဒုတိယပုံက ဆေးတက္ကသိုလ်(မန္တလေး) ဆိုသည် ဆိုင်းဘုတ်ရှေ့တွင် ရိုက်ထားသည့် အင်္ကျ ီ အညို၊ စတိုင်ဘောင်းဘီ အနက်ရောင်ဝတ်ထားသည့် လူရွယ်တစ်ဦးပုံ။

တတိယပုံက ရွှေလီမြို့ဆိုင်းဘုတ်ရှေ့မှ ဆံပင်အရှည်ကို နောက်တွင်စုစည်းထားပြီး တက်တူးလှလှများနှင့် လူငယ်တစ်ဦး။

ဆေးတက္ကသိုလ်ရှေ့မှ လူငယ်နှင့် ရွှေလီမြို့ဆိုင်းဘုတ်ရှေ့မှ လူငယ်မှာ သူတစ်ယောက်တည်းပင်ဖြစ်သည်။

”ကျွန်တော့်ဘဝမှာ အတိတ်နဲ့ပတ်သက်ပြီး ချန်ထားတာဆိုလို့ ဒီဓာတ်ပုံ..သုံးပုံပဲ ရှိတော့တယ်”

သူက  အခန်းထောင့်မှ ပန်ကာကို ထဖွင့်လိုက်သည်။

ပန်ကာလည်သံတဝီဝီ ထွက်လာ၏။

”ကျွန်တော် ခုနက မေးလိုက်တဲ့ မေးခွန်းကို ခင်ဗျားမဖြေဘူးနော်…အင်း…ဘယ်ဖြေနိုင်မလဲ..ခင်ဗျားမှ မကြုံဘူးတာ..ကဲ..အခု အဲ့ဒါကို ကျွန်တော်ပြောပြမယ်”

                                       ………………………………………..

(၂)

”အမေတို့ မိသားစု အခုလို အဆင်ပြေနေတာ သားဖေကြီးက တော်လို့ပဲ။ သားဖေကြီး က အရက်၊ဆေးလိပ်၊လောင်းကစားဘာတစ်ခုမှ မရှိဘူး။ မိန်းမပွေရှုပ်တာလည်းမရှိဘူး။ အမေတို့ မိသားစုလေး ဘယ်လောက်စိတ်ချမ်းသာရလဲ။ သား ကြီးလာရင် သားဖေကြီးကို အတုယူရမယ်နော်။ အခုလို ရှုပ်ရှုပ်ယှက်ယှက်အသံတွေ အမေမကြားချင်ဘူး။ ဒီတစ်ခါတော့ သားအဖေကို မတိုင်တော့ဘူး။ နောက်မလုပ်ဖူးလို့ ကတိပေး..ကြားလား”

ရှစ်တန်းနှစ် တွင် သူတို့သူငယ်ချင်းတစ်သိုက် ဆေးလိပ်ခိုးသောက်ကြသည်။

ကျောင်းမှ အားကစားဆရာက သူတို့ဆေးလိပ်ခိုးသောက်သည့်နေရာသို့ လာဖမ်းပြီးသည့်နောက် ရုံးခန်းသို့ ပို့လိုက်သည်။

ထိုပြစ်မှုဖြင့် မိဘအခေါ်ခံရပြီး အမေက လက်မှတ်ထိုးလိုက်ရသည်။ ကျောင်းမှ အပြန်တွင် အမေက သူ့ကို ထိုသို့ ဆုံးမခြင်းဖြစ်သည်။

အမေပြောသလိုပင် အဖေသည် အိမ်ထောင့်ဝတ္တရားကျေပွန်သည်။

အသောက်အစားမရှိ။ အရှုပ်အရှင်းမရှိ။ ဘာသာတရားလည်း ကိုင်းရှိုင်းသည်။ သူတို့ မြို့ကလေး၏ အထင်ကရ ဘုရားစေတီတွင် အသက် (၄၀)ဝန်းကျင်ဖြင့် ဂေါပကအဖွဲ့ဝင်ဖြစ်နေသူ။

သူတို့မြို့နှင့် မန္တလေးသို့ ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းတွင်  ကားသုံးစီးခန့် ထည့်ထားပြီး အဖေက ဦးစီးသည်။

အမေကတော့ မိရိုးဖလာလုပ်ငန်းဖြစ်သည့် ပုဆိုးယက္ကန်းစင်များ လုပ်ကိုင်သည်။

အညာဒေသတွင်တော့ သူတို့ မိသားစုသည် သောင်သောင်သာသာ ချောင်ချောင်လည်လည်ထက် ပိုသည့်အခြေနေဖြစ်၏။

အဖေ့ဘက်ကရော၊ အမေ့ဘက်ကပါ မျိုးရိုးစဉ်ဆက် တင့်တင့်တယ်တယ်နေခဲ့ကြသူများဖြစ်သည်။

အဖေနှင့် အမေ့ကို မိဘချင်းသဘောတူပြီး ပေးစားခဲ့သည်ဆိုသော်လည်း အဖေသည် အမေ့အပေါ် သစ္စာမပျက်ခဲ့။

တစ်ခါတစ်ရံ မန္တလေးသို့ ကားကိစ္စနှင့် ညအိပ်ခရီးသွားသည်မှ လွဲပြီး အဖေသည် ညအိပ်ညနေ အိမ်နှင့် ခွဲသည်မရှိ။

သူကိုးတန်းအောင်သော နှစ်တွင် သူတို့မိသားစု မန္တလေးသို့ ပြောင်းဖို့ ဖြစ်လာခဲ့သည်။

အမေ က မန္တလေးတွင် ခြံကွက်တစ်ကွက် အမွေရသည်။ စာတော်သော သူတို့ မောင်နှမသုံးယောက်လုံးကို အမေက ဆရာဝန်ဖြစ်စေချင်သည်။

မန္တလေးဆိုလျင် သူ ၊ သူ့အမ၊ သူ့ညီလေး မောင်နှမသုံးယောက်ထဲက တစ်ယောက်ယောက် ဆေးတက္ကသိုလ်ဝင်ခွင့်ရလျင် အဆင်ပြေနိုင်သည်။

အဖေက လည်း သူတို့မြို့နှင့် မန္တလေးဆွဲနေသော ကားတွေကို ရောင်းပြီး မူဆယ်ဘက်သို့ ပြေးသည့် ဆယ့်နှစ်ဘီးကားများ ထောင်ကာ စီးပွားတိုးချဲ့မည်ဖြစ်သဖြင့် မန္တလေးတွင် အထိုင်ချမည်ဟု ဆုံးဖြတ်သည်။

မန္တလေးမြို့၊ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ မိခင်ဖြစ်သူ အမွေရသော ခြံတွင် သုံးထပ်တိုက်တစ်လုံးဆောက်ပြီးသည်နှင့် မြို့ကလေးကို သူတို့ မိသားစု စွန့်ခွာခဲ့တော့သည်။

မန္တလေး ။

မမ သည် တစ်နှစ်ကြီးသည်။

ညီလေးက သူ့ထက် ငါးနှစ်ငယ်သည်။

မန္တလေးပြောင်းပြီး မကြာမီပင် မမ က ဆယ်တန်းအောင်စာရင်းထွက်လာသည်။

ဂုဏ်ထူး သုံးဘာသာပါသည်။ ယောက်ျားလေးဆိုလျင် ဆေးတက္ကသိုလ်ဝင်ခွင့်ရသည့် အမှတ်ပေါင်းဖြစ်သော်လည်း မိန်းကလေးဖြစ်သည့်အတွက် အမှတ်ပေါင်းမြင့်နေသဖြင့် ဆေးတက္ကသိုလ်ဝင်ခွင့်မရခဲ့။

ဂျီတီစီ သာ တက်ခွင့်ရခဲ့သည်။

သားသမီးသုံးယောက်ထဲမှ တစ်ယောက်ကို ဆရာဝန်ဖြစ်စေချင်သော အမေ့၏ မျှော်လင့်ချက်တစ်ခုတော့ ကျိုးပြတ်ခဲ့ပြီဖြစ်သည်။

ဒီတော့ သူစာကို ဖိကြိုးစားရသည်။ အမေက လည်း သူ့ကို အသည်းအသန်မောင်းသည်။ ဆယ်တန်းတစ်နှစ်လုံး ကျောင်း၊ကျူရှင်၊ ဂိုက် စသည်တို့ဖြင့်သာ သူ အချိန်ကုန်ခဲ့ရ၏။

မြို့ကလေးမှာတုန်းကလို ငယ်ပေါင်းသူငယ်ချင်းတွေမရှိသဖြင့် ဆေးလိပ်ခိုးသောက်တာမျိုးပင် သူမလုပ်ဖြစ်။

ကျောင်းမှ သူငယ်ချင်းများက သူ့အတွက် စိမ်းနေသည်။

 သူ့ အမ ဂျီတီစီကျောင်းတက်ရန် အဖေက ဆိုင်ကယ်တစ်စီးဝယ်ပေးခဲ့ပြီး မကြာမီပင် အိမ်စီးကားကလေးတစ်စင်း ဝယ်ခဲ့သည်။

ကိုကျော်ကျော် ဆိုသည့် အဖေ့တပည့် ယာဉ်မောင်းတစ်ယောက်ပါ ထားပေးသည်။

ထိုကားကလေးက အဖေ အလုပ်ကိစ္စသွားလာလျင်သုံးသလို သူ့နှင့်  ညီလေးကို ကျောင်း၊ ကျူရှင်ပို့သည့်အခါတွင်လည်းသုံးသည်။

အဖေ့တပည့် ကိုကျော်ကျော် က သူတို့ခြံဝန်းထဲတွင် သီးသန့်အိမ်ကလေးဆောက်ပြီးနေသည်။

ဆယ်တန်းတစ်နှစ်လုံး ကျောင်းစာနှင့် လုံးပန်းခဲ့ပြီးနောက် စာမေးပွဲကြီးပြီးသွားခဲ့သည်။

ထိုအခါမှပင်…သူ့ စိတ်တို့ လွတ်လပ်သွား၏။

ကျောင်းပိတ်သည်နှင့် သူလိုချင်သော ဆိုင်ကယ်ကို အမေက ချက်ချင်းဝယ်ပေးသည်။

အိမ်စီးပွားရေးကလည်း တဟုန်ထိုး တက်လာသည်။ မူဆယ်ဘက်သွားသည့် ကုန်တင်ကားကြီးများက သူတို့ခြံဝန်းထဲ တစ်နှစ်အတွင်း နှစ်စီးမှ သုံးလေးစီးဖြစ်သွား၏။

ကျောင်းပိတ်ပြီဆိုသည့်အချိန်မှာ အဖေ နှင့် ပတ်သက်ပြီး သူ သတိထားမိတာတစ်ခုရှိလာသည်။

အဖေသည် ယခင် နယ်မြို့ကလေးမှာကဲ့သို့ မဟုတ်တော့။

ညဘက် အိမ်ပြန်နောက်ကျလာသည်။ တစ်ခါတစ်ရံ မူဆယ်ဘက်တွင် ကားပျက်သဖြင့် လိုက်သွားရမည်ဟုဆိုကာ ကိုကျော်ကျော်နှင့် သုံးလေးရက် ထွက်သွားတတ်သည်။

အိမ်မှာရှိသည့်ရက်ကျပြန်တော့လည်း ကိုကျော်ကျော်၏ အိမ်ကလေးတွင်သာ သူ့အဖေကို အတွေ့ရများသည်။

သူ့အဖေတင်မဟုတ်..သူကလည်း ရပ်ကွက်ထဲ လျှောက်လည်တတ်နေပြီဖြစ်သည်။

ရပ်ကွက်ထဲမှ ဂိမ်းဆိုင်တွင် သွားကစားရာမှ သူငယ်ချင်းများရလာသည်။

ရွယ်တူ ဆယ်ကျော်သက်လူငယ်ကလေးများနှင့် လက်ဖက်ရည်ဆိုင်ထိုင်တတ်လာ၏။ ညဉ့်နက်နက်ကလေးမှာ ဆေးလိပ်ကလေးဖွာပြီး သူအိမ်ပြန်တတ်လာသည်။

သူအိမ်ပြန်လာတိုင်း…ကိုကျော်ကျော် ၏ အိမ်ကလေးထဲမှ အဖေက ထွက်လာပြီး တံခါးဖွင့်ပေးသည်။ ထို့နောက် သားအဖနှစ်ယောက်အတူတူ အိမ်ထဲ ဝင်ကြသည်။

”ကျော်ကျော် က အားကိုးရတယ်။ အလုပ်ကိစ္စ သူနဲ့ပဲ တိုင်ပင်ရတာ”

ရိုးရိုးအအ အမေသည် အဖေ့ကို ယုံသည်။

သူ့တပည့်အိမ် သူသွားပြီး စကားပြောနေသည်မို့ မယုံစရာမရှိ။

ကိုကျော်ကျော် သည် တဖြည်းဖြည်း ရွှေဆွဲကြိုးနှင့် ဟန်းချိန်းနှင့် ဖြစ်လာသည်။

အိမ်တွင်းရေးကိစ္စတွေမှာပါ ကိုကျော်ကျော်က အဖေ့ကိုယ်စား ဆုံးဖြတ်ပေးလာတတ်သည်။

တစ်ညနေတော့ မန္တလေးမြို့တွင်းမှ စတိတ်ရှိုးတစ်ခုသို့ သူ့ သူငယ်ချင်းများနှင့် သွားကြည့်မည်ဟု အိမ်ကို ခွင့်တောင်း၏။

စတိတ်ရှိုးပြီးသည်နှင့် မြို့ထဲမှ သူငယ်ချင်းအိမ်တွင် အိပ်မည်ဟုလည်း အိမ်ကို သူပြောခဲ့သည်။

သို့သော် တကယ်တမ်းက ညဦးပိုင်းတွင် သူတို့အုပ်စုဖွဲ့ အရက်သောက်ကြပြီး တစ်ညလုံး ကဲကြရန် ဖြစ်သည်။

မြို့ထဲက ဆိုင်တစ်ဆိုင်တွင် အရက်သောက်ကြပြီးနောက် သူ့သူငယ်ချင်းတွေက ရပ်ကွက်ထဲရှိ အလှပြင်ဆိုင်တစ်ဆိုင်မှ မိန်းမလျာများနှင့် ညသွားအိပ်ကြရန် တိုင်ပင်ကြသည်။

သူ့အတွက်လည်း ထိုကိစ္စက အတွေ့အကြုံသစ်တစ်ခုဖြစ်နေ၏။

”သိန်းသိန်း” အလှပြင်ဆိုင်သည် သူတို့ ရပ်ကွက်နှင့် တစ်ရပ်ကွက်ကျော်တွင် ဖွင့်ထားခြင်းဖြစ်သည်။

မာမီသိန်း ၏ ဆိုင်သည် မိန်းမလျာကြီးငယ်များ၊ ကာလသားလူငယ်များ အခြေပြုရာ နေရာဖြစ်သည်။

လူငယ်များအကြား မာမီသိန်းဆိုင်က နာမည်ကြီးသော်ငြား သူတစ်ခါမှ မရောက်ဖူးခဲ့။

ထိုညတော့ မူးမူးဖြင့် သူတို့သူငယ်ချင်းလေးယောက် မာမီသိန်း ဆိုင်သို့ ရောက်သွားခဲ့သည်။

မာမီသိန်းက သူ့ထုံးစံအတိုင်း တံခါးတစ်ချပ်ကို ခပ်ဟဟ ဖွင့်ထား၏။

သူတို့လေးယောက်သား အထဲဝင်လိုက်သည်နှင့် ခေါင်းလျှော်ရည်နံ့၊ မိတ်ကပ်အနံ့များ မွှန်မွှန်ထူထူရလိုက်သည်။

မီးရောင်ပျပျအောက်တွင် မိန်းမလို ပြင်ဆင်ထားသည့် အခြောက်မလေး သုံးယောက် တခိခိ နှင့် ရယ်နေကြသည်။

မာမီသိန်းက သူ့ သူငယ်ချင်း ဟန်သာ ကို ညုတုတုဖြင့် စကားတွေပြောနေသည်။

”ဟိတ်..ဒီည..သူငယ်အသစ် ပါတယ်နော်..အဆင်..အဆင်…အဲ့ဒါ..မာမီ..က စားဦးစားဖျားနော်..မထိကြနဲ့..ကြားလာ..ဟိုအခြောက်မတွေ”

ဟန်သာနှင့် သူ့သူငယ်ချင်းတစ်ယောက်က မိန်းမပုံ အခြောက်မလေးနှစ်ယောက်နှင့်အတူ အနောက်ခန်းထဲဝင်သွား၏။

ဧည့်ခန်းတွင် ကျော်နိုင် နှင့် သူ ကျန်ရစ်သည်။ ကျော်နိုင်ကလည်း ကျန်နေသည့် မိန်းမလျာမလေး နှင့် ပူးကပ်နေသည်။

”ကဲ..သား..လာ..သားက ဒီညအထူးဧည့်သည်ဆိုတော့ အသိန်း က တာဝန်ယူပေးမယ်။ အပေါ်ထပ်က အသိန်း အိပ်ရာကို သွားကြမယ်လာ”

တစ်ချပ်တည်း ဟ ထားသော တံခါးကို ပိတ်ပစ်လိုက်ပြီးနောက် သူလည်း မာမီသိန်းခေါ်ရာ လိုက်ခဲ့သည်။

တစ်ခါမှ မတစ်ခါရသေးသည့် ဆယ့်ခြောက်နှစ်သားသည် အတွေ့အကြုံသစ်အတွက် ရင်တွေ တဒိန်းဒိန်းခုန်နေ၏။

မိနစ်ပိုင်းအတွင်း သူ့ကိစ္စပြီးသည်။

မိန်းမလျာမကြီး မာမီသိန်းက ဝင်လာကတည်းက ပိတ်ထားသော အခန်းမီးကို ဖွင့်လိုက်၏။

ထိုအခါမှ အခန်းဘေးတွင် ချိတ်ထားသော ဗီနိုင်းဓာတ်ပုံကို သူသတိထားမိသွားသည်။

မာမီသိန်းနှင့်အတူ တွဲရိုက်ထားသည့် အမျိုးသားက သူတို့အိမ်တွင် နေသည့် အဖေ့တပည့် ကိုကျော်ကျော် ဖြစ်နေသည်။

သူအံသြသင့်သွား၏။

မာမီသိန်းနှင့် ကိုကျော်ကျော် မည်သို့ ဆက်စပ်နေသည်ကို တွေးမရ။

”သား..ဘာတွေကြည့်နေတာလဲ..အဲ့ဒါ မာမီအရင်ယောက်ျားပုံပါ..ဘာလဲ သဝန်တိုနေတာလား”

”ဟင်..ဘယ်လို..မာမီ”

”အယ်မလေး..မပြောချင်ပါဘူးအေ…ကျုပ်တယုတယမွေးထားတဲ့ လင်ကလေး ကိုလေ..မနေ့တနေ့ကမှ တောက  တက်လာတဲ့ အပုန်းသူဌေး က ကားမောင်းသင်ပေးမယ်ဆိုပြီး ဆနိုက်ကျော်သွားတယ်လေ…အခု ဒင်းက သူဌေးလင်ဖြစ်နေပြီ”

သူ စိတ်ထဲ ဒွိဟများဖြင့် ရှုပ်ယှက်ကုန်၏။

တောကတက်လာတဲ့ အပုန်းသူဌေး တဲ့။ 

”သူက အခု ဘယ်ရောက်သွားပြီလဲ..မာမီ”

”ရှိပါ့တော်..ဟိုဘက်ရပ်ကွက်က တိုက်စိမ်းကြီးမှာလေ..သူ့ဟာမကြီးက ခြံထဲမှာ အိမ်သက်သက်တောင် ဆောက်ထားပေးသေး”

”ဗျာ”

…………………………………..

ဆယ်တန်းအောင်စာရင်းထွက်ပြီ။

သူ ဂုဏျထူး ငါးဘာသာ ပါ၏။

ထိုနေ့က သူတို့ မိသားစု ပျော်ကြသည်။ အထူးသဖြင့် ဆရာဝန်အိပ်မက် မက်နေသော အမေက အဆိုးဆုံး။

တစ်နေကုန်လျှောက်လည်ကြပြီး မိသားစုဓာတ်ပုံရိုက်ကြသည်။

သူ လည်း ပျော်ပါသည်။ သို့ပေတည့်…လွန်ခဲ့သည့်တစ်လက မာမီသိန်းဆိုင်တွင် သူသိခဲ့ရသည့် ကိစ္စ က သူ့စိတ်ကို နှောင့်ယှက်နေသည်။

အဖေ စိတ်ချယုံကြည်လွန်းသော သူ့တပည့်ဆိုသူ ကိုကျော်ကျော် သည် မိန်းမလျာမကြီးတစ်ဦး၏ လင်ယောက်ျားဖြစ်ခဲ့ဖူးသည်။

မာမီသိန်းပြောသည့် တောက အပုန်းသူဌေး ဆိုသည်မှာ မည်သူနည်း။

သူ့ အဖေလား။

သူ ဆက်မတွေးရဲ ။ အဖေသည် ယောက်ျားစစ်စစ်မို့ သူတို့ သားသမီးသုံးယောက်ကို မွေးထားသည်မဟုတ်လား။ ဒါဆို မာမီသိန်းပြောသည့် အပုန်းမဆိုသည်မှာ မည်သူနည်း။

သူဆေးတက္ကသိုလ် ဝင်ခွင့်ရသည်။

သူဆေးတက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေသည့်ကာလ သည် သူ့အတွက် ပိုလွတ်လပ်သည့် ကာလများဖြစ်လာသည်။

အဖေရော အမေကပါ အစစအရာရာ သူ့ကို ပျော်ခွင့်ပေးထားသည်။

ညဘက် မိုးချုပ်သည်အထိ သူငယ်ချင်းများနှင့် ဂိမ်းဆော့ဖြစ်သည်။ အိမ်ထဲ ပြန်ဝင်လို့ရအောင် ခြံသော့အပိုတစ်ချောင်းကိုလည်း အမေက ပေးထား၏။

သူသည် အိမ်တွင် အခွင့်ထူးခံဖြစ်နေသည်။

မာမီသိန်းဆီ ထပ်ရောက်ဖြစ်သည်။ ကိုကျော်ကျော့် အကြောင်းတီးခေါက်ကြည့်သည်။

”အဲ့ဒီ အပုန်းသူဌေး က မာမီဆိုင်ကို လွန်ခဲ့တဲ့ တစ်နှစ်က ဝင်ထွက်နေတာ။ တောက တက်လာပြီးရင် မာမီဆီမှာ လာပြီး သူငယ်တွေ နဲ့ ချိတ်ပေးဖို့ ပြောတတ်တယ်။ မာမီလင်နဲ့လည်း ခင်နေတာလေ။ သူက ကားတွေအများကြီးပိုင်တယ်တဲ့။ မာမီလင်ကို ကားမောင်းသင်ပေးမယ်ပြောတယ်။ မာမီလင်လေးက လည်း သင်ချင်တယ်လေ။ မာမီလည်း ခွင့်ပြုလိုက်တာပေါ့။ အဲ့ဒီမှာ သစ္စာဖောက်ကောင်က ဟို အပုန်းမနောက် ကောက်ကောက်ပါအောင် လိုက်တော့တာပဲ။ အခုလည်း မာမီနဲ့ တစ်ရပ်ကွက်ကျော်မှာ ဟိုက သူ့မိသားစုပါ ခေါ်ပြီးလာနေသတဲ့လေ။ အပုန်းမက မိန်းမနဲ့ ကလေးနဲ့။ ဒါကိုပဲ…ဒင်းကို ခြံထဲ အိမ်တစ်လုံး သီးသန့်ဆောက်ပေးပြီး ပေါင်းနေတာလေ”

အဖေ ဟာ မိန်းမလျာတစ်ယောက်လား။

သူ အာရုံတွေ နောက်လာသည်။ သေချာရေရာမှုတစ်ခုကို သူအတည်ပြုရန် လိုလာသည်။

မှတ်မှတ်ရရ အမေ က သူတို့ဇာတိမြို့လေးသို့ နာရေးတစ်ခုဖြင့် ခေတ္တပြန်သွားသည့် ရက် တွင် အဖေ နှင့် ကိုကျော်ကျော် တို့၏ ပကတိအခြေအနေကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့သည်။

အဖေရှိနေသော ကိုကျော်ကျော်၏ အိမ်ဘက်သို့ သူကိုယ်တိုင် သွားရောက်ချောင်းမြောင်းခဲ့ခြင်းပင်။

ကိုကျော်ကျော် နှင့် နှစ်ဦးတည်းအတူရှိနေသောအခါ အဖေသည် ပီဘိမိန်းမကြီးတစ်ယောက်လို နေထိုင်နေ၏။

ထိုမြင်ကွင်း..ထိုအသံတို့မှ သူအဝေးဆုံး ပြေးသွားချင်သည်။

ရှက်စိတ်လား..နာကြင်စိတ်လား..အံသြစိတ်လား ဘာမှန်းမသိသည့် ခံစားချက်တို့ သူ့စိတ်ထဲ ပြွတ်သိပ်တိုးဝှေ့နေကြသည်။

အမေ အမြဲတမ်း ချီးမွှမ်းခဲ့သော အဖေ။ သူတိုက တစ်မိသားစုလုံးက ဘုရားတစ်ဆူလို လေးစားခဲ့ရသောအဖေ။

ဒီကိစ္စကြီးကို ကျန်သည့်သူများ သိသွားခဲ့လျှင်ရော။

အမေ၊ မမ နှင့် ညီလေး သာ ဒီအဖြစ်ကို သိသွားခဲ့လျင်ရော။

သူ့အတွက်တော့ သူတလေးတစားဖြစ်ခဲ့ရသော ရွှေတောင်ကြီးပေါ်တွင် ဘာမှမဟုတ်သည့် လူတစ်ယောက်က မစင်တက်စွန့်နေသလို ခံစားရသည်။

အဖေသည် မိန်းမလျာ တစ်ယောက်လား။

သူ့ဘဝတွင် မိန်းမလျာများစွာ တွေ့ဖူးခဲ့သည်။ သို့သော် သူ့အဖေ ကျမှ သားနှင့်မယား နှင့် ရှိလျက်နှင့် မိန်းမလျာစိတ်ဖြစ်နေသည်လား။

အဖေ့ကို ဒီကိစ္စ ပွင့်ပွင့်လင်းလင်းမေးရမည်လား။

ဒါမှမဟုတ် အမေ့ကို ဖွင့်ပြောရမည်လား။

အမေကရော သိသည်လား။

လားပေါင်းများစွာဖြင့် ထိုည က သူအိပ်မပျော်ခဲ့။

နောက်တစ်ပတ်ဆိုလျှင် မန္တလေး ဆေးတက္ကသိုလ် ၊ ပထမနှစ် သို့ သူတက်ရတော့မည်။

…………………………………………………………..

ကျောင်းစတက်သည့်နေ့။

ဒီနေ့တော့ အဖေကိုယ်တိုင် သူ့ကို ကားမောင်းလိုက်ပို့ပေးသည်။

သူ ရင်ခုန်နေသည်။

ကျောင်းစတက်ရမည်မို့မဟုတ်။ အဖေနှင့် သူ နှစ်ယောက်တည်းရှိချိန် အဖေ့ကို သူမေးမည့် မေးခွန်းတစ်ခုကြောင့်ဖြစ်သည်။

”ဖေကြီး…ဖေကြီး နဲ့ ကိုကျော်ကျော်က ဘာတွေလဲ”

အဖေ့ မျက်နှာ ပျက်သွားပါသည်။

ကားမောင်းနေရင်း အဖေ အကြောင်းမဲ့ ရယ်ပါသည်။

”ဆရာ တပည့်တွေလေ..သားရဲ့..ဘာတွေမေးနေတာလဲ”

သူ ဘာမှ ဆက်မမေးဖြစ်တော့။

ရှေ့တွင် ဆေးတက္ကသိုလ်(မန္တလေး) က သူ့ကို ကြိုဆိုနေသည်။

”သား..လာ.ကျောင်းထဲမဝင်ခင်..ကျောင်းရှေ့မှာ ဓာတ်ပုံရိုက်ရအောင်..အဖေ့မှာ ကင်မရာပါတယ်”

သူ၏ ဆေးကျောင်းသားဘ၀ ပထမဆုံးနေ့ရက်။

ဆေးတက္ကသိုလ်ဆိုင်းဘုတ်ရှေ့တွင် အဖေက သူ့အား ဓာတ်ပုံရိုက်ပေးပါသည်။

ဓာတ်ပုံထဲ တွင် သူပြုံးနေပါသလား။

(၃)

သူ့စကားဆုံးသောအခါ ရှေ့မှ ဓာတ်ပုံများထဲက မိသားစုပုံနှင့် ဆေးတက္ကသိုလ်ရှေ့မှ ပုံတို့ကို ကျွန်တော် ပြန်ကြည့်မိသည်။

ဓာတ်ပုံနှစ်ပုံ၏ သမိုင်းကိုတော့ ကျွန်တော် သိရပါပြီ။

ရွှေလီမြို့တွင် ရိုက်ထားသည့် ဆံပင်ရှည်ရှည် လမ်းသရဲပုံစံနှင့် ဓာတ်ပုံအကြောင်းကိုတော့ ကျွန်တော် မသိရသေး။

”ကဲ..ခုန ကျွန်တော်မေးတယ်လေ..ခင်ဗျားအဖေက မိန်းမလျာဖြစ်နေရင် ခင်ဗျားဘယ်လိုခံစားရမလဲဆိုတာ…ခင်ဗျားမဖြေနိုင်ဘူးမဟုတ်လား…ကျွန်တော်လည်း အခုထိ အဲ့ဒီ ခံစားချက် ကြီးကို ဘယ်လို ဖွင့်ဆိုပြရမှန်းမသိဘူး”

……………………………………….

ကျွန်တော်တို့ နှစ်ယောက်လုံး ခဏ တိတ်ဆိတ်နေကြသည်။

သူ့ဆီသို့ ကျွန်တော် နေ့လည်ပိုင်းကတည်းက  ရောက်ပြီး စကားထိုင်ပြောနေသည်မှာ သုံးနာရီခန့်ကြာသွား၏။

ညနေ လေးနာရီပင် ထိုးလုပြီ။

”ခင်ဗျား…သောက်တတ်လားဗျ”

သူ့ အကြောင်း သူပြောပြသည့်အခါ ဒုက္ခကြီးတစ်ခုကို ညှစ်ထုတ်ပြရသလိုမျိုး ပင်ပန်းလှသည်ထင်။

သူတင်မက ကျွန်တော်ပင် သူ့နေရာက ခံစားပြီး မွန်းမွန်းကြပ်ကြပ်ခံစားချက်ကြီးဖြစ်နေသည်။

”ကျွန်တော့်မှာ ဝီစကီကောင်းကောင်းတစ်လုံးရထားတယ်။ စကော့ဝီစကီဗျ။ ညနေလည်းစောင်းပြီဆိုတော့ သောက်ရင်းစားရင်းပြောကြမလား”

”အင်း..ကောင်းတာပေါ့..ဒါပေမယ့်..ကျွန်တော် ဟိုတယ်ကိုတော့ အချိန်မီ ပြန်မှဖြစ်မယ်”

”ရပါတယ်..အပြန်ကျွန်တော်လိုက်ပို့ပေးမယ်…ရွှေမင်းသမီးမှာ တည်းတာမဟုတ်လား…သူက ည ဆယ်နာရီလောက်အထိတော့ ဖွင့်ပါတယ်..အခုမှ လေးနာရီရှိသေးတာပဲ..ကဲ..ခင်ဗျား..ဒီမှာ ခဏစောင့်နော်..ကျွန်တော် ရေခဲနဲ့ အမြည်းနည်းနည်းသွားထွက်ဝယ်လိုက်မယ်”

ဆိုင်ကယ်ကို စက်နှိုးပြီး သူထွက်သွားသည့်နောက် အသံဖမ်းစက်ကို အားသွင်းထားရင်း သူ့အကြောင်းကို ကျွန်တော်ပြန်တွေးကြည့်သည်။

ဆယ်ကျော်သက်ဘဝတွင် သူကြုံရသည့် အဖြစ်အပျက်ကြီးက တော်တော်ခက်ခက်ခဲခဲကိစ္စဖြစ်သည်။

အဖေက မယားငယ်နေသည့် ဇာတ်လမ်းမျိုး ဖန်တရာတေအောင် ကြားဖူးကြသော်လည်း အဖေက တစ်ခြားယောက်ျားတစ်ယောက်ဖြင့် ဖောက်ပြန်နေသည်ဆိုသည်ကတော့…အတော်စိတ်ပျက်စရာကိစ္စကြီးဟု ကျွန်တော်တွေးမိသည်။

သူတို့ မိသားစု ဘာတွေဆက်ဖြစ်ကြမည်နည်း။

ခဏကြာတော့ စားစရာသောက်စရာတွေ ၊ ရေခဲတွေ နှင့် သူပြန်ရောက်လာသည်။

စားဖို့သောက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတော့ ကျွန်တော်တို့ စကားဝိုင်းကို ပြန်စဖြစ်၏။

”ကျွန်တော် ဆေးပညာကို သင်ယူနေရင်း စာတွေလျှောက်ဖတ်ကြည့်တော့မှ အဖေ့ ပြသနာကို နည်းနည်းသိလာတယ်..သူ့ ရဲ့ လိင်စိတ်တိမ်းညွှတ်မှုက ယောက်ျားရော၊ မိန်းမ တွေ အပေါ်မှာပါ ရှိနေတာ။ လွယ်လွယ်ပြောရရင် နှစ်ဖက်ချွန်ပေါ့ဗျာ ။ ဒါဟာ..သဘာဝက ပေးလိုက်တဲ့ မွေးရာပါကိစ္စကြီး။ ဒါအဖေ့အပြစ်မဟုတ်ဘူးဆိုတာ ကျွန်တော်နားလည်တယ် ။ ဒါပေမယ့်ဗျာ…အဖေ ဟာ ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ မိသားစုဘယ်လောက်အရှက်ကွဲခဲ့ရလဲဆိုတာ အဖေ မတွေးခဲ့ဘူး။ မိသားစုဆိုတာထက် ကျွန်တော်က ပိုခံစားခဲ့ရတယ်။ အပေါင်းအသင်းတွေကြား အရှက်ရခဲ့ရတယ်”

သူ က ဆယ့်ငါးမိနစ်လောက်အတွင်း ဝီစကီ နှစ်ခွက်ကို မော့ပြီးသွားပြီဖြစ်သည်။

”ကျွန်တော် ဆေးကျောင်းတက်နေရင်း နံပါတ်ဖိုး စွဲခဲ့တာ အဖေ့ကြောင့်လို့ ပြောလို့ရတယ်”

……………………………………………………………………………………………………………….

သူဆေးတက္ကသိုလ်တက်ပြီး လေးလခန့်အကြာတွင် ကိုကျော်ကျော်ကို အဖေက အလုပ်ထုတ်ပစ်လိုက်သည်။

အဖေနှင့် ကိုကျော်ကျော် တို့ဆက်ဆံရေးကို သူ ရိပ်မိနေသည်ဟု ထင်သဖြင့် အဖေက ကိုကျော်ကျော်ကို ပထုတ်လိုက်ခြင်းဖြစ်ပေမည်။

နောက်ပိုင်း မာမီသိန်းတို့ဆီမှ သတင်းအရ အဖေက ကိုကျော်ကျော်ကို သိန်းသုံးဆယ်ပေးပြီး အမ်းထုတ်လိုက်သည်ဟု သူသိရသည်။

ဘာပဲဖြစ်ဖြစ် သူ့ကြောင့် အဖေပြုပြင်ဖို့ ဆုံးဖြတ်လိုက်သည်ဟု တွေးကာ ကျေနပ်မိသည်။

သို့သော်..ကျေနပ်မှုကား ကြာရှည်မခံခဲ့။

အဖေ သည် ကိုကျော်ကျော်မရှိသည့်နောက်ပိုင်း အခြား မိန်းမလျာတစ်ဦးဖွင့်ထားသည့် အလှပြင်ဆိုင်ကို ညတိုင်းလိုလိုသွားလေ့ရှိလာသည်။

မိန်းမလျာဆိုင်တို့၏ ထုံးစံအတိုင်း လူငယ်လေးများတစ်ရုံးရုံးဆိုတော့ အဖေသည် ထိုနေရာတွင် သူ့စိတ်ကျေနပ်မှုကိုရှာသည်။

သူ့ သူငယ်ချင်းအချို့ပင် အဖေနှင့် ဆုံခဲ့ရသည်။

သူငယ်ချင်းများက သူ့ကို ဘာမှ မပြောကြသော်လည်း ကွယ်ရာတွင် တီးတိုးစကားများကို သူပြန်ကြားရသည်။

ကျောင်းမှ ပြန်လာတိုင်း လက်ဖက်ရည်ဆိုင်ထိုင်၊ ဂိမ်းဆော့တတ်သည့် သူသည် ရပ်ကွက်ထဲမှ လူတစ်ချို့၏ အကြည့်များ၊ မျက်နှာပေးများကို  မနှစ်မြို့ဖြစ်လာ၏။

အဖေ့ အခြေအနေကြည့်တော့လည်း ည ကိုးနာရီကျော်လျင် အဖေ ပျောက်သွားသည်။ ဆယ့်နှစ်နာရီကျော်လောက်မှ ပြန်လာတတ်သည်။

အမေက တော့ သူ့ယောက်ျားအကြောင်း သိပြီးဖြစ်ချင်လည်းဖြစ်မည်။ လုံး၀ မသိတာလည်းဖြစ်မည်။

ဒီကိစ္စမျိုးဆိုသည်က ကာယကံရှင်များက နောက်ဆုံးမှ သိကြရသည်မျိုး။ 

သူကတော့ ရပ်ကွက်နှင့် အဆက်အစပ်ရှိသူတစ်ယောက်မို့ သတင်းတွေကြားရသည်။

အဖေ့ကို ကြည့်ကာ နာကြင်ရသည်။

အဖေသည် သူ၏ သူငယ်ချင်းများကို ပင် အလွတ်မပေးခဲ့။

 ဂေးတွေ၊ သူငယ်တွေ နှင့် သူ့ဘဝတစ်ခုကို တည်ဆောက်ပြီး ပျော်မွေ့နေသည်။

ထို့ကြောင့် သူ ကျောင်းမှ အိမ်ပြန်ရောက်သည်နှင့် အပြင်မထွက်ရဲ။

ဒီကြားထဲ သူ့အမကလည်း အိမ်ထောင်ပြုသွားသည်။ အဖေ့သတင်းများကို မမ လည်း မကြားပဲ နေမည်မဟုတ်။

ငွေကြေးမည်မျှပင် ချမ်းသာပြည့်စုံနေပါသော်လည်း ထိုကိစ္စကြီးက သူ့အတွက် လူကြားထဲ ခေါင်းမဖော်ဝံအောင်ဖြစ်နေသည်။

အပုန်းကြီးသား လေကွာ။ ဒီကောင်တွေ အဖေကလေ..ဟိုညက။ သားကြီး..မင်းဘိုးတော်ကို ကြည့်ပြောထားဦး။

ထိုထိုသော စကားသံတွေက သူ့ကို လူတွေနှင့် ပိုဝေးကွာလာစေသည်။

ပထမနှစ် အပိုင်း(ခ) ကို အောင်ပြီးသည့်နောက် ဒုတိယနှစ်တက်ခါစတွင်  ကျောင်းအနီးမှ အဆောင်သို့ ပြောင်းနေမည်ဟု အိမ်ကိုပူဆာသည်။

အိမ်က ခွင့်ပြု၏။ ဆရာဝန်ဖြစ်လျင်ပြီးရော..အရာရာ သူ့သဘော။

ထိုနေရာတွင် သူ့ပတ်ဝန်းကျင်အသစ်ကို တည်ဆောက်သည်။

အပျော်ကိုရှာသည်။ ကျောင်းတက်ချိန်တွေ မမှန်။ အပေါင်းအသင်းအသစ်တစ်ချို့လည်းရသည်။

အရက်ဆိုင်ထိုင်သည့်အချိန်က များလာသည်။ မူးသည်။ ရူးသည်။ ရမ်းသည်။

ကျောင်းတွင် လူဆိုးစာရင်းဝင်လာသည်။

အပေါင်းအသင်းတစ်ချို့ကောင်းမှုဖြင့် မူးယစ်ဆေးဝါးကို သူစတင်မြည်းစမ်းကြည့်သည်။

ဘိန်းဖြူ။

သူ့အတွက် အဆင်ပြေသည်။

သူမေ့ချင်တာတွေ အားလုံးမေ့ထားလို့ရသည်။

တက်တူးတွေထိုးသည်။ ပန့်ခ်ပုံစံ ဝတ်စားဆင်ယင်မှု များ လုပ်သည်။ သူ့ပုံစံက ဆေးကျောင်းသားတစ်ယောက်ဆိုသည်ထက် တကယ့် လမ်းသရဲတစ်ဦးနှင့် တူလာသည်။

ဆေးတက္ကသိုလ် ဒုတိယနှစ် အပိုင်း(ခ) ကို သူဘယ်လိုမှ မအောင်ခဲ့။ နောက်ဆုံး ဆေးတက္ကသိုလ်မှ ထွက်ခဲ့ရသည်။

သူ မပြန်ချင်သည့် ရပ်ကွက်ထဲကို သူပြန်လာရသည်။ အဖေ့ ရဲ့ ဇာတ်လမ်းတွေကို သူပြန်ကြားရတော့မည်။

အမေက ငိုကာယိုကာနှင့်။

 အဖေက သူ့ကို ဆူမည်မာန်မည် ပြင်တိုင်း သူစိုက်ကြည့်လိုက်လျင် သက်ပြင်းချပြီး လှည့်ထွက်သွားတတ်သည်။

အဖေ နှင့် သူ ကား အပြစ်ကိုယ်စီကျူးလွန်ထားကြသူတွေလို ဖြစ်နေသည်။

”ကျွန်တော် ကားလိုက်မယ်”

အဖေ့ ကုန်ကားတွေ ပေါ် သူရောက်ခဲ့၏။

အုံနာ၏ သားမို့…အေးအေးဆေးဆေးသက်သက်သာသာပင်။

မူဆယ် သည် သူ့အတွက် နိဗ္ဗာန်ဘုံကြီးဖြစ်လာသည်။ နံပါတ်ဖိုးရသည်။ ဒဗလျူဝိုင်ရသည်။ အစုံ အစုံရသည်။

အဖေ့အလုပ်ကို ဘာမှသူမလုပ်။ ဟိုက တည်းခိုခန်းတစ်ခုမှာ နေပြီး အိမ်ကနေ ငွေလိုလျင် လှမ်းတောင်းသည်။

အဖေက အိမ်ပြန်လာဖို့ နားချသည်။ အိမ်ပြန်မလာလျင် ငွေမထောက်ဟု ခြိမ်းခြောက်သည်။

သို့သော်..သူ မန္တလေးသို့ မပြန်ဖြစ်တော့။ ထိုခေတ်အခါက မူဆယ်မြို့ သည် တရုတ်ဆိုင်ကယ်ဈေးကွက်ကြီးစိုးနေသည်။

အဖေ့ထံမှ နောက်ဆုံးတောင်းရသော ငွေအချို့ဖြင့် ဆိုင်ကယ်သုံးစီးကို ဝယ်ရောင်းလုပ်သည်။

တရုတ်ပြည် ကြယ်ခေါင်မြို့ထဲမှ ဆိုင်ကယ်ကို  ဝယ်ပြီး လားရှိုးသို့ ဆင်းခြင်းဖြစ်သည်။

တစ်ခါတစ်ရံ မူးယစ်ဆေးဝါးလေးပါ  ဆိုင်ကယ်များထဲ ကယ်ရီထည့်သယ်သွားသေးသည်။

မူဆယ်တွင် သူနေပြီး တစ်နှစ်ကျော်ကြာလာသောအခါ..အမေက သူ့ကို အိမ်ပြန်လာဖို့ ဖုန်းဆက်ခေါ်သည်။ မိသားစုအတွက် အရေးကြီးသည့် ပြသနာတစ်ခုပါရှိနေသည်ဟု ဆို၏။

သူပြန်သွားသည့်အခါ..အဖေနှင့် အမေ ကွဲကြမည့်  ကိစ္စဖြစ်နေသည်။

သူမရှိသည့် တစ်နှစ်အတွင်း အိမ်၏ အခြေအနေလည်း တော်တော်ပင် ပြောင်းလဲသွားခဲ့သည်။

အဖေ သည် သူ့ဇာတ်လမ်းရှုပ်များကြောင့် ကုန်ကားတစ်စီးကို ရောင်းလိုက်ရသည်။

သူ့ညီကို ပြင်ဦးလွင်ရှိ ဘော်ဒါတစ်ခုတွင်ပို့ထားသည်။

 အမေ ကလည်း စံလွဲနေသည့် အိမ်ထောင်ရေး ကို ရှောင်လွဲနိုင်ရန် သူ့ဆွေမျိုးများရှိရာမြို့သို့သာ အမြဲတမ်းသွားနေထိုင်၏။

ထိုတွင် ချဲထီထိုးခြင်းကို မက်မက်သက်သက်လုပ်လာသည်။ အကြွေးက လည်ပင်းခိုက်လာသည်။

နောက်ဆုံး အကြွေးတွေ ရှင်းဖို့ အဖေကိုပြောတော့ ပြသနာတွေတက်ကြသည်။

ဒီလိုနှင့် သူတို့ မိသားစုလေး ပြိုကွဲဖို့ ဖန်လာခြင်းပင်။

အကြွေးများအားလုံးဆပ်ပြီး ကုန်တင်ကားနှစ်စီးသာကျန်သည်ကို ရောင်းပြီး အဖေနှင့် အမေခွဲယူသည်။ အမေ့ဘက်က အမွေရသောခြံကိုမူ အမေကသာယူသည်။

အမကလည်း သူ့အိမ်ထောင်နှင့်သူ။ ညီလေးကိုတော့ အမေက စောင့်ရှောက်မည်။

သူ့ကိုတော့ အဖေက ဆက်လက်ထောက်ပံ့ပေးမည်ဟုဆိုသည်။

သို့သော် သူ အဖေနှင့် လုံး၀ မပတ်သက်ခြင်တော့။

ကုန်ကားရောင်းရသည့်ငွေထဲမှ အမေ့ထံမှ ငါးသိန်း၊ အဖေ့ထံမှ ငါးသိန်းယူကာ ငွေဆယ်သိန်းနှင့် မူဆယ်သို့ သူပြန်တက်လာခဲ့သည်။

သူ့ဘ၀ သူတည်ဆောက်မည်။

မူဆယ်ရောက်တော့ အခန်းတစ်ခုကို နှစ်ရှည်ငှားလိုက်သည်။ ကျန်သည့်ငွေကို ဆိုင်ကယ်လုပ်ငန်းထဲ ပစ်ထည့်သည်။

ရသည့်ငွေကို အရည်ဖျော်သည်။ အငွေ့ရိုက်သည်။

နှစ်ဖက်နယ်စပ်ရှိ ဟိုတယ်တွေ၊ လောင်းကစားဝိုင်းတွေ၊ ကလပ်တွေ မှာ သူပျော်မွေ့သည်။

မကြာမီ သူ့ထံ ကံဆိုးမှုက ရောက်လာသည်။

လားရှိုးမရောက်မီ ဂိတ်တစ်ခုတွင် သူ့ဆိုင်ကယ်များအဖမ်းခံရသည်။ တစ်စီးသာ လွတ်သည်။

အရင်း၊ အမြတ်ကို ထိုဆိုင်ကယ်များဖြင့် လည်ပတ်နေသူမို့ သူ့အတွက် အခက်တွေ့သွား၏။

ကျန်သည့် ဆိုင်ကယ်တစ်စီးစာငွေကလေးဖြင့် ရပ်တည်ဖို့ရာမဖြစ်နိုင်။

အထူးသဖြင့် သူ့သုံးနေသည့် မူးယစ်ဆေးဝါး ၊ သူနေထိုင်သည့် အခန်းစရိတ်များက သူ့ကို ဖိစီးနေ၏။

ထိုအချိန်တွင်  သူ့အဖေ ၏ မိတ်ဆွေဖြစ်သူ လော်ပန်နှင့် သူတွေ့ရခြင်းဖြစ်သည်။

မူဆယ်မြို့ထဲမှ သူထိုင်နေကျ စားသောက်ဆိုင်တွင် လော်ပန်နှင့် ဆုံခြင်းပင်။

လော်ပန်သည် တရုတ်နိုင်ငံသားဖြစ်သည်။ သူ့အဖေ နှင့် လုပ်ငန်းအတူလုပ်ကိုင်ဖူးသဖြင့် သူ့ကို မှတ်မိနေသည်။

ထိုနေ့ည လော်ပန်က သူနှင့်အတူ လာသောက်ရန်ဖိတ်သည်။

အရက်ကောင်းမသောက်ရသည်မှာ ကြာပြီဖြစ်သဖြင့် လော်ပန်နှင့်  အရက်အတူသောက်ဖြစ်သည်။

တကယ်တော့ လော်ပန်သည် သူ့အဖေလိုပင်..လိင်စံလွဲနေသူ မိန်းမလျာအပုန်းတစ်ယောက်။

ထိုည လော်ပန်နှင့်  သူလိုက်သွားသည်။ လော်ပန်၏ သွေးဆောင်ရာကို သူလိုက်ပါမိသည်။

မနက်ကျ လော်ပန်က သူ့ကို ယွမ် ၁၀၀၀ မုန့်ဖိုး ပေးလိုက်သည်။

ပျော်လိုက်သည့်ဖြစ်ခြင်း။ ထိုငွေက မူဆယ်တွင် သူလဝက်ခန့်  ကောင်းကောင်းသုံးနိုင်သော ပမာဏဖြစ်သည်။

နောက်တစ်ပတ်လည်း လော်ပန်နှင့် ချိန်းဖြစ်ပြန်သည်။ လော်ပန်လောင်းကစားလုပ်ရာဝိုင်းသို့ သူပါသွားခြင်းဖြစ်သည်။

ဒီတစ်ခါတော့ လောင်းကစားဝိုင်းမှ လော်ပန်များသည် သူ့လော်ပန်လိုပင် မိန်းမလျာကြီးများဖြစ်နေသည်ကိုတွေ့ရသည်။

ထိုညက လော်ပန် နှင့်ပင် သူနှစ်ပါးသွားရသည်။


(၄)

”ကျွန်တော် အဖေ့အတွက် ရှက်ခဲ့တယ်။ ပြီးတော့ အဖေ့ ကို ကပ်ပြီး ချူစားခဲ့တဲ့ ကိုကျော်ကျော်လို လူမျိုးကို သဘောမကျဘူး။ မုန်းခဲ့တယ်။ ဒါပေမယ့်..ကျွန်တော်က အဲ့ဒီအချိန်မှာ ကိုကျော်ကျော်လို လူဖြစ်လာခဲ့တယ်။ ဒါ အဖေ့ ဝဋ်တွေ ကျွန်တော့်ဆီ လာလည်နေတာလားလို့တောင် ထင်မိတယ်”

ဝီစကီသည် တဝက်ကျိုးပေပြီ။

သူ အာတွေ သွက်လာသည်။ အယ်ကိုဟောက ခံစားချက်တွေကို အရောင်ပိုမိုတောက်စေသည်။

”ဒီတော့..နောက်ပိုင်း ခင်ဗျား အဲ့ဒီ နယ်စပ်က မိန်းမလျာသူဌေးတွေနဲ့ ပဲ အလုပ်ဖြစ်နေတယ်ပေါ့”

”ရယ်တော့ ရယ်ရတယ်ဗျ…တရုတ်ပြည်မှာက မိန်းကလေးနည်းတယ်။ ယောက်ျားများတယ်။ နောက်ပြီး တရုတ်မိန်းမလျာချောချောလေးတွေလည်း ပေါမှ  ပေါပဲ။ အဲ့ဒီ အသက်ကြီးနေတဲ့ အပုန်းကြီးတွေအတွက်တော့ ယောက်ျားရှားတယ်ဗျ။ နောက်ပိုင်း ကျွန်တော်က ကြယ်ခေါင်ထဲက ဟိုတယ်တစ်ခုနဲ့ ချိတ်ဆက်မိသွားတယ်။ အော်ဖာလိုက်တယ်။ အော်ဖာဆိုတာ ယောက်ျားဖာပေါ့ဗျာ။ မိန်းမလျာတွေနဲ့ ပဲ နေရပါတယ်။ မိန်းမအစစ်နဲ့တော့ မနေရဘူး”

”နေဦးမှ..အဲ့ဒီတုန်းက ခင်ဗျား က လူငယ်တစ်ယောက်လေ။ သွေးသားတောင့်တမှုအတွက်ရော မိန်းမတွေနဲ့ မနေချင်ခဲ့ဖူးလား။ ဆိုလိုတာဗျာ…ရည်းစားလေးဘာလေး မထားဘူးလား”

”ကျွန်တော့်အတွက် အဓိကက မူးယစ်ဆေးဗျ။ ဘိန်းဖြူကို အစပိုင်းက လုပ်ပေမယ့် နောက်ပိုင်း ဈေးမလိုက်နိုင်တာရယ်..လုပ်ငန်းခွင်မှာ အဆင်မပြေတာရယ်ဖြစ်လာတယ်။ ဘိန်းက မှိန်းလွန်းတယ်လေဗျာ။ ဒါနဲ့ ကျွန်တော် ယာဘသုံးတယ်။ ဒီကောင်က ကျွန်တော်တို့နဲ့ ကိုက်တယ်။ တစ်ညလုံးလန်းနေတာ။ မိန်းမကိစ္စ တစ်ခါတစ်လေ ပြည့်တန်ဆာတန်းသွားတာလောက်ပဲရှိတယ်”

”အဲ့ဒီလို ဖြစ်နေတာ ဘယ်လောက်ကြာလဲ”

”သုံးနှစ်လောက်ကြာတယ်။ အဲ့ဒီလောကထဲမှာ ကျွန်တော်က ရွှေလီ အထိ နာမည်ပေါက်တယ်။ ရွှေလီ က မိန်းမလျာတွေ ခေါ်လို့ သုံးလေးခါ လိုက်ဖူးတယ်။ ရတဲ့ငွေနဲ့လည်း အဆင်ပြေနေတာပဲ။ ဒါပေမယ့် နောက်ပိုင်း ကျန်းမာရေးက သိသိသာသာဖြစ်လာတယ်ဗျ။ ယာဘကြောင့် ရုပ်က နည်းနည်းပျက်လာတယ်။ သွားတွေ ကျိုးလာတယ်။ အဲ့ဒီအချိန်အထိတော့ ကိုယ့်မှာ အိတ်အိုင်ဗွီ ရှိတာ မသိသေးဘူး”

”ဘယ်နှယ့်တော့မှ သိသွားတာလဲ”

”မူဆယ်မြို့ထဲမှာ သင်္ကြန်တွင်း ကျွန်တော် ဆိုင်ကယ်မှောက်တယ်။ အဲ့ဒီမှာ အရိုးက အက်သွားတယ်။ မူဆယ်မှာ ကုမရတော့ ရွှေလီအထိ သွားကုဖို့ လုပ်တယ်။ ရွှေလီက တရုတ်ဆေးရုံတစ်ခုမှာ တက်နေရင်း သွေးစစ်တဲ့အခါ ကျွန်တော့်မှာ ပေါ့စတစ်ဆိုတာ သိလိုက်ရတာပဲ”

”ဘယ်သူ့ဆီက ကူးတာလို့ထင်လဲ။ ဘယ်လိုခံစားရလဲဗျ”

”ဘယ်သူ့ဆီကရယ်လို့ ကျွန်တော် ဘယ်မှတ်မိမလဲဗျာ။ မရိုသေ့စကား…အခြောက်တွေနဲ့ နေတဲ့အခါ ကွန်ဒုံးပေါက်ပြဲသွားတာမျိုး ခဏခဏဖြစ်တာပဲ။ ကိုယ်မသိလိုက်တာရှိသလို သိလို့ ချက်ချင်းလဲတာလဲရှိတာပေါ့။ နောက်ပြီး မူဆယ်မှာလည်း ကျွန်တော်က ပြည့်တန်ဆာမတွေနဲ့ နေတဲ့အခါရှိတာပဲ။ ဘိန်းထိုးတုန်းကတော့ အမြဲတမ်း တစ်ခါသုံးအပ်ပဲ သုံးတာပါ။ ကိုယ့်မှာ ဒီပိုးရှိပြီသိသိချင်တော့..ငါသေတော့မှာပဲ ဆိုတဲ့ အသိက ဝင်လာပြီး တော်တော်ကြောက်သွားတယ်။ ပထမဆုံး သတိရတာက အဖေနဲ့အမေ့ကိုပဲ”

သူ သက်ပြင်းချသည်။

 အရက်ဖန်ခွက် က လက်ကျန်အရက်ကို ရေမရောပဲ မော့ချပစ်သည်။

”ဒါပေမယ့် စောစောစီးစီး သိရတာကောင်းတယ်ဗျ။ ကျွန်တော် ချက်ချင်းပဲ အမေ့ဆီ ဖုန်းဆက်လိုက်တယ်။ အမေက မူဆယ်အထိ လိုက်လာပါတယ်။ ကျွန်တော့်ကို ကျွန်တော့်ဇာတိမြို့လေးဆီ ပြန်ခေါ်ဖို့လုပ်တယ်။ ဟိုမှာ ဆေးကုမယ်ပေါ့။ ဒီရောဂါက လုံးဝမပျောက်ပေမယ့် ဆေးမှန်ရင် သက်တမ်းစေ့နေနိုင်တာပဲလေ”

”အဲ့ဒါနဲ့..ခင်ဗျား ပြန်လိုက်ခဲ့တာလား”

”ကျွန်တော် မလိုက်ဖြစ်ဘူး။ ဒီရောဂါနဲ့ ပြန်ရမှာလည်း ရှက်တယ်။ အဲ့ဒီတော့ ကံကောင်းတာက အမေက မန္တလေးက ခြံရောင်းပြီးသွားပြီ။ ကျွန်တော့်ကို အမွေတစ်ပုံပေးတယ်။  သိန်းလေးရာလောက်ပေါ့။ တစ်ခုရှိတာက အိတ်အိုင်ဗွီရှိတာသိပြီးနောက် ကျွန်တော် ဆေးမချဖြစ်တော့ဘူး။ ပိုက်ဆံတွေပိုက်ပြီး ကျွန်တော်လားရှိုးဆင်းတယ်။ လားရှိုးမှာ ဆိုင်ခန်းလေးတစ်ခန်းကို ဝယ်ပြီး အရင် ဆိုင်ကယ်လုပ်တုန်းက အဆက်အသွယ်တစ်ယောက်နဲ့ ပေါင်းပြီး ဆိုင်ကယ်အရောင်းအဝယ်ဆိုင်လေးလုပ်တယ်ပေါ့ဗျာ”

”ဟင်..အခု..အန်ဂျီအို မှာ လုပ်နေတာကျတော့ရော”

”ကျွန်တော့်ဆိုင်နဲ့ မလှမ်းမကမ်းမှာ ဒီအန်ဂျီအိုရုံးရှိတယ်။ ကျွန်တော်ကလည်း ဒီရောဂါရှိနေတာဆိုတော့ သူတို့ဆီကဆေးခန်းကို သွားပြဖြစ်တယ်။ နောက်ပိုင်း အဝင်အထွက်များလာပြီး သူတို့ အလုပ်အချို့ကို ကူလုပ်ပေးဖြစ်တယ်။ ဆိုင်ကယ်ဆိုင်ကလည်း သူငယ်ချင်းက ဦးစီးနေတော့ ကျွန်တော့်အတွက် အေးဆေးပါ။ နောက်တော့ ဒီမှာ ဝန်ထမ်းလုပ်ပေးဖို့ သူတို့က ပြောလာတယ်။ ကျွန်တော်လည်း ဘဝကို ပေပေတေတေဖြတ်သန်းလာတာလေ။ သူတပါးကို အကျိုးပြုတဲ့အလုပ် လုပ်ပြီး နောက်ဆုံးအချိန်အထိ နေသွားမယ်ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ ဆိုင်ကို သူငယ်ချင်းနဲ့ပဲ လွှဲလိုက်တယ်။ အမြတ်ကို သူပေးသလောက်ယူတယ်။ ဒီမှာ ဝန်ထမ်းဖြစ်သွားတယ်။ သူတို့ လွှတ်တဲ့နေရာ ကျွန်တော်သွားတာပဲ”

”ခင်ဗျား..အဖေက ရော…ဘယ်ရောက်သွားလဲ”

”ကျွန်တော် မသိဘူး။ သိလည်း မသိချင်ဘူး”

ကျွန်တော်တို့ ခဏ တိတ်ဆိတ်သွားသည်။

သူ က သက်ပြင်းအရှည်ကြီးချပြီး…နာရီကို ကြည့်လိုက်သည်။

”ကဲ..ကျွန်တော် ဘရိတ်ပြီဗျ။ ဆေးသောက်ရဦးမယ်။ ကိုယ့်လူ သောက်ချင်ရင် ဆက်သောက်နော်”

”ကျွန်တော်လည်းတော်ပါပြီ။ ဟိုတယ်ပြန်တော့မယ်။ သိပ်တော့ ညဉ့်မနက်သေးဘူးဗျ။ ဒီလမ်းထိပ်ကနေ ဟိုတယ်ကို ဆိုင်ကယ်ကယ်ရီငှားစီးသွားရင် ရလောက်လား”

”ကျွန်တော် လိုက်ပို့ပေးပါ့မယ်။ ဒီမြို့ကမှ ညပိုင်း လူပြတ်တယ်ဗျ”

………………………

ထိုညက သူ ကျွန်တော့်ကို ဟိုတယ်ဆီ ပြန်ပို့ပါသည်။

အိပ်ခါနီးအထိ သူ့စကားသံကို ကျွန်တော်ကြားယောင်နေသည်။

”ခင်ဗျားအဖေ..ဂေးဖြစ်နေရင် ခင်ဗျား ဘယ်လို ခံစားရမလဲ”

လိင်စိတ်ကွဲပြားမှုများအပေါ် နားလည်သော၊ လက်ခံသော အသက်(၃၀)ကျော်အရွယ် ကျွန်တော်ပင် နားလည်ခံစားပေးလို့မရသည့် အခြေအနေ။

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဆေးကျောင်းသားပေါက်စနလေးတစ်ယောက်အနေဖြင့်ရော..ထိုကိစ္စကို အဘယ်သို့ ခံစားနားလည်နိုင်ပါမည်နည်း။

လောကသည် ဆန်းကြယ်ရှုပ်ထွေးပွေလီလှပေစွ။

crd:: ခက်ဇော်

Leave a Reply