မန္တလေးတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ရန် တရုတ် Huawei ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို

Local News

ငွေကျပ်နှစ်ဘီလီယံနီးပါးကုန်ကျမည့် “Mandalay Safe City” စီမံကိန်းအရ အချက်အချာကျသောနေရာများနှင့်လမ်းဆုံမီးပွိုင့်များတွင် ဉာဏ်ရည်တုနည်းပညာသုံး စောင့်ကြည့်ကင်မရာများ တပ်ဆင်သွားမည်

မန္တလေးမြို့တွင် ဉာဏ်ရည်တုနည်းပညာသုံး စောင့်ကြည့်ကင်မရာများ တပ်ဆင်ရေး “Man- dalay Safe City” စီမံကိန်းအကောင်အထည်ဖော်ရန် တရုတ်နည်းပညာကုမ္ပဏီ Huaweiနှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

ငွေကျပ် ၁ ဒသမ ၉  ဘီလီယံ ကုန်ကျမည့် ယင်းစီမံကိန်းအ တွက် Huawei ကုမ္ပဏီနှင့် နိုဝင်ဘာလကုန်ပိုင်းက  စာချုပ်ချုပ်ဆိုခဲ့ပြီး မန္တလေးခရိုင်အတွင်းရှိ မြို့ နယ်ခုနစ်ခုအနက် မဟာအောင် မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီး တံခွန်မြို့နယ်တို့တွင်  ခြောက်လအတွင်း စတင်အကောင်အထည် ဖော်မည်ဟု သိရသည်။

အဆိုပါစီမံကိန်းအရ မြို့လုံခြုံရေးနှင့် မှုခင်းကျဆင်းရေးအတွက် အချက်အချာကျသောနေ ရာများ၊ လမ်းဆုံမီးပွိုင့်များတွင် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ သတင်းဆက်သွယ်ပေးပို့မည့် စနစ်နှင့် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) သုံး စောင့်ကြည့်ကင်မရာများ တပ် ဆင်မည်ဖြစ်သည်။

‘‘ရဲက မှုခင်းဖြစ်တဲ့ဆီ အချိန်မီသွားနိုင်မယ်။ စနစ်ထဲမှာ မျက်နှာတို့၊ ကားနံပါတ်ပြားတို့ မှတ်သားတာလည်းပါတော့ မှုခင်းတစ်ခုခုဖြစ်ရင် ကျုးလွန်သူက ဘယ်သူဆိုတာမျိုး ရဲမှတ်တမ်းတွေနဲ့တိုက်ဆိုင် စစ်ဆေးကြည့်လို့ရ  မယ်’’ဟု စီမံကိန်းနှင့်ပတ်သက်၍ ဝန်ကြီး ဦးဇာနည်အောင်က Myanmar Now ကို ပြောသည်။

ယင်းစီမံကိန်းနှင့်ပတ်သက် ၍ ၂၀၁၉ နှစ်ဆန်းက ပြုလုပ်ခဲ့သော မန္တလေးစီးပွားရေးဖိုရမ်၌ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

တင်ဒါခေါ်ယူခြင်းမရှိဘဲ တရုတ်ကုမ္ပဏီ Huawei ကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းအပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ကန့်ကွက်ခဲ့ရာ စီမံကိန်းစာချုပ်မူကြမ်းကို ၂၀၁၉ နှစ်လယ် ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးနှင့်  ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြခဲ့ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ သဘောထားမှတ်ချက် လည်း တောင်းခံခဲ့ရသည်ဟု သိရ သည်။

စီမံကိန်းတွင် တစ်စုံတစ်ခု လွဲချော်ပါက ပြဿနာတက်နိုင် သဖြင့် စာချုပ်ကို အမှားမခံဘဲစနစ်တကျ ပြင်ဆင်မည်ဖြစ် ကြောင်း ၂၀၁၉ နှစ်လယ်ပိုင်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော် ပြောကြားခဲ့သည်။

ယခုနှစ် မေလအတွင်း SwissChallenge (နိုင်ငံတကာတင်ဒါ) ခေါ်ယူခဲ့ပြီးနောက် တရုတ်ကုမ္ပဏီHuawei က လုပ်ပိုင်ခွင့်ရရှိခဲ့ ကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက Myanmar Now ကို ပြောသည်။

မန္တလေး Safe City စီမံကိန်း လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းအပေါ် Huawei Myanmar ကို ဆက် သွယ်မေးမြန်းရာတွင် အစိုးရပိုင် စီမံကိန်းဖြစ်နေသည့်အတွက် အ သေးစိတ်အချက်အလက်များ ဖြေကြားပိုင်ခွင့်မရှိကြောင်း အ ကြောင်းပြန်ခဲ့သည်။

‘‘ရဲတပ်ဖွဲ့ရဲ့ လုပ်ကိုင်နိုင်စွမ်းကို တိုးမြှင့်ပြီး ရာဇဝတ်မှုနှုန်းလျှော့ချရာမှာ Huawei ရဲ့ နည်းပညာက ထောက်ပံ့ကူညီနိုင်မယ် လို့ မန္တလေးတိုင်းအစိုးရက ယုံကြည်ပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါ တယ်’’ဟု Huawei Myanmar ၏ ပြည်သူ့ဆက်ဆံရေးဌာန အ ကြီးအကဲ မစ္စတာ Zhou Kai က ပြောသည်။

Huawei ကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ မြို့ပေါင်း ၇၀၀ ကျော်တွင် မြို့ပြလုံခြုံရေးဆိုင်ရာ Safe Cityစီမံကိန်းများ အကောင်အထည် ဖော်ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံမှ ထိပ်သီးမို ဘိုင်းဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီဖြစ်သော Huawei သည်5G ဆက်သွယ်ရေးကွန်ရက်နည်းပညာမှတစ်ဆင့် သတင်းအချက်အလက်များ ကြားဖြတ်ထောက် လှမ်း ရယူနိုင်သည်ဟူသော စွပ်စွဲချက်များဖြင့် အမေရိကန်အစိုးရ က ပြီးခဲ့သည့်နှစ်အတွင်း ကန့် သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နှင့် တရုတ်အစိုးရကြား ကုန်သွယ်ရေးစစ်ပွဲနှင့် 5G နည်းပညာတွင် အမေရိကန်နောက်ကျနေ ခြင်းကြောင့် တရုတ်နည်းပညာကုမ္ပဏီကို တစ်ဖက်သတ် ဖိအား ပေး နှိပ်ကွပ်ခြင်းဖြစ်ကြောင်း Huawei ကုမ္ပဏီက နိုင်ငံတကာ တွင် ဖြေရှင်းခဲ့သည်။

သို့သော် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီနှင့်ပတ်သက်၍ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက သံသယဖြင့် စောင့်ကြည့်မှုများ ရှိနေဆဲဖြစ်ကာ Huawei ၏ 5G နည်းပညာ တပ် ဆင်ရေးအတွက် အငြင်းပွားမှု အချို့ ရှိနေဆဲလည်းဖြစ်သည်။

Leave a Reply