ဆွေမျိုးများကလာရောက်ကြိမ်းမောင်းတာခံနေရတဲ့ပူပူနွေးနွေး သိန်းတစ်သောင်းခွဲကံထူးရှင်

Local News

၂၃ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကို မန္တလေးမြို့မှ အသက်၂၄ နှစ်အရွယ် စျေးသည်တစ်ဦး ဆွတ်ခူး

၂၃ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းငါးထောင် ထီဆုကြီးကို မန္တလေးမြို့မှ အသက်၂၄ နှစ်အရွယ် စျေးသည်တစ်ဦးက ဆွတ်ခူးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကျေးရွာတွင် အိမ်ငှားရမ်းနေထိုင်ပြီး သားငါးရောင်းချသည့် အမျိုးသမီးငယ် တစ်ဦးမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၏ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

သူမအနေဖြင့် ၂၀၂၀ တစ်နှစ်လုံး ထီထိုးခဲ့ခြင်းမရှိဘဲ ယခုလတွင်မှ ထီထိုးခဲ့ခြင်းဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်မှ စတင်ထီထိုးခဲ့ကြောင်း၊ ပထမဆုံး ထီပေါက်ခြင်းတွင် ကျပ်သိန်း တစ်သောင်းခွဲဆုကို ကံထူးခဲ့သဖြင့် ယုံကြည်နိုင်ခြင်း မရှိသေးဘဲ အရမ်းအံ့သြမိကြောင်း ကံထူးရှင် မဝင်းဝင်းအိက ဆိုသည်။

မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်သည့် သူမအနေဖြင့် ၅၆ လမ်း အောင်ပင်လယ်စျေးတွင် သားငါးရောင်းချခြင်းဖြင့် မိသားစု၏ တာဝန်ကို ဖြေရှင်းနေရသလို လက်ရှိနေထိုင်သည့် နေရာမှာလည်း ကျူးကျော်သဘောမျိုး ငှားရမ်းနေထိုင် ရကြောင်းလည်း သိရသည်။

“ညီမ ထီထိုးတာကတော့ အသက် ၁၉ နှစ်အရွယ်ထဲကပါ။ တစ်ခါမှ မပေါက်ဖူးပါဘူး။ အခုပထမဆုံး ပေါက်တာက ကျပ်သိန်းတစ်သောင်းခွဲ ဖြစ်နေတော့ ခုထိမယုံနိုင်သေးဘူး။ ညီမက အခုနေတာက ကျူးသဘောမျိုး ဆိုတော့ နေတဲ့နေရာက စရိုက်နည်းနည်းကြမ်းတယ်။ အရင်က မိသားစုက အိမ်ပိုင်ပါ။ ငွေလိမ်ခံရပြီး အကြွေးတွေ တင်သွားတော့ ခုလိုအိမ်ငှားဘဝ ရောက်သွားတာပါ။ အဖေက နောက်အိမ်ထောင် ပြုသွားပြီးတဲ့နောက် အမေနဲ့တူတူ စျေးရောင်းရင်းပဲ နေနေတာပါ။ ကျောင်းကလည်း အမေက ဆက်ထားပေမယ့် ၇ တန်းထဲက ထွက်လိုက်တာပါ’’ ဟု သူမ၏ လက်ရှိဘဝနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့သည်။

ဆက်လက်ပြီး ကျပ်သိန်းတစ်သောင်းခွဲ ထီပေါက်သည့် ငွေများကို မိခင်၏ သဘောတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သူမအနေဖြင့် သာသနာ ပြုချင်ကြောင်းလည်း ဆိုသည်။

“သားငါးရောင်းတာဆိုတော့ အကုသိုလ် အလုပ်လေ။ ဆက်မလုပ်ချင်တော့ဘူး။ အခုလို ထီပေါက်တော့ ဆွေမျိုးသားချင်း တွေကလည်း ဝိုင်းလာကြတာပေါ့လေ။ ထီလက်မှတ် သူတို့အပ်ဖို့တွေဘာတွေ ပြောနေတာတို့၊ ဟိုကြိမ်း ဒီကြိမ်းနဲ့ဆိုတော့ ညီမနည်းနည်း စိတ်ညစ်တာပေါ့။ ထီလက်မှတ်ကလည်း ရုံးပိတ်ရက်နဲ့ ဘာနဲ့ဆိုတော့ မထုတ်ရသေးဘူး။ အိမ်တော့ပြန်ဖို့ အဆင်မပြေ သေးတာကြောင့် အခုတစ်ခြားမှာပဲ နေနေတယ်။ ညီမဘာဖြစ်ချင်လဲ ဆိုရင်တော့ အမေနဲ့ မောင်နှမတွေအတွက် လုပ်စရာရှိတာ လုပ်ပေးပြီးရင် ညီမသီလရှင် ဝတ်ချင်တယ်။ အိမ်ထောင်လည်း မပြုချင်ဘူး’’ ဟု သူမဆန္ဒကို ပြောကြားသည်။

ယခုလို သူမကဲ့သို့ ကျပ်သိန်းတစ်သောင်းခွဲထီ ကံထူးရှင်အဖြစ် လူတိုင်းကံထူးနိုင်သဖြင့် ထီကိုမပျက်မကွက် ထိုးရန်နှင့် ၄င်းအနေဖြင့်လည်း ထီဆက်လက် ကံစမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source : Eleven Media

Leave a Reply