တောင်သူများ၊ ငါးမွေးသူများ သိရှိစေရန်

Local News
၁ ။ ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေး အသင်းမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ၊
ခတ္ထိယကျေးရွာ အတွင်း ရှိ ငါးမွေးမြူရေး ကန်များ အတွင်း စုပ်ခွက်ငါး ( Sucker fish) များ ဝင်ရောက် ဖျက်ဆီးလျှက်ရှိကြောင်း
သတင်းရရှိခဲ့ပါသည် ။ ဒီဇင်ဘာလ ၁၅ ရက် ၊ ၂၀၁၇ ရက်နေ့တွင် Facebook Account ပိုင်ရှင် ko Htet မှ ၎င်းပိုင်ဆိုင်သော ငါးကန်များ နှင့် အနီးပတ်ဝန်းကျင်ရှိ လုပ်ငန်းရှင်များပါ စုပ်ခွက်ငါး ပြသနာနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသဖြင့် သတင်းစတင်ရရှိခဲ့ပါသည် ။
အဆိုပါကျေးရွာ သို့ ၂၁.၁၂.၂၀၁၇ ရက်နေ့တွင်BANCA အသင်း မှ ဦးအောင်မြင့်ဦး ( Project Coordinator) ၊ ဦးသော်ဖြိုးရွှေ ( Program Officer) ၊ မအိသ ဉ္ဇာအောင် ( Program assistant) ၊ မခိုင်ဆွေဝါ ( Volunteer) တို့ပါဝင်သော အဖွဲ့သည် ပဏာမ ဆန်းစစ်လေ့လာမှူများ
ပြုလုပ်နိုင်ရန် သွားရောက်လေ့လာခဲ့ပါသည် ။
၂ ။ BANCA အသင်းမှာ တာဝန်ရှိသူများသည် တွံတေးမြို့နယ် ၊ ခတ္ထိယကျေးရွာ သို့
၂၁.၁၂.၂၀၁၇ ရက် နေ့လည်ပိုင်းတွင် ငါးကန်ပိုင်ရှင် ဦးထက်ဖြိုးဟန်၏ ငါးကန်သို့ရောက်ရှိပြီး
ငါးကန်ရှိ တာဝန်ရှိသူများနှင့် ဆွေးနွေးမေးမြန်းခြင်း ၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
၎င်းစုပ်ခွက်များသည် အဆိုပါဒေသရှိ ငါးမွေးမြူရေးကန်များအတွင်းသို့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင်
စတင်ဝင်ရောက်လာကြောင်းဦးစွာ သိရှိရပါသည်။ ဆက်လက်ပြီး တိုင်းထွာခြင်း ၊ အလေးချိန် ချိန်တွယ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
စုပ်ခွက်ငါးများအား လေ့လာ တိုင်းတာမှုများ ပြုလုပ်ချက်အရ တစ်ကောင်လျှင် အမြီးဖျား ခေါင်းဖျား အလျား ၁၆ လက်မ – ၁၈ လက်မအထိ ရှိပြီး တစ်ကောင်လျှင် ၄၆ – ၄၈ ကျပ်သားအထိ ရှိကြောင်း သိရှိရပါသည်။ ရှေ့ရေယက်တောင် အလျား ၈.၉ လက်မ ရှိကြောင်း တိုင်းထွာ ရရှိခဲ့ပါသည် ။
ခန့်မှန်းခြေ သက်တမ်း ( ၇ လ ) ကျော်ရှိကြောင်း သိရှိရပါသည်။ ၎င်းငါးများ ကို ဒေသအခေါ် မြွေပွေးငါးခူ ဟု
ခေါ်ဆိုနေကြပြီး ကိုယ်ခန္ဓာတစ်လျှောက် ဆူးငယ်လေးများ ပါရှိပြီး မတော်တဆ ထိခိုက်မိပါက
အဆိပ်တက်တက်ကြောင်း သိရှိရပါသည်။ သို့သော်လည်း ပြင်းထန်လွန်းသည့် အဆိပ်မဟုတ်ပါ။
၃ ။ ခတ္တိယကျေးရွာတွင် ငါးကန်လုပ်ငန်းရှင်ပေါင်း ၄၀ ကျော်ရှိပြီး ငါးကန် ဧက ၈၀၀၀ ခန့် ရှိကြောင်း သိရှိရပါသည် ။ အဓိကမွေးမြူသောငါးအမျိုးအစားများမှာ ငါးကြင်း ၊ ငါးမြစ်ချင်းနှင့် ငါးကြင်းခေါင်းပွတို့ကို မွေးမြူပါသည် ။
ထိုင်ဝမ်ငါးခုံးမနှင့် ရေချိုငါးမုတ် (Pacu)တို့ကိုလည်း အနည်းငယ်မွေးမြူကြပါသည် ။
အဆိုပါ ငါးကန်များ အားလုံးတွင် စုပ်ခွက်ငါးများ ဝင်ရောက် ဖျက်ဆီးလျက်ရှိပြီး လွန်ခဲ့သော ၃ နှစ်၊ (၂၀၁၄)ခုနှစ်မှစ၍ အရှုံးနှင့် ရင်ဆိုင်နေရပါသည် ။ ဧက ၄၀ ငါးကန် တစ်ကန်အား ငါးဖော်ချိန်တွင် စုပ်ခွက်ငါး ပိဿာ ချိန် ၂၀၀၀ ကျော် (ကောင်ရေ ၄၀၀၀ ခန့်) ထွက်ရှိနေခြင်း ၊
ငါးကန်အလုပ်သမားများ ခြေလက်တို့တွင် စုပ်ခွက်ငါးများကြောင့် ဒဏ်ရာ ရရှိစေခြင်း ၊ ငါးကြင်း၊ငါးခေါင်းပွတို့အား ကျွေးမွေးသော အစာတောင့်များအား စုပ်ခွက်ငါးများမှ လုယက်စားသောက် သည့် အတွက် မွေးမြူထားသည့်ငါးများ အစာဝလင်စွာမစားရခြင်း ၊
စုပ်ခွက်ငါးများ၏ ဆူးတောင်များ နှင့်ထိခိုက်ုများဖြစ်ကာ ဒဏ်ရာဖြစ်ပေါ်ပြီး သေဆုံးမှုဖြစ်ပေါ်ခြင်း ၊ ငါးမွေးကန်၏ ကန်ဘောင်နံရံများ အား တူးဆွခြင်းကြောင့် ကန်ဘောင်ပျက်စီးခြင်းများ ဖြစ်ပေါ် လျက်ရှိပါသည်။ ထို့ကြောင့် ငါးကန်လုပ်ငန်းရှင်များ
ရည်မှန်းထားသည့် ငါးထွက်နှုန်းများ လျော့ကျကာ အရှုံးနှင့်ရင်ဆိုင်နေရပါသည် ။
၄။ အဆိုပါငါးများအား စားသောက်သည့် အခြားမည်သည့် သတ္တဝါမှ မရှိခြင်းကြောင့် လွတ်လပ်စွာ ပေါက်ဖွား ရှင်သန်လျက်ရှိပါသည် ။
ငှက်နှင့် အခြား ရေပျော်ငှက်များ သည်လည်း စုပ်ခွက်ငါးများအား ဖမ်းဆီးစားသောက်မှုမရှိခြင်း ၊ ဒေသရင်း ငါးမျိုးစိတ်များဖြစ်သည့် ငါးရံ့၊ ငါးဘတ် စသည့် အသားစားကြူးသည့် ငါးများပင် စုပ်ခွက်ငါးများအား ဖမ်းဆီးစားသောက်မှုမရှိသည့် အတွက် အလွန်ပွားများလျှက်ရှိနေပါသည် ။ လက်ရှိအချိန်တွင် စားသုံးသူမရှိခြင်း ၊ ဝယ်လက်မရှိခြင်းကြောင့် ဖမ်းဆီးရမိသော ငါးများအား ကန်ငယ်တခုအတွင်း သိုလှောင်ကာ သေဆုံးသည်အထိ ထားရှိပြီး ဖြေရှင်းနေရပါသည် ။ ရေအနည်းငယ်ရှိသော ကန်အတွင်း ၌ပင် ဗွက်ရည်များအကြား တစ်လကျော် ကြာသည်အထိ ထားရှိသော်လည်း ကောင်းမွန်စွာ အသက်ရှင်နေကြောင်းတွေ့ရှိခဲ့ရပါသည် ။ ငါးကန်နေ လုပ်သားများသည် ၎င်းအားကို စားသောက်ကြည့်ရာ ခန္ဓာကိုယ်ယားယံခြင်း ၊ ကိုယ်တွင်းရောဂါဟောင်းများ ပြန်လည် ဖြစ်ပွားတို့ဖြစ်ကြောင်းသိရှိရပါသည်။
ဒေသခံလုပ်ငန်းရှင်များ ပြောပြချက်အရ ငါးသတ်ဆေးများ ၊ လျှပ်စစ်ရှော့တိုက်ခြင်းများ ဆောင်ရွက်သော်လည်း မျိုးလျှော့နည်းခြင်းမရှိပဲ ဆက်လက်ပွားများနေကြောင်းသိရှိရပါသည် ။ စုပ်ခွက်ငါး မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်း အကြောင်းအရင်း စုပ်ခွက်ငါးများသည် မြန်မာဒေသရင်းမျိုးစိတ်များမဟုတ်ပဲ ပြင်ပမှတင်သွင်းလာသော မျိုးစိတ်များဖြစ်ပါသည် ။ အဓိကအားဖြင့် အလှမွေးငါး လုပ်ငန်းရှင်များသည် ပြည်ပ နိုင်ငံများ စုပ်ခွက်ငါး မျိုးစိတ်များအား ပြည်တွင်းအလှမွေးငါး မွေးမြုသူများသို့ တစ်ဆင့်ရောင်းချပြီး မွေးမြူသူများထံတွင်အကောင်ကြီး ဖြစ်လာပြီး ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပဲ နီးစပ်ရာ မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းကြောင့် လည်းကောင်း ၊ ဘာသာရေး ဓလေ့ထုံးစံအရ ငါးလွှတ်ခြင်းများတွင် ၎င်းငါးများအား မြစ်ချောင်းများ ၊ ရေကန်များ အတွင်း လွှတ်ချမှုတို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအ့အပြားရောက်ရှိ ပျံ့ပွားလျက်ရှိနေပြီဖြစ်ကြာင်း သိရှိရပါသည် ။ နေထိုင်စားသောက်ပုံ နှင့် သားပေါက်ပွားပုံ စုပ်ခွက်ငါးသည် ရေအောက်တွင် အဓိက ကျက်စားပြီး ရေအောက်မှော်ပင်များ ၊ ကြာပင်များ ၊ ကန်စွန်းရွက်များကို နှစ်ခြိုက်စွာ စားသောက်လေ့ရှိပါသည် ။ ရေနေ သတ္တဝါငယ်များ ၊ အင်းဆက်သားလောင်းများ ၊ ငါးသားလောင်းငယ်များ ကိုလည်းစားသောက်လေ့ရှိပါသည် ။
စုပ်ခွက်ငါးသည် အထီး ၁၆ လက်မ ၊ အမ ၁၈ လက်မ ခန့်ရှိပြီး သဘာဝတွင် ( လက်မ ၂၀) အထိ ကြီးထွားနိုင်ပါသည် ။ အလေးချိန် ၃ ပေါင် အထိရှိနိုင်ပါသည် ။ အမ တစ်ကောင်သည် တစ်ကြိမ်ဥ လျှင် (ဥ ၂၀၀၀) အထိ ဥဥ ပေါက်ပွား နိုင်ပါသည် ။ ရေအောက်ရွံနွံအတွင်း ကျင်းတူးကာ ဥဥ ဖောက်ပွားလေ့ရှိပြီး သားငယ်များအား ထိန်းသိမ်းစောင့်ရှေက်တတ်ပါသည် ။ စုပ်ခွက်ငါး၏ မူရင်းဒေသများမှာ တောင်အမေရိကတိုက် ဖြစ်ပြီး ထိုမှ တဆင့် တင်ပို့ရောင်းဝယ်ဖောက်ကားမှုများကြောင့် နိုင်ငံ အနှံအပြားသို့ရောက်ရှိလာခဲ့ပါသည် ။ သုံးသက်ချက် နှင့် အကြံပြုတင်ပြချက် စုပ်ခွက်ငါးသည် မြန်မာနိုင်ငံ မြစ်ချောင်းများအတွင်း ပျံ့နှံ့ရောက်ရှိနေပြီး ယခုအခါ တွံတေးမြို့နယ် အပြင် ပဲခူးတိုင်း ဝေါမြို့နယ် ဝန်းကျင် တဝှိုက် နှင့် မိုးယွန်းကြီးအင်း ၊ ရှမ်းပြည်နယ် အင်းလေးကန်အတွင်း အထိပါ ဝင်ရောက် ပျံ့နှံ့နေပြီဖြစ်ပါသည် ။ အဆိုပါ ကိစ္စအား စောလျှင်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မပြုလုပ်နိုင်ပါက ရေချိုငါးမွေးမြူခြင်းလုပ်ငန်းများ လျော့နည်းလာနိုင်ခြင်း ၊ရေထွက်ပစ္စည်း ထုတ်လုပ်မှု ကျဆင်းခြင်း ၊ သဘာဝငါးသယံဇာတ ရှားပါးလာနိုင်ခြင်း ၊ သဘာဝမြစ်ချောင်းများ တိမ်ကောကာ ရေဝပ်ဒေသများအား ပျက်စီးလာစေနိုင်ခြင်း ၊ရေလုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ကိုင်လျက်ရှိသည့် ရေလုပ်သားများ၏ စီးပွားရေး နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်လာနိုင်ခြင်း ကြောင့် အမြန်ဆုံး ထိရောက်စွာ ဖြေရှင်းသင့်ပါသည် ။ သို့အတွက်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆက်စပ်ဦးစီးဌာနများ သို့ အကြောင်းကြားကာ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည် ။ 
Source : BANCA Facebook page မှ တောင်သူများ၊ ငါးမွေးသူများ သိရှိစေရန် ကူးယူဖော်ပြပါသည်။ 

Leave a Reply