အစိုးရသစ်ကိုကြိုဆိုတဲ့ထောက်ခံပွဲများမလုပ်ရန်NLDမေတ္တာရပ်ခံထား

Local News

အစိုးရသစ်ကို ကြိုဆိုတဲ့ ထောက်ခံပွဲတွေ၊ ကမ်ပိန်းတွေကို လမ်းမပေါ်ထွက်ပြီးမလုပ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဗဟိုပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်ကပြောပါတယ်။

အဲဒီလိုထောက်ခံကြိုဆိုပွဲတွေကိုလမ်းမပေါ်ထွက်ပြီး ပြုလုပ်တဲ့အခါ အပြိုင်အဆိုင်တွေဖြစ်လာပြီး မလိုအပ်ဘဲနဲ့ ခိုက်ရန်ဖြစ်ပွားတာနဲ့၊ ပဋိပက္ခတွေဖြစ်မှာကို မဖြစ်စေချင်တာကြောင့် မေတ္တာရပ်ခံ ထားရတာဖြစ်တယ်လို့ မုံရွာအောင်ရှင်ကအခုလိုပြောပါတယ်။

“ဒီလိုဗျ>သိပ်အပြိုင်အဆိုင်ဖြစ်လာလို့ရှိရင်လေ မလိုအပ်ဘဲနဲ့ ပဋိပက္ခတွေဖြစ်မယ်လေ။ ရန်ဖြစ်တာ တွေဘာတွေဖြစ်မယ်။ ရာဇဝတ်မှုတွေဖြစ်မယ်။ အဲ့ဒါမျိုးတွေဖြစ်ရင်မကောင်းဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ကတော့ အေးအေးဆေးဆေးပဲနေတာကောင်းမယ်ဆိုတဲ့ သဘောနဲ့ပဲမေတ္တာရပ်ခံနေရတာပါပဲ”မုံရွာအောင်ရှင်က ဆိုပါတယ်။

အစိုးရသစ်ကိုထောက်ခံကြောင်း ကားစတစ်ကာကမ်ပိန်းတစ်ခုကို မဟာဗန္ဓုလပန်းခြံရှေ့မှာပြုလုပ် နေတဲ့ ကိုမောင်မောင်လေးကတော့ သူပြုလုပ်နေတဲ့စတစ်ကာကမ်ပိန်းဟာ လူစုလူဝေးမဖြစ်စေတာ ကြောင့် ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

“ထောက်ခံတယ်ဆိုတာ စတစ်ကာလေးတွေလာကပ်ဖို့ပဲလေ။ စတစ်ကာလေးတွေလာကပ်ဖို့ဖိတ် ခေါ်တာကလဲ လူစုလူဝေးမဖြစ်ဘူးလေ။ အခုလက်ရှိကတော့ကျွန်တော်ဆက်လုပ်သွားမှာပါ။ ၁ရက်နေ့ကိုလှည့်လို့ရမရတစ်ချက်လေးပါပဲ။ အခုနေရာတိုင်းမှာလဲ ဆိုင်းဘုတ်တွေကထောင်နေတယ် လေ။ ထောက်ခံကြောင်းဆိုတာလေ”လို့ ကိုမောင်မောင်လေးက ဆိုပါတယ်။

လက်ရှိမှာတော့(၂၀၂၀)ရွေးကောက်ပွဲကတစ်ဆင့် ပြည်သူတွေရွေးချယ်ထားတဲ့အစိုးရသစ်နဲ့ UEC ကိုကြိုဆိုထောက်ခံတဲ့ စတစ်ကာကမ်ပိန်းနဲ့ ဗီနိုင်းတွေချိတ်ဆွဲမှုတွေကိုတော့ ရန်ကုန်မြို့ရဲ့ မြို့နယ် တစ်ချို့မှာပြုလုပ်လာကြပါတယ်။

ရွေးကောက်ပွဲအပြီးမဲမသမာမှုရှိတယ်လို့ဆိုပြီး UEC ကိုကန့်ကွက်တဲ့ဆန္ဒဖော်ထုတ်ပွဲတွေလည်း ဆက်တိုက်ဆိုသလိုပြုလုပ်ခဲ့ကြပြီး ဇန်နဝါရီ (၂၄)ရက်နေ့မှာတော့ အစိုးရသစ်နဲ့ UEC ကိုထောက်ခံ ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို လမ်းမပေါ်မှာ ပထမဆုံးအကြိမ်ပြလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဇန်နဝါရီ(၂၅)ရက်၊ မွန်းလွဲ(၂)နာရီမှာ တပ်မတော်ထောက်ခံပွဲနဲ့ UEC ကိုကန့်ကွက်တဲ့ ဆန္ဒပြပွဲကို တာမွေမြို့နယ်၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းမပေါ်မှာ ကျင်းပဖို့စီစဉ်နေချိန် မှာပဲ ခွင့်ပြုမိန့်မရှိလို့ ဆန္ဒပြမယ့်သူတစ်ချို့ကိုရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

Source:

သတင်း-ဖြိုးဝေလင်း

Photo: One News

Leave a Reply