မင်းကိုနိုင်ရေးသားတဲ့ “ပြည်ဝင်လက်မှတ် ရပြီးပြီလား”

Knowledge

မင်းကိုနိုင်ရေးသားတဲ့ “ပြည်ဝင်လက်မှတ် ရပြီးပြီလား”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းကိုနိုင်ရေးသားတဲ့ ပြည်ဝင်လက်မှတ် ရပြီးပြီလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြည်ဝင်လက်မှတ် ရပြီးပြီလား

ငါ့အကောင့်(Account)ထဲကငါ့ပိုက်ဆံကွာ၊ငါ့ဘာသာရောင်းချင်ရောင်းမယ်မရောင်းချင်
မရောင်းဘူးလို့ဘယ်သူငြင်းလို့ရပါသေးလဲ။ ဒေါ်လာတွေကို ‘မပေးမရ ၊အေးဓားပြ’တိုက်ပါပြီ။ဒါကြောင့်ပြောတာ၊”ဘယ်သူလွယ်ကူမယ်ထင်နေသလဲ”လို့။ နှစ်ပေါင်း၆၀ တရားမဲ့ထင်ရာစိုင်း အာဏာရှင်အောက်မှာဘယ်သူမှမလွယ်ကူပါ။

ငါတော့ဒုက္ခမရောက်နိုင်ပါဘူးလို့ဘယ်သူစိတ်ချရပါသလဲ။ဒါ အာဏာရှင်ပါ။ဘယ်သူမှလွတ်မယ်မထင်ပါနဲ့။သူဌေးဖြစ်ဖြစ်အနုပညာရှင်ဖြစ်ဖြစ်ဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ်ဝန်ထမ်းဖြစ်ဖြစ်ဘယ်သူမှပြေးမလွတ်ဘူးမှတ်ပါလေ။

ဘဏ်စာရင်းတွေချုပ်လိုက်ပြီ။လွှဲပြောင်းခွင့်ပိတ်လိုက်ပြီဆိုတာ၊မင်းငွေတွေမင်းမပိုင်တော့ဘူးလို့အဓိပ္ပါယ်ရပါတယ်။ ဒါနဲ့ပြီးမထင်ပါနဲ့။”ရှိသမျှဒေါ်လာလုယူရေးအော်ပရေးရှင်း”က အိမ်တိုင်ယာရောက် ကုမ္ပဏီရုံးခန်းအရောက်door to door စံနစ်နဲ့ဝန်ဆောင်မှုပေးရန်အသင့်ပါ။ရုံးချိန်မက ၂၄နာရီအချိန်မရွေးပေးမှာ၊ဇွတ်ပေးမှာပါ။

ငါ့မှာဒေါ်လာမရှိလို့ငါနဲ့အဝေးကြီးပါလို့ထင်ရင်လည်းတချက်ပြန်ကြည့်ပါဦး။မန္တလေးဗထူးကွင်းကသိန်းထောင်ချီတန်တဲ့ဆိုင်ခန်းတွေရာနဲ့ချီပြီးသိမ်းလိုက်တာကြည့်ပါ။ဂရမ်ပိုင်မြေပေါ်ကအိုးအိမ်တွေကိုဘူဒိုဇာနဲ့အထိုးခံလိုက်ရတာကိုဆင်ခြင်ပါ။နောက်ထပ်သူတို့ဘာတွေလုပ်နိုင်သေးလဲ မေးရင်အဖြေရှိပြီးသားဗျ။

၁၉၆၂အာဏာလုသိမ်းပြီးလုပ်ပုံ။ စက်ရုံတွေကုန်တိုက်တွေကိုသိမ်းတော့ ကုန်စုံဆိုင်ရှင်ကငါမပါဘူးဆိုပြီး လေညှာက နေသာခဲ့။ဒါနဲ့ကုန်စုံဆိုင်တွေသိမ်းတော့ကွမ်းယာဆိုင်ကငါတို့လွတ်မယ်ထင်ခဲ့တာပဲ။ဒါပေမဲ့နောက်နေ့ဆိုင်ဖွင့်ဖို့သွားမှငါပါပါပြီဆိုတာကိုသိရတာ။ ဒါဒီစစ်တပ်ပဲလုပ်ခဲ့တာ။စိတ်ကူးယဉ်မဟုတ်ဘူး။ တကယ်လုပ်ခဲ့တာ။

မလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့စကားဟာ”ရမ်းချင်သလိုရမ်းမယ်”လို့လည်း အဓိပ္ပာယ်ရပါတယ်။သူဌေးသူကြွယ်ဆိုသူတွေချင့်ချိန်ဖို့ပါ။ကျန်အလွှာအသီးသီးလည်းတွေးဆဖို့ပါ။ဘယ်သူ လွယ်ကူမယ် ၊လွတ်မယ်ထင်ပါသလဲ။

ဝန်ထမ်းအစ လက်တွန်းလှည်းဈေးသည်အဆုံးလွတ်လမ်းမရှိတသက်တကျွန်းပါ။အရပ်သားပြည်သူ့အစိုးရလက်ထက်လိုကျူးကျော်တွေကိုတောင် smart card ထုတ်ပေးတဲ့စာနာမှုမျိုး အိပ်မက်မက်ဖို့နေနေသာသာ လူတောင်စိတ်ချလက်ချဘယ်အိပ်ရမလဲ။စစ်ကောင်စီပြောင်းဝရမ်းသမျှ အိပ်ဆေးမရှိဖြစ်ကြမြဲပါ။

ဒီလိုပြောလို့စစ်တပ်ကအရေးသာနေသလားမေးပါ။မသာပါဗျာ။တပ်ထဲဝင်သူမရှိတော့လို့ရှိတဲ့လူကိုပေးမထွက်။အသက်ပြည့်လည်းပေးမထွက်ပဲ ပင်စင်သက်ကို ခြောက်ဆယ့်နှစ်နှစ်အထိတိုးလိုက်တာသာကြည့်ပေရော့။

ခြောက်ဆယ့်နှစ်နှစ်ပြည့်တော့ကော။သိတဲ့အတိုင်းပဲ၊လိုသလိုတိုးနေဦးမှာပဲ။ပြင်နေဦးမှာပဲ။လွှတ်တော်မှမရှိတာ။ဥပဒေလည်း ပါးစပ်ထဲထွက်သမျှအမိန့်အောက် ဆိုင်းဘုတ်ကိုကွမ်းသွေးဖုံးရတာပဲ။ဖဲလိမ်ရိုက်တာလည်းသိသိကြီး ၊ထိုးကြေးကိုလည်း ဓားမြှောင်ပြထပ်တင်ခိုင်းနေတဲ့ဝိုင်း၊ဆက်ထိုင်နေရင်ကိုယ့်ထိုက်ကိုယ့်ကံ။ပုဆိုးစုတ်ကျန်ရင်ကံကောင်းပါ ။စစ်ကောင်စီအောက်မှာ “ရမ်းချင်တာရမ်း ၊ခံဝန်ထမ်း”ပဲ။

စစ်ဗိုလ်ချုပ်တွေကကောသတင်းစာရှင်းလင်းပွဲတွေမှာဘာကြောင့်တိုက်ပုံကြီးဝတ်ပြနေတာလဲ။
အာဏာလုစစ်တပ်ဆိုတာကိုဝန်မခံရဲတာပေါ့။စစ်ယူနီဖောင်းနဲ့ဆိုရင်ဘယ်လိုမှလက်မခံတဲ့အခြေနေမို့ဝတ်မပြရဲတာပေါ့။အရပ်သားတွေပဲအုပ်ချုပ်နေသလိုလိုပုံမှားရိုက်တာပေါ့။ဒါကြောင့်လည်းတွေ.ရာ၊ရရာဆွဲထည့်ထားတာပေါ့။အရပ်သားပြည်သူတွေပဲပူးပေါင်းသယောင်၊
ပြောင်လိမ်တာပေါ့။

သူတို့ထဲမှာလည်းသူ့မယုံကိုယ့်မယုံ။တနေ့တနေ့ဘယ်လိုလစ်ရမလဲဘယ်ကိုပြေးရမလဲ ၊ဒါပဲကြိတ်ကြိတ်တိုင်ပင်နေကြတာ။ခုတပ်ထဲကိုကြည့်လိုက်ပါ။အိမ်ထောင်သည်တွေကိုသူ့မိသားစုနဲ့အတူဇာတိမိဘဆွေမျိုးများထံပြန်ခွင့်ပြုရဲသလားလို့မေးလိုက်ပါ။ဒါလေးပဲမေးလိုက်။
စစ်တပ်ကြီး အတွက်မေးခွန်းသတ်ပြီလေ။

သားရှင်ပြုတောင်ပြန်ခွင့်မရလို့ပေါက်ကွဲသံတွေကြားမှာပေါ့။ခုလူပျိုစစ်သားတောင်မှတ်ပုံတင်သိမ်းလိုက်ပါပြီဆိုနေမှ။ ကိုယ့်လူကိုယ်ပြေးမယ်ချည်းထင်နေတာလက်ရှိစစ်တပ်ဘဝအမှန်ပါ။ ကွမ်းယာသွားဝယ်မယ်ဆိုပြီးပြန်မလာ၊ ဒီနားခနဆိုပြီး မာရသွန်ကြလွန်းတော့ ရင်ပူပြီလေ။

ဒီလိုအခြေအနေမှာသူဌေးသူကြွယ်ဆိုသူတွေကဒေါ်လာတွေကိုစစ်အုပ်စုအလုခံမလား၊တော်လှန်ရေးသမားတွေလိုအပ်ချက်ဖြည့်ဖို့ဘွန်းဝယ်မလား။Bondက ၂ နှစ်ပြည့်ရင် ဒေါ်လာစစ်စစ်ပြန်ရမှာ။

ပြည်သူ့တော်လှန်ရေးအပေါ်ရူးယောင်ဆောင်ရှောင်သူတွေ အသိတရား ဝင်သင့်ပြီ။ကိုယ်အန္တရာယ်ကိုယ်ကြိုရှောင်ရတော့မယ်အချိန် ဆိုတာလူတိုင်းသိတဲ့လျှို့ဝှက်ချက်။အခုပြည်သူဘက်ကကမ်းပေးနေတဲ့အရာတွေက သင်တို့အတွက်အာမခံချက်။မိသားစု၊မျိုးဆက်ဂုဏ်သိက္ခာ။အနာဂတ်နိုင်ငံတော်အတွက်ပြည်ဝင်ခွင့်လက်မှတ်ပါ။

တွေဝေချိန်မရှိတော့ပါဘူး။ဓားပြကအိမ်တံခါးတွေကိုလိုက်ခေါက်နေတာကြားရဲ့လား။
ရှိသမျှစည်းစိမ်အထုပ်ကို ဉာဏ်နှင့်ဆင်ခြင်ရွှေ့ပြီးပြီလား။အလွှာအသီးသီးကနိုင်ငံသားများဘဝတွေရှေ့မျိုးဆက်များအထိမျက်စိတဆုံးကြည့်ကြစေချင်တာပါ။မျိုးဆက်သစ်တို့လူ့အဖွဲ့အစည်းမှာအာဏာရှင်နဲ့အဆွယ်အပွါးအချောင်သမားများကိုငြင်းပယ်မှာက ဘယ်သူမှငိုယိုငြင်းဆန်မရတဲ့တရားပါ။

အနာဂတ်နိုင်ငံတော်ကိုမြင်ရဲ့လား။ ပြည်ဝင်လက်မှတ် ဖြတ်ပြီးပြီလား။ ဘဝမှာမမှီလိုက်တဲ့ရထားဥဩသံကလွမ်းစရာအကောင်းဆုံးပဲ “

ရေးသားသူ – မင်းကိုနိုင် ၆.၄.၂၀၂၂

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။