ပုဂံမှာ ကြယ်ငါးပွင့်ဟိုတယ်တွေဆောက်ဖို့ ရှေးဟောင်းဘုရားတွေကို စတေးရတော့မှာလား

Local News

ပုဂံမှာ ကြယ်ငါးပွင့်ဟိုတယ်တွေဆောက်ဖို့ ရှေးဟောင်းဘုရားတွေကို စတေးရတော့မှာလား
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပုဂံမှာ ကြယ်ငါးပွင့်ဟိုတယ်တွေဆောက်ဖို့ ရှေးဟောင်းဘုရားတွေကို စတေးရတော့မှာလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ပူးတွဲပါပုံက ပုဂံယဥ်‌ကျေးမှုဇုန်ထဲမှာဆောက်မယ့် Comrad အုပ်စုရဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဇိမ်ခံဟိုတယ် (Luxury Hotel)ကြီးရဲ့ လုပ်ငန်းခွင် တည်နေရာပြမြေပုံပါ။
အဝါရောင်တြိဂံ‌လေးတွေကတော့ ဟိုတယ်လုပ်ငန်းခွင်အတွင်း ကျရောက်နေတဲ့ ဘုရားတွေကို မှတ်သားထားတာပါ။
ပိုင်ရှင်ကတော့ သန်းရွှေလက်ထက်မှာ နေပြည်တော်တည်ဆောက်ရေးစီမံကိန်းအပါအဝင် စစ်အစိုးရရဲ့ ပရောဂျက်အများအပြား ကန်ထရိုက်ရရှိပြီး သူဌေးကြီးဖြစ်လာတဲ့ ဧဒင်ချစ်ခိုင်လို့ လူသိများတဲ့ ခရိုနီတဦးပါ။


နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းခွင်မှာတုန်းက ကန်ထရိုက်ရရှိတဲ့ ကုမ္ပဏီကြီး ၈ ခုသာရှိပြီး အဲဒီထဲမှာ ချစ်ခိုင်ရဲ့ ဧဒင်ဂရုပ်ဆောက်လုပ်ရေး ကုမ္ပဏီလည်း ပါပါတယ်။
——————————————-
မေး
အဲဒီ ဟိုတယ်ဝင်းထဲမှာ ရှေးဟောင်း ဘုရား ဘယ်နှစ်ဆူ ရှိပါသလဲ ?
ဖြေ
စုစုပေါင်း ၂၂ ဆူပါ။ အဲဒီထဲမှာ အာနန္ဒာဘုရားထက်တောင်မှ ရှေးကျတဲ့ ရှေးဟောင်းအ‌မွေအနှစ်တန်ဘိုးကြီးလှတဲ့ ဘုရားအချို့ပါ ရှိနေပါတယ်။
မေး
ဒါဖြင့် အဲဒီဘုရားတွေကို ဖြိုပစ်မှာလား။
ဖြေ
ဖြိုလို့တော့ မရပါဘူး။ ဒါပေမယ့် အဲဒီဘုရားတွေဟာ ဟိုတယ်ရဲ့ အဆောက်အဦးတွေကြားထဲ ရောက်သွားမှာပါ။ ဟိုတယ်ပရဝုဏ်ထဲမှာမို့လို့ အဲဒီဘုရားတွေကို ဟိုတယ်က ခွင့်မပြုပဲ မီဒီယာများပညာရှင်များ နဲ့ အများပြည်သူက ဝင်ရောက်ခွင့် မရှိတော့ပါဘူး။


မေး
ရှေးဟောင်းယဉ်ကျေးမှုဇုန်မှာ အဲ့လို ဟိုတယ်တွေ ဆောက်လို့ ရတာလား။
ဖြေ
မရပါဘူး။ ရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲမှာ ရှေးဟောင်းဘုရား အဆောက်အဦးများ၏ မြင်ကွင်းအား အနှောက်အယှက်ဖြစ်စေမည့် သို့မဟုတ် အဆိုပါဘုရားများ၏ ခိုင်ခံမှုကို ထိပါးစေမည့် မည်သည့်အဆောက်အဦးမျှ အခိုင်အမာ ဆောက်ခွင့် မရှိပါ။


မေး
အဲ့လို ဟိုတယ်တွေဆောက်တဲ့အခါ စက်ယန္တယားကြီးတွေ သုံးပြီး တူးဆွကြတော့ ဘုရားတွေရဲ့ ကြံ့ခိုင်ရေးကို မထိခိုက်နိုင်ဘူးလား။
ဖြေ
သေချာပေါက် ထိခိုက်ပါတယ်။ ပုဂံမြေဟာ လက်မတိုင်းမှာ ရှေးဟောင်းတန်ဘိုးရှိနေတာပါ။ ယခုလို စက်ယန္တယား‌ကြီးတွေရဲ့ ဖောင်ဒေးရှင်းတူးတဲ့အခါ ရှေးဟောင်းအုတ်ချပ်တွေနဲ့ မြေကြီးထဲ ပြိုကျနေတဲ့ ရှေးဟောင်းစေတီများရဲ့ အပိုင်းအစတွေ ကျိုးကြေပျက်စီးကုန်ပြီး မြေလွှာတည်ငြိမ်မှု ပျက်ယွင်းသွားတာကြောင့် ဘုရားတွေရဲ့ structure ခိုင်ခံ့မှုကို သေချာပေါက်ထိခိုက်ပါတယ်။
မေး
ဟင် ! ဒါဖြင့် ဘာလို့ အခုလို ဆောက်နေကြတာလဲ ဘယ်သူမှ မပြောဘူးလား ?
ဖြေ
၁၉၈၈ နောက်ပိုင်း စစ်အာဏာရှင်စံနစ် နဝတလက်ထက်ကတည်းက ဌာနဆိုင်ရာဝန်ကြီးများ ဒေသန္တရအာဏာပိုင်များ နှင့် လက်ဝါးချင်းရိုက် ဆောက်လာကြတာ ယခုနောက်ဆုံး NLD လက်ထက်မှာ တားမြစ်မိန့်ရုပ်သိမ်းပြီး ပြန်လည်ခွင့်ပြုပေးလိုက်တဲ့ ဧဒင်ချစ်ခိုင်ရဲ့ ဟိုတယ်အထိပါပဲ။
ဧဒင်ချစ်ခိုင်ဟာ အဲဒီပရောဂျက်ကိုသန်း‌ရွှေ၏ အားကိုးရသောခရိုနီပေါက်စဘဝ ၂၀၀၄ ခုနှစ် ကတည်းက ရယူခဲ့တာပါ။
ဒီပရောဂျက်ဟာ သမ္မတ သိန်းစိန်လက်ထက်မှာ MIC ကျထားပြီးသားပါ။ MIC ကျထားတဲ့ ပရောဂျက်တွေဟာ ပြည်ပမှ တင်သွင်းသော လုပ်ငန်းသုံးပစ္စည်းများအတွက် အခွန်သက်သာခွင့်အပြင် လုပ်ငန်းစတင်လည်ပတ်ချိန်မှ ကာလတခုအထိ အခွန်ကင်းလွတ်သက်သာခွင့် စတဲ့ အခွင့်အရေးများ ရရှိပါတယ်။
ဒါပေမယ့် ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှုနယ်ပယ်မှ ဝိုင်းဝန်းကန့်ကွက်ခြင်း ထိုအချိန်က တည်ဆဲ ရှေးဟောင်းယဥ်‌ကျေး အမွေအနှစ်ဥပဒေနှင့် ငြိစွန်းခြင်းကြောင့် ဆောက်လုပ်ခြင်း ရပ်နားခဲ့ရပါတယ်။


NLD အစိုးရလက်ထက်မှာ ဒေါက်တာဇော်မြင့်မောင် နှင့် ဧဒင်ချစ်ခိုင်ဟာ လက်ဝါးရိုက်အပေးအယူတခု လုပ်ခဲ့ပါတယ်။
ထိုသဘောတူညီမှုအရ ဧဒင်ချစ်ခိုင်က မန္တလေးကျုံး အရှေ့ခြမ်းကို အကုန်အကျခံပြင်ပေးပြီး အလဲအလှယ်အနေနဲ့ NLD အစိုးရက ရပ်နားထားရတဲ့ ထိုဟိုတယ်ဆောက်လုပ်ခွင့်ကို ပြန်လည်ချပေးခဲ့တာ ဖြစ်ပါတယ်။
မေး
ရှေးသုဥပဒေနဲ့ ငြိနေတယ်ဆို ။ ဘာလို့ ချပေးလိုက်ရတာလဲ။
ဖြေ
အဆိုပါဥပဒေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ လွှတ်တော်က ပြင်ဆင်ပေးခဲ့ရပါတယ်။
ပြင်ဆင်ပေးလိုက်သည့်ဥပဒေအရ ထိုဥပဒေအာဏာတည်သောနေ့အထိ ဆောက်လုပ်ခွင့် ကျထားပြီးသော ပရောဂျက်များအား ဖျက်သိမ်းခွင့် မရှိ ဆိုတဲ့ အပိုဒ်ကို ထည့်သွင်းလိုက်တာပါ။ ဒါကြောင့် သန်း‌ရွှေလက်ထက်ကတည်းက ခွင့်ပြုမိန့် ကျထားပြီးသော ဤဟိုတယ်ပရောဂျက်ကို မည်သူကမျှ တားဆီးကန့်ကွက်ခွင့် မရှိတော့ပါဘူး။


ထပ်မံဖြည့်စွက်ချက်
မေး
အခု ဧဒင်ဦးချစ်ခိုင်ရဲ့ ဟိုတယ်လုပ်ငန်းခွင်နေရာက ဘာမြေအမျိုးအစားမို့လို့လဲဗျ။ သူ့ဟာသူ ဘုရားကြားထဲပဲရှိရှိ နဝတစစ်အာဏာရှင်လက်ထက်နဲ့ NLD ပြည်သူ့အစိုးရလက်ထက်‌တွေမှာ သူ့ကို ‌ပေးထားတာပဲလေ။ ဘာလို့ ဆောက်လို့ မရရမှာလဲ ။
ဖြေ
အထက်မှာ ဧဒင်ဦးချစ်ခိုင်ရဲ့ ဟိုတယ်လုပ်ငန်းခွင်အတွင်း ရှေးဟောင်း‌ဘုရား ၂၂ ဆူ ပါနေကြောင်း တင်ပြခဲ့ပြီးပါပြီ။ ပုဂံယဉ်ကျေးမှု အထွန်းကားဆုံး ကာလဟာ ၁၂ ရာစုကာလပါ။
အဲဒီဘုရားတွေထဲမှာ အဲဒီထက်စောတဲ့ ပျူခေတ်က ဘုရားတွေ ပါနေပါတယ်။ ထို့အပြင် ဘူမိ ရှေးဟောင်းသု‌တေသနနယ်ပယ် သမိုင်းဆိုင်ရာ တန်ဘိုးကြီးတဲ့ ဘုရားတွေရှိပြီး အဲဒီဘုရားတွေထဲ ပုဂံခေတ်က မြေငလျင်အကြောင်း မင်စာရေးထိုးထားတဲ့ ဘုရားတွေပါ ပါနေပါတယ်။


ဒါကြောင့် အဲဒီနေရာဟာ ရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲမှာမှ အရေးအကြီးဆုံးအမွေအနှစ်ဇုန်လို့ UNESCO က သတ်မှတ်ထားတဲ့ Property Zone အတွင်း ကျရောက်နေတာပါ။
ပုဂံဟာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သွားတာကြောင့် အဲဒီ property ဇုန်ထဲမှာ အသစ် ထပ်ဆောက်ခွင့် မရှိတဲ့အပြင် ရှိပြီးသားဟိုတယ်တွေပါ ၁၅ နှစ်အတွင်း ဖယ်ပေးရမှာပါ။
ပြသနာက အဲဒီလို ဥပဒေစည်းကမ်းသတ်မှတ်ချက်တွေ ထွက်ပြီးကာမှ ဥပဒေကို မျက်ကွယ်ပြုပြီး ဒေါက်တာဇော်မြင့်မောင်ဟာ ဧဒင်ဦးချစ်ခိုင်ကို ဟိုတယ်ပရောဂျက်နဲ့ ထိစပ်နေရာမှာ နောက်ထပ် ၃ဧက ထပ်တိုးခွင့်ပြုပေးလိုက်တာပါပဲ။

Thar Lay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။