နိုင်ငံမအုပ်ချုပ်နိုင်သော စစ်ကောင်စီအစား ပြည်သူထောက်ခံသော NUG နှင့်သာ လက်တွဲသွားမည်ဟု မလေးရှားပြောပြီ

Local News

နိုင်ငံမအုပ်ချုပ်နိုင်သော စစ်ကောင်စီအစား ပြည်သူထောက်ခံသော NUG နှင့်သာ လက်တွဲသွားမည်ဟု မလေးရှားပြောပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိုင်ငံမအုပ်ချုပ်နိုင်သော စစ်ကောင်စီအစား ပြည်သူထောက်ခံသော NUG နှင့်သာ လက်တွဲသွားမည်ဟု မလေးရှားပြောပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံကစစ်ကောင်စီကိုအသိအမှတ်မပြုဘဲNUGနှင့်တိုက်ရိုက်ဆက်ဆံသွားမည်ဟုပြော။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံက အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC တို့နှင့် တိုက်ရိုက်ဆက်ဆံရေးထူထောင်သွားမည်ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် အမေရိကန် – အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ခဲ့သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနှင့် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တွင် မေလ ၁၄ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုအပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် RFA သတင်းဌာန၏ မေးမြန်းမှုကို ယခုလို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“နံပါတ်တစ် ကျွန်တော်တို့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။ နံပါတ် နှစ် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ NUG/ NUCC ကို ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးပြီ။ နံပါတ် သုံး မြန်မာပြည်သူတွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးရေးအတွက် ဦးစားပေးဆောင်ရွက်မယ်။ NUG ကတစ်ဆင့် ဒီလိုအကူညီပေးရေးလည်း ဖြစ်နိုင်ပါတယ်။ မလေးရှားမှာ NUG ရုံးခန်းဖွင့်ဖို့ဖြစ်နိုင်ခြေရှိပုံတွေကို ဒေါ်ဇင်မာအောင်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။

အသေးစိတ်တော့ မဆွေးနွေးရသေးပါဘူး။ NUG ဟာ မြန်မာပြည်သူတွေ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့သူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံရမှာပါပဲ။ ဒါ့အပြင် NUG/ NUCC တို့နဲ့ ကျွန်တော်တို့ မလေးရှားနိုင်ငံအကြား တိုက်ရိုက်ဆက်ဆံရေး ထူထောင်ဖို့လည်း ပါဝင်ပါတယ်။ ဒိထက်ပိုပြီး ကျွန်တော် မပြောနိုင်သေးပါဘူး”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက RFA ကို ပြောသည်။

အာဆီယံအဖွဲ့အနေဖြင့် NUG နှင့် NUCC တို့ကို အလွတ်သဘော အသိအမှတ်ပြုဖို့ မလေးရှားနိုင်ငံက ၂ ကြိမ်တိုင် တိုက်တွန်းခဲ့ကြောင်း၊ အမေရိကန် – အာဆီယံ ထိပ်သီးညီလာခံ၌ မလေးရှားဝန်ကြီးချုပ် အစ္စမိုင် ဆယ်ဘရီက NUG နှင့် NUCC တို့ကို အာဆီယံအနေဖြင့် အလွတ်သဘော အသိအမှတ်ပြုဖို့ အချိန်ကျရောက်ပြီဟု အဆိုပြုခဲ့ကြောင်း ဝန်ကြီး အဗ္ဗဒူလာက ပြောသည်။

“NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အရင်က အွန်လိုင်းကပဲ တွေ့ဆုံခဲ့ပြီး အခုပထမဆုံးအကြိမ်အဖြစ်လူချင်းတွေ့တာဖြစ်ပါတယ်။ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြတယ်။ အာဆီယံအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ကို အလွတ်သဘော အသိအမှတ်ပြုဆက်ဆံဖို့ ကျွန်တော် နှစ်ကြိမ် တင်ပြခဲ့ကြောင်း၊ အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တွေ့ဆုံကြတဲ့ မနေ့က အာဆီယံ- အမေရိကန် ထိပ်သီး ညီလာခံမှာလည်း ကျွန်တော်တို့ ဝန်ကြီးချုပ် အစ္စမိုင် ဆယ်ဘရီက NUG နဲ့ NUCC တို့ကို အာဆီယံအနေနဲ့ အလွတ်သဘော အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီဖြစ်ကြောင်း အဆိုပြုခဲ့ပါတယ်။

ဒီကနေ့ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံရမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် စစ်ကောင်စီ တစ်ခုတည်းနဲ့ ပြောဆိုဆောင်ရွက်လို့ မလုံလောက်ဘဲ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့ အဖွဲ့အစည်းတွေပါရမယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေလည်း ပါဝင်ဆောင်ရွက်သင့်တယ်လို့ အဆိုပြုခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှု အကူညီတွေကို အမှန်တကယ်လိုအပ်သူတွေထံ ရောက်ရှိဖို့ သေချာအောင် ကျနော်တို့ ဆောင်ရွက်ရပါလိမ့်မယ်”ဟု သူက ဆိုသည်။

အာဆီယံအဖွဲ့အနေဖြင့် အာဏာသိမ်း စစ်ကောင်စီကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်မှာ ၁ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ တိုးတက်မှု မရှိသည့်အပြင် မြန်မာနိုင်ငံ၌ ပြည်သူများ အကြမ်းဖက်သတ်ဖြတ်ခံရမှုတွေ ပိုများလာနေသည့်အတွက် မလေးရှားနိုင်ငံ အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ နောက်တပ် ၁ နှစ် ထပ်မစောင့်နိုင်ကြောင်း ပြောသည်။

“လူသားချင်းစာနာမှုအကူညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးချပြီး သူတို့ပေးချင်တဲ့သူတွေကိုပဲ ကွက်ပြီးပေးတာမျိုး မဖြစ်စေချင်ပါဘူး။ ဒီကိစ္စမှာ စစ်ကောင်စီအနေနဲ့လည်း အာဆီယံရဲ့ အဆိုပြုချက်တွေကို ပိုမိုအလေးထားပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက လက်ခံခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီ။ NUG ကလည်း ဒီအချက်ငါးချက်ကို လက်ခံပါတယ်။ ဒါပေမဲ့ ဘာတိုးတက်မှုမရှိဘဲ အခုအချိန်ထိ မြန်မာနိုင်ငံမှာ လူတွေပိုပြီးသတ်ဖြတ်ခံနေရပါတယ်။ ထွက်ပြေးရတဲ့လူတွေလည်း ပိုများလာနေပါတယ်။ နောက်ထပ် တစ်နှစ်ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး“ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက RFA ကို ပြောသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် မေလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင်ကျင်းပသည့် အမေရိကန် – အာဆီယံ ထိပ်သီးညီလာခံသို့ အာဏာသိမ်း စစ်ကောင်စီကို ဖိတ်ကြားခြင်းမရှိခဲ့ဘဲ မြန်မာနိုင်ငံ နေရာတွင် ထိုင်ခုံအလွတ် ထားရှိခဲ့သည်။

တချိန်တည်းမှာပင် အမေရိကန်နိုင်ငံက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအာင်ကို ဖိတ်ကြား၍ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှားမန်းနှင့် တရားဝင်တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ ထို့ပြင် ဒေါ်ဇင်မာအောင်သည် ကန်သမ္မတ ဂျိုးဘိုင်ဒန်၏ လူ့အခွင့်အရေးဆိုင်ရာအကြံပေး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏အကြံပေးပုဂ္ဂိုလ်တို့နှင့်လည်း တွေ့ဆုံခဲ့သလို မလေးရှားအပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

Ref – RFA, Ayarwaddy Times, Photo – Reuters

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။