စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်

Local News

စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေမပါဝင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ မပါဝင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၈ နိုဝင်ဘာ၊ ၂၀၂၂

“အရင်ကထက်တော့(လွှတ်ပေးတဲ့နိုင်ကျဥ်း) ပိုများလာတာမှန်တယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ပြောရရင် စစ်တပ်အာဏာသိမ်းပြီးတည်းက ဖမ်းဆီးခံရသူမှန်သမျှဟာ နိုင်ငံရေးဓားစာခံတွေပဲဗျ”
ဦးမင်းဇေယျ(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

နိုဝင်ဘာ ၁၇ရက်‌နေ့မှာ အကျဥ်းသား စုစုပေါင်း ၆၀၀၀ နီးပါးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) ခံဝန်ကတိလတ်မှတ်ထိုးပြီး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီလိုလွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေးအကျဥ်းသား (၅၃) ဦး အထိပါဝင်တာကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းအထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကောက်ယူ ရရှိထားတဲ့ စာရင်းတွေအရသိရပါတယ်။
ဒီအထဲမှာ လူသိများတဲ့ အာဏာသိမ်းတဲ့နေ့ မတိုင်ခင် ညကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ကျောင်း‌သား ခေါင်းဆောင် ကိုမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ဒေါက်တာ မျိုးညွန့်နဲ့၊ NLD ပါတီက တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး၊ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ စာရေးဆရာ မောင်သာချိုတို့ပါဝင်နေပြီး ဒါဟာ နိုင်ငံရေး အကျဥ်းသား အများဆုံးပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တယ်လို့ အချက်အလက်ပြုစုသူတွေက ပြောပါတယ်။


ဒါပေမဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးပြန်လွှတ်ပေးဖို့ဆိုတဲ့အချက်နဲ့ပတ်သက်လို့တော့ ပါဝင်လာတာမရှိသလို NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်ဟောင်းတွေ၊ ပြည်ထောင်စုဝန်ကြီးဟောင်းတွေ၊ တစ်ခါ တက်ကြွလှုပ်ရှားသူတွေနဲ့ အနုပညာရှင်တွေ အကျဥ်းထောင်တွင်းမှာ ဆက်လက်ကျန်ရှိနေပါသေးတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ ၈၈မျိုးဆက်ကျောင်းသားဟောင်းလည်း ဖြစ်တဲ့ ကိုမင်းဇေယျာက ခုလိုပြောပါတယ်။


“အရင်ကထက်တော့(လွှတ်ပေးတဲ့နိုင်ကျဥ်း) ပိုများလာတာမှန်တယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ပြောရရင် စစ်တပ်အာဏာသိမ်းပြီးတည်းက ဖမ်းဆီးခံရသူမှန်သမျှဟာ နိုင်ငံရေးဓားစာခံတွေပဲဗျ။ နိုင်ငံရေးကစားတဲ့အခါမှာ ဓားစားခံ​ခေါ်ထားတဲ့သဘောလို့ပဲမြင်တယ်။ အဲဒီလိုမြင်တော့ ဒီလိုပဲနိုင်ငံရေးအကျပ်အတည်း၊ စစ်ရေးအကျပ်အတည်း၊ အခြားသောအကျပ်အတည်းတွေကြုံလာရင် ဖမ်းထားတဲ့လူတွေကို လွှတ်မယ်။ လွှတ်ပြီးရင် ပြန်ဖမ်းမယ်ဆိုတဲ့ စစ်တပ်အာဏာသိမ်းတဲ့ လူတွေရဲ့ပေါ်ပြူလာပေါ့နော်။ လက်ရှိအခြေအနေအရ ပြောရရင် စကစအနေနဲ့ ဘက်ပေါင်းစုံက ဖိအားတွေပိုများလာတယ်။ သူတို့ရဲ့ time frame(အချိန်ဇယားမူဘောင်) နီးကပ်လာတဲ့အချိန်မှာ ထုတ်သုံးလာတဲ့သဘောလို့မြင်တယ်။ နိုင်ငံရေးသဘောထားကွဲလွဲလို့စကတည်းက မဖမ်းသင့်တဲ့လူတွေဗျာ။ ခုဟာက သူတို့အကြောင်းပြချက်နဲ့ ဖမ်းတယ်။ သူတို့လွှတ်ချင်တဲ့အချိန်မှာ အကြောင်းပြချက်တစ်ခုခုပေးပြီးတော့လွှတ်တယ်။ အဲဒီတော့ ခု သူတို့လွှတ်တယ်ဆိုတာလည်း နိုင်ငံရေးအကြောင်းပြချက်တစ်ခုခုအရ ဖဲ့ဖဲ့ပြီးတော့ ဘယ်လိုလူကိုတော့လွှတ်လိုက်မယ်၊ ဘယ်လိုလူတော့ပြန်ဖမ်းလိုက်၊ ဘယ်လိုလူတော့ချန်ထားလိုက်နဲ့ ကစားနေတာပေါ့” လို့ သူက ဆိုပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။