နေတိုးစာချုပ် အပိုဒ်ခွဲ ၄ နဲ့ ၅ – ပိုလန်နယ်ထဲ ဒုံးကျည်ထိမှန်မှုအပေါ် ဘာလို့စိုးရိမ်နေကြသလဲ

International News Local News

နေတိုးစာချုပ် အပိုဒ်ခွဲ ၄ နဲ့ ၅ – ပိုလန်နယ်ထဲ ဒုံးကျည်ထိမှန်မှုအပေါ် ဘာလို့စိုးရိမ်နေကြသလဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေတိုးစာချုပ် အပိုဒ်ခွဲ ၄ နဲ့ ၅ – ပိုလန်နယ်ထဲ ဒုံးကျည်ထိမှန်မှုအပေါ် ဘာလို့စိုးရိမ်နေကြသလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၇ နိုဝင်ဘာ ၂၀၂၂

နိုဝင်ဘာ ၁၅ ရက်က ပိုလန်ရွာ ရှက်ဗောဒိုမှာ ဒုံးကျည်ထိမှန်ပြီး လူ ၂ ယောက် thay ဆုံး

ပိုလန်နဲ့ ယူကရိန်း နယ်စပ်ကနေ ၆ ကီလိုမီတာ အကွာမှာ ရှိတဲ့ ရှက်ဗောဒို လို့ ခေါ်တဲ့ ပိုလန်ရွာလေးကို ဒုံးကျည်ထိပြီး လူ ၂ ယောက်thayဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး နေကြပြီ ဖြစ်ပါတယ်။

ဒါဟာ ယူကရိန်း စစ်ပွဲအတွင်း နေတိုးခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဝင် နိုင်ငံ တနိုင်ငံအပေါ် ပထမဆုံးအကြိမ် ထိပါးမှု တခုဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ရုရှားဘက်က ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်ခဲ့သလား ဆိုပြီး ကမ္ဘာအနှံ့ စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

အဲဒီလို ဖြစ်ရတာကလည်း နေတိုးအဖွဲ့ဟာ နိုင်ငံစုံ စုပေါင်းထားတဲ့ ကာကွယ်ရေး အဖွဲ့အစည်းတခု ဖြစ်ပြီး အဖွဲ့ဝင် တနိုင်ငံကို ထိပါးတာဟာ အားလုံးကို တိုက်ခိုက်လာတာလို့ ခံယူတာကြောင့် ဖြစ်ပါတယ်။ အခု အဖြစ်အပျက်ရဲ့ အကျိုးဆက်အဖြစ် လက်ရှိ စစ်ပွဲတွေမှာ နိုင်ငံစုံပါဝင်လာပြီး စစ်က ပိုမို ကျယ်ပြန့်လာနိုင်ပါတယ်။

ဒါပေမယ့် နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယန်စ် စတိုလ်တန်ဘတ်ဂ်က ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာတော့ အခု အဖြစ်ဟာ ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်တဲ့ အရိပ်အယောင် မမြင်ရကြောင်း ပြောခဲ့ပါတယ်။ သူက ကနဦး လေ့လာသုံးသပ်ချက် တွေအရတော့ အခုကျခဲ့တဲ့ ဒုံးကျည်ဟာ ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ခရုဇ် ဒုံးကျည်တွေကို ကာကွယ်ဖို့ ပစ်လွှတ်ခဲ့တဲ့ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးစနစ်မှာ သုံးတဲ့ ဒုံးခွင်းဒုံး ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် အခုအဖြစ်အပျက်ကြောင့်ပဲ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ဖိတ်စင်လာနိုင်တဲ့ အလားအလာနဲ့ အဖွဲ့ဝင် အားလုံး ပါဝင် ကာကွယ်ခုခံ တိုက်ခိုက်ဖို့ ဆိုတဲ့ နေတိုးအဖွဲ့ရဲ့ ပိုဒ်ခွဲ ၄ နဲ့ ၅ ပါ အချက်ကို အသက်ဝင်လာစေမလား ဆိုတာကို စိုးရိမ်လာကြပါတယ်။

နေတိုး ဆိုတာ ဘာလဲ

၁၉၄၉ ခုနှစ်က တည်ထောင်ခဲ့တဲ့ နေတိုး အဖွဲ့မှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ ရှိ

နေတိုး ဆိုတာကတော့ North Atlantic Treaty Organization (Nato) မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ကို အတိုကောက် ခေါ်တာပါ။ ဒုတိယ ကမ္ဘာစစ်လွန် ကာလမှာ ရုရှားရဲ့ ချဲ့ထွင်မှုတွေကို တန်ပြန်ဖို့ အတွက် ရည်ရွယ်ပြီး ၁၉၄၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ စစ်ရေး မဟာမိတ် အဖွဲ့ ဖြစ်ပါတယ်။ ဆိုဗီယက် ယူနီယံ ၁၉၉၁ ခုနှစ်မှာ ပြိုလဲခဲ့အပြီးမှာ အရင် ဆိုဗီယက် သြဇာအောက်က ရုရှားရဲ့ မဟာမိတ် ဖြစ်ခဲ့ကြတဲ့ အရှေ့ဥရောပ နိုင်ငံတော်တော်များများပါ နေတိုးထဲကို ဝင်လာခဲ့ကြပါတယ်။

ဒီလို အဖွဲ့ဝင်သစ်တွေ နေတိုးက တိုးလက်ခံနေတာဟာ သူတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်သလို ဖြစ်နေတယ်ဆိုပြီး ရုရှားဘက်က စောဒက တက်နေခဲ့တာ ကြာပါပြီ။ အဲဒါကြောင့် ယူကရိန်းက နေတိုးထဲ ဝင်ဖို့ ကြိုးစားလာတဲ့ အခါမှာ သူတို့ နယ်နိမိတ်အစပ်အထိ နေတိုး ရောက်လာမှာကို စိုးရိမ်ပြီး အပြင်းအထန် ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ နေတိုးအဖွဲ့ထဲမှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ တခြား ဥရောပ နိုင်ငံတွေ အပါအဝင် အဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ ရှိပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာပြီးနောက် ဖင်လန်နဲ့ ဆွီဒင် နိုင်ငံတွေကလည်း နေတိုးထဲ ဝင်ရောက်ဖို့ အတွက် လျှောက်ထားလာကြပါတယ်။

နေတိုး စစ်စာချုပ်ထဲက အပိုဒ်ခွဲ ၄ နဲ့ ၅

နေတိုးစာချုပ်ရဲ့ အပိုဒ်ခွဲ ၅ ကတော့ အထူးခြားဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ ပါတာက နေတိုး အဖွဲ့ဝင် နိုင်ငံတနိုင်ငံကို ရည်ရွယ်ချက်နဲ့ စစ်ဆင် တိုက်ခိုက်လာမယ် ဆိုရင် နေတိုး တဖွဲ့လုံးကို ထိပါး တာဖြစ်တယ်လို့ မှတ်ယူမှာ ဖြစ်ကြောင်း ပြောထားပါတယ်။

အဲဒီအခါမျိုးမှာ ဒီ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် စစ်ရေး အင်အားတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ နေတိုး အဖွဲ့ဝင် ဘယ်နိုင်ငံမဆို အပိုဒ်ခွဲ ၄ ကို အသက်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စာပိုဒ်ထဲမှာကတော့ ဘယ်အဖွဲ့ဝင် နိုင်ငံမဆို မဟာမိတ်နိုင်ငံတွေရဲ့ ညွန့်ပေါင်း ဆုံးဖြတ်မှုနဲ့ တုံ့ပြန်မှုတွေ လုပ်နိုင်ရေးအတွက် ဆွေးနွေးကြဖို့ တောင်းဆိုနိုင်ပါတယ်။

ဒီအပိုဒ်ခွဲတွေကို သုံးခဲ့ဖူးသလား

ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ကြောင့် ဖြစ်နိုင်ကြောင်း နိုဝင်ဘာ ၁၆ ရက်နေ့က နေတိုးရဲ့ သတင်းစာရှင်းလင်းပွဲမှာ နေတိုး အတွင်းရေးမှူးချုပ် ယန်စ် စတိုလ်တန်ဘဂ်ပြော

နေတိုးအဖွဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၄၉ နောက်ပိုင်း အပိုဒ်ခွဲ ၅ ကို တခါ သုံးခဲ့ကြဖူးပါတယ်။ ဒါက ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ က ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက နယူးယောက်နဲ့ ဝါရှင်တန် ဒီစီတို့မှာ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီး နောက်တရက် ဖြစ်ပါတယ်။ အဲဒီတုန်းက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက လေယာဉ်တွေ အမေရိကန် လေပိုင်နက်ထဲမှာ ကင်းထောက် ပျံသန်းပေးခဲ့ကြပါတယ်။

အပိုဒ်ခွဲ ၅ ဆိုတိုင်း စစ်ရေး တုံ့ပြန်မှု လုပ်ဖို့ မလိုပါဘူးလို့ အမေရိကန် တက္ကသိုလ်ရဲ့ နေတိုး ရေးရာ ကျွမ်းကျင်သူ ဂျွန် ဒဲန်နီက ပြောပါတယ်။ အဲဒီထဲမှာ ကွဲပြားတဲ့ နည်းတွေနဲ့ တုံ့ပြန်သွားနိုင်အောင် ရေးသားထားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အပိုဒ်ခွဲ ၄ ကိုတော့ ပိုပြီး အသုံးပြုကြတာကို တွေ့ရပါတယ်။ ၁၉၄၉ ခုနှစ် နောက်ပိုင်း အကြိမ် တော်များများ သုံးခဲ့ပါတယ်။

ဒီ ၂၀၂၂ ဖေဖော်ဝါရီလထဲမှာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီး နောက်မှာ အဖွဲ့ဝင် ၈ နိုင်ငံက ပိုဒ်ခွဲ ၄ ကို သုံးပြီး ဆွေးနွေးခဲ့ကြပါတယ်။ မဟာမိတ်တွေက သူတို့ အဖွဲ့ဝင် နိုင်ငံတွေမှာ မြေပြင်နဲ့ ဝေဟင်မှာ တပ်အင်အားတွေ တိုးချဖို့အတွက် သဘောတူခဲ့ကြပါတယ်။

လောလောဆယ် ယူကရိန်းအနီးတဝိုက် အရှေ့ဥရောပ နိုင်ငံတွေထဲမှာ နေတိုး တပ်ဖွဲ့ဝင် ၄၀၀၀၀ လောက် နေရာယူထားကြပြီ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ နေတိုးပါလာ နိုင်သလား
ယူကရိန်း စစ်နောက်ပိုင်း အရှေ့ဥရောပမှာ နေတိုး တပ်ဖွဲ့ဝင် ၄၀၀၀၀ တပ်ချထား

ယူကရိန်းက နေတိုး အဖွဲ့ဝင် မဟုတ်တာကြောင့် နေတိုး အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဆီကို စစ်ပြန့်လာမှသာ အဲဒီလို ပါဝင် တိုက်ခိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

နောက်ပိုင်း အပိုဒ်ခွဲ ၅ ဆိုတာကလည်း အတိုက်ခံရပြီ ဆိုတိုင်း အလိုအလျောက် အသက်ဝင်လာတာမျိုး မဟုတ်ပါဘူး။ အရင်ဆုံး အဖွဲ့ဝင် နိုင်ငံတွေအကြား ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးရာမှာလည်း ဆုံးဖြတ်ချက် ချဖို့ အချိန်ကန့်သတ်ပေးထားတာမျိုး မရှိပါဘူး။ နောက်ပြီး နေတိုး နိုင်ငံဖြစ်တိုင်းလည်း စစ်ရေးအရ တုံ့ပြန်ရမယ်လို့ အတင်းအကြပ် မပြောထားပါဘူး။ ကိုယ့် အချုပ်အချာ အာဏာနဲ့ ကိုယ့်ပြည်တွင်းမှာပဲ ဘယ်လို တုံ့ပြန်မှုတွေ လုပ်မလဲ ဆိုတာကို အရင် ဆုံးဖြတ်ခွင့် ရှိပါတယ်။

ဒါပေမယ့် ဒဲန်နီကတော့ တကယ်လို့သာ နေတိုး အဖွဲ့ဝင် နိုင်ငံတနိုင်ငံကို တိုက်ခိုက်လာမယ် ဆိုရင် ချက်ခြင်းကို ပြင်းပြန်းထန်ထန် တုံ့ပြန်လာနိုင်တယ်လို့ ယူဆပါတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ တိုက်ခိုက်လာသလဲ ဆိုတာကတော့ အရေးကြီးတဲ့ အချက် ဖြစ်မယ်လို့ ဆိုပါတယ်။

ပိုလန်မှာ ဒုံးကျည်ထိတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နေတိုး အတွင်းရေးမှူးချုပ် ယန်စ် စတိုလ်တန်ဘဂ်က ရုရှားက ယူကရိန်းထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုရဲ့ အကျိုးဆက်ကြောင့် ဖြစ်လာရတာမို့ ဒီကိစ္စမှာ အဓိကတာဝန်ရှိသူဟာ ရုရှားသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မော်စကိုဘက်က နေတိုးကို စစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်မျိုးတော့ မတွေ့ရကြောင်း ထည့်ပြောသွားခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။