နိုင်ငံကူးလက်မှတ်ရက်ချိန်းပေးမှုကို နှစ်ပတ်ကျော်ကြာ ရပ်ဆိုင်းထားမည် အရေးပေါ်လိုအပ်နေသူများ လူကိုယ်တိုင် လာရောက်လျှောက်ထားခွင့်ပြု

Local News

နိုင်ငံကူးလက်မှတ်ရက်ချိန်းပေးမှုကို နှစ်ပတ်ကျော်ကြာ ရပ်ဆိုင်းထားမည်
အရေးပေါ်လိုအပ်နေသူများ လူကိုယ်တိုင် လာရောက်လျှောက်ထားခွင့်ပြု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နိုင်ငံကူးလက်မှတ်ရက်ချိန်းပေးမှုကို နှစ်ပတ်ကျော်ကြာ ရပ်ဆိုင်းထားမည် အရေးပေါ်လိုအပ်နေသူများ လူကိုယ်တိုင် လာရောက်လျှောက်ထားခွင့်ပြု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်ရှိ အင်တာနက်ကနေ တန်းစီစနစ် Online Booking ကနေ ရက်ချိန်းပေးထားတာတွေ ရပ်ဆိုင်းထားချိန်မှာ အရေးပေါ်နိုင်ငံကူးလက်မှတ်လုပ်ဖို့ လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထောက်ခံချက်၊ စာရွက်စာတမ်းအချက်လက်တွေနဲ့အတူ လာရောက်လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

လိုအပ်တဲ့ ထောက်ခံချက် ၊ စာရွက်စာတမ်းတွေနဲ့အတူ တစ်ရက်ကြိုတင်ပြီး လူကိုယ်တိုင် လာရောက်လျှောက်ထားရမယ်လို့လည်း ပြောပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ Online Booking စနစ်နဲ့ QR Code ရက်ချိန်းပေးတာကို ဒီဇင်ဘာ ၅ ရက်ကစပြီး ရပ်ဆိုင်းလိုက်တာပါ။

နိုင်ငံကူးလက်မှတ်လျှောက်ထားချင်သူတွေများလွန်းနေလို့ ဒီနှစ်မတ်လကစပြီး QR Code ကို စီစဥ်ခဲ့ပေမယ့် ဒီစနစ်ဟာ အဆင်မပြေဘဲ ပြည်သူတွေအတွက် ငွေကုန်ကြေးကျပိုများခဲ့တယ်လို့ ဝေဖန်ခံခဲ့ရတာပါ။

တစ်ရက်ကို လူ ၂၅၀၀ အထိ ခွင့်ပြုခဲ့ပြီး ၃ လအထိ ရက်ချိန်းယူခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။ QR Code ကနေ ရက်ချိန်းယူဖို့ အချိန်အပေါ်မူတည်ပြီး ငွေကျပ်သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ စျေးပေါက်ခဲ့တယ်လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့သူတွေဆီက စုံစမ်းသိရှိရပါတယ်။

“အဲ့QR ကို လုပ်ထားတဲ့သူတွေက ပွဲစားတွေချည်းပဲ။ ပွဲစားနဲ့ အထဲကရဲတွေက ပေါင်းလုပ်ကြတာဆိုတော့ ကျမတို့ ပြည်သူတွေက အဲ့ Website ထဲကို ဝင်လို့မရဘူး။ ပွဲစားနဲ့လုပ်မှ ကိုယ်လိုချင်တဲ့ ၁၀ ရက်လောက်အတွင်းကို ရတာ။ အခု QR ဖျက်လိုက်လည်းကောင်းတယ် ”

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်) ကတော့ ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ဖို့ Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေပြီး အသုံးပြုလို့ရမယ့်နေ့ကို အသိပေးမယ်လို့ ထုတ်ပြန်ပါတယ်။

စနစ်သစ်ရေးဆွဲနေတဲ့ကာလက နှစ်ပတ်ကနေ သုံးပတ်အထိ ကြာနိုင်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးက ပြောပါတယ်။

ပုံစာ-နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ တန်းစီစောင့်ဆိုင်းနေတဲ့လူငယ်များ
ဓာတ်ပုံ- CJ (ပုံဟောင်း)

QR Code နဲ့ ရက်ချိန်းရယူထားပြီးသူတွေကတော့ ရက်ချိန်းရထားတဲ့ ‌နေ့တွေမှာ ဆက်လက် ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

QR Code စနစ်မှာ လိမ်လည်မှုတွေအမြောက်အများရှိခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လက ပွဲစားတစ်ဦးထဲကနေ လူ ၁၉ ယောက်ကိုလိမ်လည်သွားတယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ပါတယ်။ ဒီကာလတွေထဲက ဘိုကင်တွေအတွက်ငွေကြေးပိုသုံးရပြီးအဆင်မပြေတာတွေရှိခဲ့သလို နေ့စဥ်လူတန်းရှည်ကြီးနဲ့ ‌အချိန်ကြာမြင့်စွာလည်းစောင့်ဆိုင်းခဲ့ကြရတာပါ။

ဒါ့ကြောင့် Online Booking စနစ်သစ်ဟာ ဘယ်လောက်အလုပ်ဖြစ်မလဲ မသိရသေးပေမယ့် QR Code စနစ်ကိုရပ်ဆိုင်းပြီး Online Booking စနစ်သစ်မစတင်ခင်မှာလည်း မှောင်ခိုစျေးကွက်က ပိုအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိနေပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။