ထူးထူးခြားခြား မော်ရိုကိုနှင့် မော်ရိုကိုဘောလုံးအသင်း

Sports

ထူးထူးခြားခြား မော်ရိုကိုနှင့် မော်ရိုကိုဘောလုံးအသင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထူးထူးခြားခြား မော်ရိုကိုနှင့် မော်ရိုကိုဘောလုံးအသင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွန်ခဲ့သည့် အင်္ဂါနေ့ညက စပိန်နိုင်ငံမြောက်ပိုင်း ဘီဘားအိုးမြို့တွင် လူတွေအုပ်စုလိုက် အောင်ပွဲခံနေကြသည်။ ကမ္ဘာ့ဖလားပွဲတွင် သူတို့နိုင်ငံအသင်းက နာမည်ကြီးဘောလုံးအသင်းကို အနိုင်ရကာ ကွာတားဖိုင်နယ် တက်ရောက်သွားကြောင့်ဖြစ်သည်။
အနီရဲရဲအင်္ကျီများ ဝတ်ဆင်လျက် အလံများဝှေ့ယမ်းကာ မမောနိုင်မပန်းနိုင် အောင်ပွဲခံနေကြသူများ မှာ စပိန်နိုင်ငံသားများ မဟုတ်ပါပေ။ ကမ္ဘာ့ဖလားပွဲတွင် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ရောက်သဖြင့် အလွန်အမင်းပျော်ရွှင်မြူးထူးနေသည့် မော်ရိုကန်လူမျိုးများဖြစ်ကြသည်။
ရှုံးထွက်အဆင့်တွင် နာမည်ကြီးစပိန်အသင်းကို အနိုင်ရလိုက်သဖြင့် မော်ရိုကိုနိုင်ငံ၊ ကာဆာဘလန်ကာမှသည် အီရတ်နိုင်ငံ ဘဂ္ဂဒတ်အထိ လူတွေအုပ်စုလိုက် လမ်းပေါ်ထွက်ကာ ညလုံးပေါက် အောင်ပွဲခံကြသည်။ အာဖရိကမြောက်ပိုင်းမှသည် အရှေ့အလယ်ပိုင်းအထိ အာရပ်ကမ္ဘာတစ်ခုလုံး ပျော်မဆုံးမော်မဆုံးဖြစ်ကြသည်။

 

အီတလီနိုင်ငံမှ မော်ရိုကိုအသင်း အားပေးသူတစ်ဦး

မော်ရိုကိုအသင်း၏ ကမ္ဘာ့ဖလားအောင်ပွဲက အာရပ်ကမ္ဘာတစ်ခုလုံးကို အပျော်တွေကူးစက်သွား ကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားကြသည်။ မော်ရိုကိုသည် အာရပ်စကားပြော အာဖရိကနိုင်ငံဖြစ်သည်။

ကမ္ဘာ့ဖလားပွဲတွင် နာမည်ကြီးစပိန်အသင်းကို အနိုင်ယူခဲ့သည့် မော်ရိုကိုအသင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မထင်မရှား အာဖရိကအသင်းက ဗိုလ်စွဲရန်ရေပန်းစားနေသည့် အသင်းကြီးများကို အနိုင်ရလိမ့်မည်ဟု မည်သူမှထင်မှတ်မထားခဲ့ပေ။

ကမ္ဘာ့ဖလားပွဲကျင်းပရာ ကာတာနိုင်ငံ ဒိုဟာမြို့တွင် မော်ရိုကိုအသင်းအားပေးသူများ အောင်ပွဲခံနေစဉ်

သို့သော် ဥရောပဒေသမှ အစဉ်အလာရှိ ခရိုရေးရှား၊ ဘယ်လ်ဂျီယံ၊ ကနေဒါတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည့် မော်ရိုကိုအသင်းမှာ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်လှမ်းနိုင်ခဲ့သည်။ အုပ်စုတွင်းပွဲစဉ်၌ နာမည်ကြီးဘယ်လ်ဂျီယံနှင့် ကနေဒါအသင်းတို့ကို အနိုင်ရခဲ့သည့်အပြင် ရှုံးထွက်အဆင့်၌ ခြေစွမ်းထက်လှပါသည်ဆိုသော စပိန်အသင်းကို ပွဲချိန်မိနစ် ၁၂၀ လုံးလုံးခံကန်ကာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြန်သည်။

အုပ်စွဲပွဲစဉ်၌ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီးနောက် ဘယ်လ်ဂျီယံ ဘရပ်ဆဲလ်မြို့တွင် အဓိကရုဏ်းများပင် ပေါ်ပေါက်ခဲ့သည်။ မော်ရိုကန်များအတွက်မူ ပျော်ရွှင်မှုက ရပ်တန့်မသွားပေ။ နာမည်ကြီး စပိန်အသင်းကို အနိုင်ရလိုက်ချိန်တွင် အာဖရိကသားတွေသာမက အာရပ်ကမ္ဘာမှလူများပါ ဂုဏ်ယူမဆုံးဖြစ်ကြတော့သည်။

အာဖရိကမြောက်ပိုင်းမှ လူဦးရေသန်း ၄၀ နီးပါးရှိ မော်ရိုကိုနိုင်ငံမှာ ထူးခြားမှုများပြည့်နက်နေသည့် ဘုရင့်နိုင်ငံငယ်လေးဖြစ်သည်။ တစိတ်တပိုင်းအားဖြင့် စပိန်ကိုလိုနီဖြစ်ခဲ့ဖူးသည့်အပြင် ပြင်သစ်ကလည်း အုပ်ချုပ်ခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့လည်း ကြီးစိုးဖူးသည်။

မော်ရိုကိုသည် ဥရောပအနီးရှိ အာရပ်စကားပြော အာဖရိကနိုင်ငံဖြစ်သည်။ ပထဝီအနေအထားအရ နာမည်ကျော် ဂျီဘရော်လ်တာရေလက်ကြားသာခြားသဖြင့် ဥရောပဟုပင် ဆိုနိုင်သည်။
မြောက်အတ္တလန်တိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်ကမ်းရိုးတန်းရှိ မော်ရိုကိုနိုင်ငံသည် ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနှင့် နီးစပ်ပြီးဖြစ်လေသည်။ ကျန်အာဖရိကနိုင်ငံများနှင့်မတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။
အာရေဗျစကားပြောနိုင်ငံဖြစ်သော်လည်း အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန်ဘာသာစကားတို့ကိုလည်း ရေရေလည်လည် ပြောဆိုနိုင်ကြသည်ဖြစ်ရာ သမိုင်းကြောင်းကြွယ်ဝမှုကို ဖော်ပြနေသည်။ တမူထူးခြားသည့် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကြောင့် မော်ရိုကိုမှာ ကမ္ဘာလှည့်ခရီး သွားများအကြိုက်တွေ့သည့်နေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံ့လက်ရွေးစင်အသင်းပေါင်း ၃၂ သင်းအထိ ပါဝင်ယှဉ်ပြိုင်ကြသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အသင်းကြီးများကိုကျော်ဖြတ်ကာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီးနောက် လူအများ၏ အထူးတလည်စိတ်ဝင်စားမှုကို မော်ရိုကိုက ဖမ်းစားနိုင်ခဲ့သည်။

ကမ္ဘာ့ဖလားပွဲမှာ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အားကစားပြိုင်ပွဲကြီးဖြစ်သည်။ ကမ္ဘာတဝန်းမှ အားကစားသမားများ၊ ဘောလုံးအဖွဲ့ချုပ်များ၊ ပရိတ်သတ်များ လေးနှစ်တစ်ကြိမ် အားစမ်းကြသည့် အခိုက်အတန့်လည်းဖြစ်သည်။
စစ်ပွဲများ၊ ပဋိပက္ခများ၊ နိုင်ငံရေး စီးပွားရေး လူမှုရေး စသည့် ပြဿနာအထွေထွေနှင့် ပင်ပန်းနွမ်းနယ်နေသော ကမ္ဘာကြီးတွင် အယုတ်အလတ်အမြတ်မရွေးကို ဖျော်ဖြေမှုပေးစွမ်းနိုင်သည်ဖြစ်ရာ အနိုင်အရှုံး အားကစားပြိုင်ပွဲတစ်ခုထက်ပိုသည်ဟု ဆိုရပေမည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကြီး လက်ခံကျင်းပရေးအတွက်ပင် နိုင်ငံရေးဩဇာနှင့် ဓနအင်အားကြီးနိုင်ငံကြီးများ အကြိတ်အနယ် ပြိုင်ဆိုင်ကြလေ့ရှိသည်။ လက်ရှိကျင်းပနေသော ကာတာနိုင်ငံသည်ပင်လျှင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ကျော်အကုန်အကျခံ သုံးစွဲခဲ့သည်။

ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဘောလုံးအင်အားကြီးအသင်းများသာ ဗိုလ်စွဲလေ့ရှိသည့်အတိုင်း ဗိုလ်စွဲနိုင်ခြေရှိအသင်းများကို ပြိုင်ပွဲမစတင်မီကပင် ကြိုတင်တစ်ပေးကြလေ့ရှိသည်။ သို့သော် အသင်းကြီးများကို ဒုက္ခပေးနိုင်သည့် ဖြတ်မြင်းများလည်း ပေါ်ထွက်လာလေ့ရှိသည်မှာ ထုံးစံ လိုလိုပင်။
ယခုနှစ် ကမ္ဘာ့ဖလားတွင်လည်း ‘Lions of Atlas’ ဟုခေါ်သည့် မော်ရိုကိုအသင်းမှာ ဗိုလ်လုပွဲအရောက်သွားရန် ရည်မှန်းထားသည့်အသင်းကြီးများအတွက် ခြောက်ခြားဖွယ်ဖြစ်သည်။ ကွာတားဖိုင်နယ်တွင် ဥရောပဒေသမှ အစဉ်အလာရှိ အသင်းတစ်သင်းဖြစ်သော ပေါ်တူဂီအနေဖြင့် မော်ရိုကိုအသင်းကို ကျော်ဖြတ်နိုင်မည်လားဆိုသည်မှာ လာမည့်ဒီဇင်ဘာ ၁၁ ရက်နေ့မှသာ အဖြေထွက်မည်ဖြစ်သည်။

ဒေသတွင်းပြိုင်ပွဲများတွင်သာ ကျင်လည်နေခဲ့သည့် မော်ရိုကိုဘောလုံးအသင်းမှာ ယခုနှစ်ကမ္ဘာ့ဖ လားပွဲတွင် ကွာတားဖိုင်နယ်အဆင့်ထက် အောင်မြင်မှုရနိုင်မလားဆိုသည်မှာလည်း ရင်ခုန်စိတ်လှုပ် ရှားဖွယ်ရာဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။