နည်းပြ ဆန်းတို့စ် နဲ့ ရိုနယ်ဒို

Sports

နည်းပြ ဆန်းတို့စ် နဲ့ ရိုနယ်ဒို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နည်းပြ ဆန်းတို့စ် နဲ့ ရိုနယ်ဒို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ 2016 ပေါ်တူဂီအသင်း ယူရိုဖလားရတုန်းက ရိုနယ်ဒိုဟာ အဝတ်လဲခန်းထဲမှာ လက်ရှိ နည်းပြ ဆန်းတို့စ်ကို မျက်ရည်စက်တွေကြား ချီးမွမ်းခန်းဖွင့်ပြီး ကျေးဇူးတင်စကားဆိုခဲ့တာ အားလုံး မှတ်မိကြအုံးမယ်ထင်တယ်။ ”ပထမဦးဆုံး ဒီလူကြီးလူ ကောင်းကို ကျေးဇူးတင်တယ်။ ဒီဖလားကို ဒီဘဲ ယူပေးခဲ့တာ” ဆိုပြီးပေါ့။ ရိုနယ်ဒို ဆန်းတို့စ်အပေါ် အမြဲတမ်း လေးစားချစ်ခင်ခဲ့တယ်။ ဆန်းတို့စ်က ပေါ်တူဂီနဲ့ ဖလားမရခင် ဘယ်သူလဲ သိလား??

1988 ခုနှစ်ကနေ 2014 ခုနှစ်အတွင်း ဆန်းတိုစ်ဟာ ကလပ်အသင်း ၁၀ သင်းကို ကိုင်သွယ်ခဲ့ပေမဲ့ အဓိကဖလား တစ်လုံးတောင် မရဖူးသလို သူ ရဖူးတဲ့ ဖလားစုစုပေါင်းဟာ 4 လုံးပဲ ရှိပါတယ်။ ရေတွက်ရင် လက်တစ်ဖက်တောင် မပြည့်ဘူးပေါ့။ ဒီလို နည်းပြကို ပေါ်တူဂီလက်ရွေးစဉ်အသင်းအတွက် နည်းပြခန့်လိုက်ချိန် အားလုံးက ဝေဖန်ပြစ်တင်ရှုတ်ချ ခဲ့ကြတယ်။

ဒါပေမဲ့ သူ့မှာ ရိုနယ်ဒိုလို့ ခေါ်တဲ့ကစားသမားတစ်ယောက် ရှိခဲ့တယ်။ အဲ့တာက သူ့အတွက် လုံလောက်ခဲ့တယ်။ ဆန်းတို့စ် ထုတ်ပယ်ခံရဖို့ အကြိမ်ကြိမ် နီးစပ်ခဲ့တယ်။ အဲ့အကြိမ်ကြိမ်တိုင်းကို ရိုနယ်ဒိုက ကယ်ပေးခဲ့တယ်။ ရိုနယ်ဒိုသာ ဆန်းတိုစ်ကို မထောက်ခံထားရင် ထုတ်ပယ်ခံရတာ ကြာလှပေါ့။ နည်းပြဘက်မှာ အမြဲထောက်ခံ ကာကွယ်ပေးခဲ့တဲ့ ကစားသမားတစ်ယောက် ပြန်ရလိုက်တာ ထိုက်တန်မှု ရှိရဲ့လား???

ပေါ်တူဂီ ဂန္ဓဝင်ကစားသမား လူးဝစ်ဖီဂိုပြောသလိုပေါ့ ”6 ဂိုးပြတ်၊ 7ဂိုးပြတ်ဆိုတဲ့ နိုင်ပွဲမျိုးက အမြဲတမ်း ရတက်တာ မဟုတ်ဘူး။” အဲ့လိုတစ်ခါတစ်လေသာ ရတက်တဲ့ ရလာဒ်ကြောင့် ဘာအတွေးမှားစရာလဲ မလိုဘူး။ နိုင်ငံအသင်း ပွဲဦးထွက်မှာ ဟတ်ထရစ်သွင်းတဲ့ ကောင်လေးနဲ့ နိုင်ငံအသင်းအတွက် (သွင်းဂိုးပေါင်း 100 ကျော်) နှစ်ပေါင်း 20 နီးပါး ပုံမှန်ဂိုးသွင်း​ ပေးခဲ့တဲ့သူကို သံသယတစ်ချက်တောင် မဝင်ဘဲ သူလဲလိုက်တယ်။ ဘောလုံးလောကမှာ အစဉ်အလာနဲ့ သမိုင်းဆိုတာ နိုင်ပွဲအတွက် သော့ချက်တွေပါ။

ပေါ်တူဂီတိုက်စစ်ဟာ ဝါရင့်တိုက်စစ်မှုး ရိုနယ်ဒိုရဲ့ဘေးမှာ လူငယ်တိုက်စစ်မှူး ၂ ယောက်နဲ့ အမြဲတမ်း အဆင်ပြေခဲ့တာပါ။ ဂါနာ၊ ဥရုဂွေး အသင်းကိုလဲ ဒီတိုင်းပဲ နိုင်ခဲ့တယ်။ 2022 ဇွန်လတုန်းကပဲ ရိုနယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းက ဆွစ်ဇာလန်ကို
4 ဂိုးပြတ်နဲ့ နိုင်(ရိုနယ်ဒို 2 ဂိုးသွင်း) ပြီး အဲ့ဒီ ဇွန်လမှာပဲ ပေါ်တူဂီအသင်းက ရိုနယ်ဒိုမပါဘဲ ဆွစ်ဇာလန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ကာ UEFA national league ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရတယ်။ အဲ့တုန်းက ပါးစပ်တွေ ပိတ်နေခဲ့ကြတယ်။

​မော်ရိုကိုနဲ့ပွဲစဉ်မှာ ရိုနယ်ဒို ပါရင်သေချာပေါက်နိုင်မယ်၊ ဂိုးသွင်းမယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ ရိုနယ်ဒိုပါဝင်တဲ့ ဒုတိယပိုင်း တိုက်စစ်က ပိုကောင်းခဲ့သလို ပိုလဲ မျှော်လင့်ချက်ပေးနိုင်ခဲ့တယ်။ ပထမပိုင်းကတည်းက ဒီလိုသာ တိုက်စစ်ဖိနိုင်ခဲ့ရင် ပင်နယ်တီအထိတော့ သေချာရောက်တယ်ဆိုတာ ပြောရဲပါတယ်။

နည်းပြက ပွဲပြီးအင်တာဗျူးမှာ ရိုနယ်ဒိုကို အရံထားမိတဲ့အပေါ် လုံးဝနောင်တ မရကြောင်းတောင် ပြောသွားသေးတယ်။ ရိုနယ်ဒို အမြဲ ပွဲထွက်ခွင့်ရဖို့မမျှော်လင့်ထားဘူး။ သို့သော် အနိုင်မကစားနိုင်မှာချင်းအတူတူ ရိုနယ်ဒိုရဲ့ နောက်ဆုံးသော ပြိုင်ပွဲမှာ လုပ်သွားတာကတော့ ရုပ်ပေါက်လွန်းတယ်..။ ရိုနယ်ဒိုသာပါရင် ဆွစ်ဇာလန်ကို ဂိုးပြတ်မနိုင်ဘူးဆိုတဲ့ ဆရာကြီးတွေလဲ အချက်အလတ်တွေ သွားကြည့်ကြပါ။ နောက်ဆုံး သူပါဝင်ကစားခဲ့တဲ့ ပေါ်တူဂီ vs ဆွစ်ဇာလန် 2 ပွဲတည်းမှာတင် 5 ဂိုးသွင်းထားတယ်။

ရိုနယ်ဒို မလုပ်နိုင်တာထက် သူ့လုပ်နိုင်စွမ်းတွေ ကန့်သတ်ခံထားတာ ပိုခက်တယ်..အရင်ကတည်းက အဲ့လိုကန့်သတ်ခံခဲ့ရရင် ရိုနယ်ဒိုဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ရိုနယ်ဒိုကို အဓိကထားကစားစဉ်တုန်းက ဖလားရတယ်။ အခုတော့ ပေါ်တူဂီအသင်းပိုကောင်းဖို့ ရိုနယ်ဒိုကို ဖယ်လိုက်မှ ၅ပါးမှောက်သွားတယ်

ရေးသားသူ – Cristiano and Man United News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။