နိုင်ငံကူးလက်မှက်ရုံးပိတ်လို့ လူတွေ အခက်တွေ့နေ

Local News

နိုင်ငံကူးလက်မှက်ရုံးပိတ်လို့ လူတွေ အခက်တွေ့နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိုင်ငံကူးလက်မှက်ရုံးပိတ်လို့ လူတွေ အခက်တွေ့နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


၂ ဇန်နဝါရီ ၂၀၂၃

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် စက်မှု ၁ လမ်းမကြီးမှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုတ်တရက် ပိတ်ထားလိုက်လို့ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူတွေ ရုံးထဲဝင်ခွင့်မရဘဲ အခက်တွေ့နေကြတယ်လို့ ပြောပါတယ်။

System အဆင့်မြှင့်မှာဖြစ်လို့ ရုံးကိုခေတ္တပိတ်ထားမယ်လို့ ရုံးရှေ့မှာဗီနိုင်းထောင် ကြေညာထားပေမယ့် QR Code က တစ်ဆင့် ရက်ချိန်းရရှိထားသူတွေကတော့ ရုံးထဲဝင်ခွင့်ရမယ်ထင်ပြီး ရုံးမဖွင့်ခင်ကထဲက နာရီနဲ့ချီ စောင့်ခဲ့ကြပါသေးတယ်။
ဒါပေမဲ့ ရုံးထဲကို ဝင်ခွင့်မရခဲ့ဘူးလို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပြပါတယ်။

လျှောက်ထားသူတွေ များလွန်းလို့ အရင်လျှောက်ထားသူတွေကို ပြီးပြတ်အောင် ထုတ်ပေးဖို့ လုပ်တာဖြစ်နိုင်တယ်လို့ နိုင်ငံကူး လက်မှက်ထုတ်ပေးရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ QR Code စနစ်နဲ့ ရက်ချိန်းယူတဲ့စနစ်ကို ဖျက်သိမ်းလိုက်တာ တစ်လနီးပါး ကြာပြီဖြစ်ပေမယ့် ရက်ချိန်းယူထားတဲ့ လက်ကျန်စာရင်းက ဖေဖော်ဝါရီလထဲအထိ ရှိနေသေးတာဖြစ်ပါတယ်။

အခုလို ရုံးပိတ်လိုက်လို့ အလုပ်ကိစ္စ၊ ကျောင်းကိစ္စနဲ့ ကျန်းမာရေးကိစ္စ စသဖြင့် နိုင်ငံခြားကိုသွားမယ့်သူတွေအတွက် အခက်ကြုံနေကြရတာလည်း ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ပြောကြသူတွေရှိသလို ၂ ပတ်လောက် အထိ ပိတ်ထားမယ်လို့ ဆိုကြသူတွေလည်း ရှိနေကြပါတယ်။

ဘယ်နေ့မှာ ရုံးပြန်ဖွင့်မလဲဆိုတာကို စစ်ကောင်စီဘက်က တရားဝင်မထုတ်ပြန်သလို ဘီဘီစီရဲ့မေးမြန်းမှုကို လည်း စစ်ကောင်စီဘက်က ပြန်မဖြေသေးပါဘူး။

ရန်ကုန်မြို့သာမက မန္တလေး အပါအဝင် နယ်မှာရှိတဲ့ နိုင်ငံကူးလက်မှက်ရုံးတွေကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေထံက တစ်ဆင့်သိရပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထားချင်သူတွေ များလွန်းနေလို့ ပြီးခဲ့တဲ့နှစ်မတ်လကစပြီး QR Code ကို စီစဥ်ခဲ့ပေမယ့် အဆင်မပြေဘဲ ပြည်သူတွေအတွက် ငွေကုန်ကြေးကျပိုများခဲ့လို့ ဒီဇင်ဘာ ၅ ရက်မှာ ဖျက်သိမ်းခဲ့ပါတယ်။

အွန်လိုင်း ရက်ချိန်းယူ QR Code စနစ်ဟာ တစ်ရက်ကို လူဦးရေ ၂၅၀၀ လက်ခံပြီး လျှောက်ထားသူအရေအတွက်က လက်ခံနိုင်သူ ဦးရေထက်များနေလို့ အခက်အခဲ ဖြစ်ပေါ်ခဲ့ရတာလို့လည်း သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ နိုဝင်ဘာ လတွေ ကတည်းက လျှောက်ထားသူတွေများလို့ လူဦးရေသတ်မှက်ရက်တွေမတိုင်မီ လူတွေကြိုပြည့်နေခဲ့တာ ဖြစ်တယ်လို့လည်း ပြည်ပအလုပ်ကိုင် အေဂျင်စီတွေကတစ်ဆင့် သိရပါတယ်။

ဒါကြောင့် နိုင်ငံကူးလက်မှက် စာအုပ်လုပ်ဖို့ အမြန်လိုသူတွေအတွက် QR ကုဒ်ရပြီးသူများထဲက စာအုပ် မလုပ်ဖြစ်တဲ့သူတွေရှိပါက အွန်လိုင်း ရက်ချိန်းကို ပြန်ဝယ်ရတာမျိုးများလည်းရှိပြီး QR Code ပြန်ရောင်းတဲ့ စျေးကွက်ပေါ်လာပါတယ်။ အဲဒီနောက် QR Code ပြနိုင်မှပဲ ရုံးထဲကို ဝင်လို့ရတော့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာပြီး ၊ စီးပွားရေးအခက်အခဲများကြုံတွေ့လာရတဲ့ အတွက် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်သူတွေရှိသလို အိမ်နီးချင်းနိုင်ငံတွေမှာ ပညာ ဆက်လက် သင်ယူလိုတဲ့ ကျောင်းသားလူငယ်တွေကလည်း အချိန်မီ နိုင်ငံရပ်ခြားသို့ထွက်ခွာနိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်ထားရေးအတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က အွန်လိုင်း QR Code စနစ် ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လျှောက်ထားနိုင်ဖို့ အွန်လိုင်းဘွတ်ကင်စနစ်ကို ပြင်ဆင်ရေးဆွဲနေပေမယ့် ခုချိန်အထိအသုံးမပြုနိုင်သေးဘူးလို့ သိရပါတယ်။

အာဏာသိမ်းမှုမဖြစ်ခင်က ဝန်ဆောင်ခငွေကျပ် လေးသောင်းနီးပါးသာ ကျသင့်ခဲ့တဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်တဲ့အခြေအနေဟာ အာဏာသိမ်းပြီးနောက်မှာ QR Code ရယူရတဲ့ စနစ်ကို ပြောင်းလဲခဲ့ပြီးအကန့်အသတ်တွေကြောင့် နိုင်ငံကူးလက်မှတ်ရဖို့ ငွေကျပ် လေးသိန်းကနေ ၅ သိန်း နီးပါးအထိ ကုန်ကျခဲ့တယ်လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

ပွဲစားတွေက အခကြေးငွေယူ ရောင်းချတဲ QR ကုဒ်တွေကို ဝယ်ပြီး နိုင်ငံကူးလက်မှတ်ရုံးထဲ ဝင်ခဲ့သူတွေကြောင့် နစ်နာမှုတွေဖြစ်နေတယ်လို့လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။ ပြီးခဲတဲ့ ဇွန်လအတွင်းက နိုင်ငံကူးလက်မှက်ရုံးအနီးမှာ နိုင်ငံကူးလက်မှတ် အမြန်လုပ်ပေးမယ်ဆိုပြီးလူတစ်ဦးကို ကျပ်နှစ်သိန်းခွဲနဲ့ လူ ပေါင်း ၁၉ ဦးထံက လိမ်လည်ခဲ့သူတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ နိုင်ငံကူးလက်မှက်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။