တရုတ်က နယ်စပ်ဂိတ်ပြန်ဖွင့်ပေမဲ့ မြန်မာဘက်က ပိတ်ထားဆဲ

Local News

တရုတ်က နယ်စပ်ဂိတ်ပြန်ဖွင့်ပေမဲ့ မြန်မာဘက်က ပိတ်ထားဆဲ

နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲ ကုန်သွယ်မှုပမာဏအများဆုံးရှိတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလည်းဖြစ်သလို ကိုဗစ် ကပ်ရောဂါ ကြောင့် ၃ နှစ်နီးပါးကြာ ပိတ်ထားခဲ့တဲ့ ရှမ်းမြောက် မူဆယ်မြို့နဲ့ ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက ရွှေလီမြို့ဘက်ခြမ်းမှာရှိတဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ဒီကနေ့ ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ခဲ့ပါတယ်။

မူဆယ် နဲ့ ရွှေလီတို့ရဲ့ နယ်စပ်ဂိတ်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန်ဝိန်းဂိတ်တွေကို ပြန်ဖွင့်မယ့် အကြောင်း ယူနန်ပြည်နယ်အစိုးရဘက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စာထုတ်ခဲ့အပြီးမှာ ဂိတ်တွေကို ပြန်ဖွင့်လိုက်တာပါ။

ဒါပေမဲ့ မြန်မာဘက်ခြမ်းက ဂိတ်တွေကို မဖွင့်ခဲ့ပါဘူး။

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ နှစ်နိုင်ငံအဆင့် အကြောင်းကြားတာ မဟုတ်ဘဲ တရုတ်ဘက်က ယူနန်ပြည်နယ်အဆင့်ကနေ တစ်ဖတ်သက် အကြောင်းကြား ကြေညာခဲ့တာကလည်း မြန်မာဘက်ခြမ်းက ဂိတ်တွေ ပြန်မဖွင့်ရ တဲ့အကြောင်းရင်းဖြစ်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေဆီကနေ ဘီဘီစီက သိရှိရပါတယ်။

နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ဖွင့်ပေမယ့် မြန်မာဘက်က ဒီကနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ မဖွင့်တာ မှန်ပါတယ်လို့ စစ်ကောင်စီ နယ်စပ်ကုန်သွယ်ရေးဌာန အရာရှိကြီးတစ်ဦးက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

မြန်မာဖက်က ပြန်ဖွင့်မယ့်ရက်ကို မသိရသေး

ကိုဗစ်ကာလတစ်လျှောက် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်ကနေ ဆန်၊ ပဲမျိုးစုံ၊ သစ်သီးနဲ့ ရေထွက်ကုန်တွေကို တရုတ်နိုင်ငံကို မြန်မာဘက်က အဓိကတင်ပို့ပြီး ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆောက် လုပ်ရေးနဲ့ စက်မှုလုပ်ငန်းသုံးပစ္စည်းတွေကို တရုတ်ဘက်ကနေ တင်သွင်းနေတာဖြစ်ပါတယ်။

မူဆယ်နယ်စပ်ကုန်သည်ကြီး တစ်ဦးကတော့ ရွှေလီမြို့မှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတာဟာ နယ်စပ်ဂိတ် ပိတ်ဖို့ ဦးတည်စေတဲ့အကြောင်းရင်း တစ်ရပ်ဖြစ်တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

မြန်မာ-တရုတ်နယ်စပ် ကုန်သည်ကြီးတွေကတော့ တရုတ်နိုင်ငံဟာ ကိုဗစ်ကာလတစ်လျှောက်မှာ နယ်စပ်ဂိတ်တွေကို တဖက်သတ်ပိတ်တာ၊ ဖွင့်တာနဲ့ တင်ပို့ကုန်ပစ္စည်းတွေကို ကန့်သတ်တာတွေကို အရင်ကတည်းက ပြုလုပ်တယ်လို့ ပြောဆိုကြပါတယ်။

အာဏာမသိမ်းခင် ကိုဗစ်ကာလ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၁-၂-၂၂ ဘဏ္ဍာနှစ်အတွင်း တရုတ်နဲ့ မြန်မာကုန်သွယ်မှုဟာ ကုန်သွယ်မှုဟာ မူဆယ်နယ်စပ်မှာဆိုရင် အမေရိကန်ဒေါ် လာ သန်း ၃၀၀ ကျော်အထိ ကျဆင်းခဲ့တယ်ဆိုတာကို စစ်ကောင်စီလက်အောက် စီးပွားကူးသန်းဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေအရသိရပါတယ်။

တရုတ်နိုင်ငံဘက်က အကြောင်းကြားမှုဟာ ပြည်နယ်အဆင့်အစိုးရက အကြောင်းကြားတာဖြစ်ပြီး နိုင်ငံအဆင့် အကြောင်းကြားဖို့လိုတယ်လို့ နယ်စပ်ကုန်သွယ်ရေးဌာန အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လက်တလော တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေကိုလည်း စစ်ကောင်စီက စောင့်ကြည့်နေပုံရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရတဲ့ မြန်မာ သံအမတ်ကြီး ဦးတင်မောင်ဆွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပြီးဖြစ်တဲ့အတွက် နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် အပြန်အလှန်အကူအညီပေးအပ်ရေးအတွက် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာဆိုရင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း တစ်ခုတည်းကပဲ ကုန်သွယ်မူ့ပမာဏာဟာ အမေရိကန်ဒေါ်လာသန်းပေါင်း လေးထောင်ရှစ်ရာကျော် ရှိခဲ့

၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာဆိုရင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း တစ်ခုတည်းကပဲ ကုန်သွယ်မူ့ပမာဏာဟာ အမေရိကန်ဒေါ်လာသန်းပေါင်း လေးထောင်ရှစ်ရာကျော် ရှိခဲ့တာ ဖြစ်ပါတယ်

မြန်မာဘက်က ကုန်သည်တွေကတော့ တရုတ်ဘက်က ဂိတ်ဖွင့်အမီ တင်ပို့ဖို့လုပ်နေတဲ့ ဆန်အပါအဝင်ကောက်ပဲသီးနှံတွေကတော့ မြန်မာဘက်က ပိတ်ထားလို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် တရုတ်ဘက်ကို ဝင်ရောက်ဖို့ လာရောက်စောင့်ဆိုင်းနေသူ အချို့လည်းရှိပြီး မြန်မာဘက်က လူဝင်မှုကြီးကြပ်ရေးဂိတ်တွေကိုပါ ပိတ်ထားတာတွေ့ရကြောင်းလည်း နယ်စပ်ကုန်သည်တွေက တစ်ဆင့်သိရပါတယ်။

နယ်စပ်ဂိတ်တွေ ဘယ်နှစ်ရက်ပိတ်ထားမယ်၊ မြန်မာဘက်က ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း နယ်စပ်ကုန်သည်တွေက ပြောဆိုကြပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။