နောက်လကျ အမှုလိုက်ပေးတော့မယ့် ကမ္ဘာ့ပထမဆုံးဉာဏ်ရည်တုအသုံးပြုစက်ရုပ်ရှေ့နေ

International News Tech

နောက်လကျ အမှုလိုက်ပေးတော့မယ့် ကမ္ဘာ့ပထမဆုံးဉာဏ်ရည်တုအသုံးပြုစက်ရုပ်ရှေ့နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နောက်လကျ အမှုလိုက်ပေးတော့မယ့် ကမ္ဘာ့ပထမဆုံးဉာဏ်ရည်တုအသုံးပြုစက်ရုပ်ရှေ့နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


“ကမ္ဘာ့ပထမဆုံးစက်ရုပ်ရှေ့နေ”က နောက်လကျရင် အမှုလိုက်ပေးတော့မှာပါ။ တရားပြိုင်တစ်ဦးက ယာဉ်စည်းကမ်းဖောက်ဖျက်မှုအတွက် ခုခံပြောဆိုဖို့ ဉာဏ်ရည်တုအသုံးပြုရှေ့နေကို အသုံးပြုသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Robot lawyer' powered by AI will help fight speeding ticket as it takes  first case in court

DoNotPay ကုမ္ပဏီက ဉာဏ်ရည်တုစက်ရုပ်ကို တီထွင်ခဲ့တာပါ။ အဲဒါက စမတ်ဖုန်းအက်ပလီကေးရှင်းတစ်ခုအနေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး တရားပြိုင်ရဲ့စမတ်ဖုန်းမှာ ရှိနေမှာပါ။ လက်တွေ့ဘဝမှာ လူသားရှေ့နေတွေက အမှုသည်တွေကို အကြံပေးသလိုပဲ စက်ရုပ်က နားကြပ်အသုံးပြုပြီး တရားခွင်မှာ ဘယ်လိုတွေပြောရမယ်ဆိုတာ အမှုသည်ကို ညွှန်ကြားသွားမှာဖြစ်ပါတယ်။ အစိုးရရှေ့နေနဲ့အမှုသည်ကြားက စကားတွေကို နားထောင်ပြီး နောက်ထပ်ဘာတွေပြောရမလဲဆိုတာကို အကြံပေးမှာဖြစ်ပါတယ်။


ဂျိုရှာ ဘရိုဒါဆိုသူက DoNotPay လို့ လူသိများတဲ့ ဥပဒေရေးရာဝန်ဆောင်မှုအတွက် chatbot ကို ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ အမေရိကန်နဲ့ ဗြိတိန်က နောက်ကျကြေး (သို့မှဟုတ်) ဒဏ်ကြေးပေးဆောင်ရမယ့် သူတွေကို ဥပဒေဆိုင်ရာလမ်းညွှန်ချက်တွေပေးတဲ့ chatbot အနေနဲ့ မိတ်ဆက်ခဲ့တာပါ။

ဖေဖော်ဝါရီလက အမှုကြားနာဖို့ သတ်မှတ်ထားတဲ့လဖြစ်ပါတယ်။ တကယ်နေ့ရက်၊ တရားရုံးတည်နေရာနဲ့ တရားပြိုင်အမည်ကို စက်ရုပ်ဖန်တီးသူတွေက လျှို့ဝှက်ထားဆဲပါပဲ။

တရားရုံးမှာ ဉာဏ်ရည်တုစက်ရုပ်ဆီက အမိန့်ပေးချက်တွေကိုသာ တုံ့ပြန်ပြောဆိုမယ့် တရားပြိုင်က ယာဉ်စည်းကမ်းဖောက်ဖျက်မှုတရားဝင်ဆင့်ခေါ်စာလက်ခံရရှိပြီးနောက် တရားစွဲခံခဲ့ရတာပါ။ ဉာဏ်ရည်တုစက်ရုပ်ဟာ တရားရုံးမှာ တင်ပြခဲ့တဲ့အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဘယ်လိုခုခံပြောဆိုရမလဲဆိုတာ တရားပြိုင်ကို အကြံပေးသွားမှာဖြစ်တယ်လို့ သိပ္ပံနဲ့နည်းပညာမဂ္ဂဇင်း New Scientist က ဖော်ပြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။