မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ သံတွဲမြို့တွင် တွေ့ဆုံရန် ရှိပြီး ငပလီ ကမ်းခြေ နှင့် မြို့ပေါ်ရှိ စျေးဆိုင်များကို စစ်ကောင်စီကဖျက်သိမ်းခိုင်း၊ လုံခြုံရေးအတွက် ရေတပ်စစ်သင်္ဘောများနှင့် စစ်တပ်များ ကြိုတင်ချထား

Local News

မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ သံတွဲမြို့တွင် တွေ့ဆုံရန် ရှိပြီး ငပလီ ကမ်းခြေ နှင့် မြို့ပေါ်ရှိ စျေးဆိုင်များကို စစ်ကောင်စီကဖျက်သိမ်းခိုင်း၊ လုံခြုံရေးအတွက် ရေတပ်စစ်သင်္ဘောများနှင့် စစ်တပ်များ ကြိုတင်ချထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ သံတွဲမြို့တွင် တွေ့ဆုံရန် ရှိပြီး ငပလီ ကမ်းခြေ နှင့် မြို့ပေါ်ရှိ စျေးဆိုင်များကို စစ်ကောင်စီကဖျက်သိမ်းခိုင်း၊ လုံခြုံရေးအတွက် ရေတပ်စစ်သင်္ဘောများနှင့် စစ်တပ်များ ကြိုတင်ချထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ် ကိုယ်စား လှယ် အဖွဲ့တို့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇန်န ဝါရီလ တတိယအပတ်တွင် တွေ့ဆုံကြရန်ရှိနေပြီး ငပလီ ကမ်းခြေရှိ လမ်းဘေးစျေးဆိုင်များအားလုံးကို စစ်ကောင်စီက အတင်း အကျပ် ဖျက်သိမ်းခိုင်းနေကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီ ၁၉ ရက်နေ့တွင် အဖွဲ့ဝင် ၃၀ နီးပါး ပါသော ထိုင်းစစ်တပ်ကိုယ်စား လှယ် အဖွဲ့သည် ထိုင်းတော်ဝင်လေတပ် အထူးလေ ယာဉ် ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းနောက် မင်းအောင်လှိုင်နှင့်ဇနီးတို့လည်း သံတွဲသို့ ရောက်ရှိပြီး တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၁၉ ရက်နေ့ ထိုင်းစစ်တပ်က ကိုယ်စားလှယ်အဖွဲ့ ထိုင်းတော်ဝင်စစ်တပ်လေယာဉ်နဲ့ သံတွဲကို ရောက်မယ်။ ဇန်နဝါရီ လ ၂၁ ရက်နေ့မှာ သံတွဲကနေ ရန်ကုန်ကို ထိုင်းစစ်တပ်ကိုယ်စားလှယ်အဖွဲ့ သွားပြီးမှ အဲဒီနေ့ ၂၁ ရက်နေ့မှာပဲ ပြန်မယ်။ ထိုင်းစစ်တပ် ရောက်တဲ့အချိန်မှာ မင်းအောင်လှိုင်လည်း သံတွဲကို လာမယ်။ ငပလီကို ဆုံပြီး လာကြတာက အပန်းဖြေမှာတော့မဟုတ်ဘူး။ ထိုင်းစစ်ဦးချုပ်နဲ့ မင်းအောင်လှိုင် သံတွဲသွားမှာ ဆုံမယ့်သဘောပဲ။ မပြန်ခင်ဇန်နဝါရီ ၂၁ ရက်နေ့ ရန်ကုန်ဝင်တာက ရွှေတိဂုံဘုရားဖူး ဖို့များတယ်” ဟု နေပြည် တော် စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ထိုင်းစစ်ဗိုလ်ချုပ် General Prem Tinsulanonda ၏ နာရေးအတွက် ထိုင်းနိုင်ငံသွားရောက် တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်။

လက်ရှိတွင် မင်းအောင်လှိုင်နှင့် ထိုင်းစစ်တပ် တို့ သံတွဲမြို့တွင် တွေ့ဆုံရန်ရှိနေသဖြင့် ငပလီမြို့ရှိ လမ်းဘေးစျေးဆိုင်တွေကို စစ်တပ်က အတင်းအကျပ် ဖျက်သိမ်းနေပြီး လမ်းဘေးဝဲယာရှိ ခြုံပုတ်တွေကိုပါ လိုက်လံရှင်းလင်းနေကြကြောင်း၊ လုံခြုံရေးအတွက် စစ်တပ်နှင့် ကင်းပုန်းများ စတင်ချထားကြောင်း သိရှိရသည်။

“လမ်းဘေး ခြံစည်းရိုးတွေကို အကုန်ထုံးသုတ်ထားတယ်။ သစ်ပင်တွေပါ မကျန် အကုန်ထုံးသုတ်ထားတာ။ လမ်းဘေး ပလက် ဖောင်းတွေ၊ လမ်းလယ်စည်းမျဥ်းတွေကိုပါ အသစ်ပြန်လုပ်ထားတယ်။ လမ်းဘေးစျေးဆိုင်တွေ၊ခြုံတွေ အကုန်ရှင်းရတာက သူ့ရဲ့ လုံခြုံ ရေးပေါ့။ ခြုံပုတ်တွေ အောက်မှာ ဗုံးတွေ မိုင်းတွေ ထောင်ထားမှာ စိုးရိမ်တယ်။ လမ်းဘေးက သစ်ပင်ကြီးတွေ၊ အုံ့အုံ့ဆိုင်းဆိုင်း အပင်တွေဆိုရင် အကုန်ခုတ်ခိုင်းတယ်။ သူကိုယ်တိုင်က ကြောက်စိတ်တအားဝင်နေတော့ အဲဒါတွေကို မကြည့်နိုင်ဘူးလို့ ပြောတယ်” ဟု ငပလီမြို့ အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ငပလီကမ်းခြေနှင့် သံတွဲမြို့ပေါ်ရှိ လမ်းဘေးစျေးဆိုင်များကို ဒီဇင်ဘာလကတည်းက ဖျက်သိမ်းခိုင်းခြင်းဖြစ်ပြီး ဆိုင်ခန်းဖြင့် ဖွင့်လှစ်နေသည့် လမ်းဘေးစျေးဆိုင်ကြီးများကိုပါ အတင်းအဓမ္မဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။

“ကျပ်တည်းနေတဲ့ကာလဆိုတော့ စျေးဆိုင်က နေ့တိုင်းထွက်ရတယ်။ မကျန်းမာရင်တောင် ဆေးမကုနိုင်ဘူး စျေးဆိုင်ထွက်ရတယ်။ အိမ်စားစရိတ်မရမှာ စိုးလို့။ ခရီးသွားရာသ အခုတော့ ပိတ်ထားတာရ နှစ်ပတ်လောက်ရှိပြီ၊ အိမ်စားစရိတ်မရှိတော့ အကြွေးတင်တာပေါ့။ သူတို့မြန်မြန်ပြန်ပါစေလို့ ဆုတောင်းနေရတယ်” ဟု ငပလီမြို့မှ လမ်းဘေးစျေးရောင်းသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းစစ်တပ်တို့ တွေ့ဆုံကြမည့် ငပလီနှင့် သံတွဲမြို့တွင် စစ်တပ်က တစ်အိမ်တက်တစ်အိမ်ဆင်း ဧည့်စာရင်းစစ်ခြင်း၊ မြို့ပေါ် ရပ်ကွက်၊ ဘုန်းကြီးကျောင်းနှင့် သာသနိက အဆောက်အဦများတွင် လုံခြုံရေးချခြင်း၊ ကင်းပုန်းချခြင်း၊ ကင်းလှည့်စစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

“စစ်တပ်က အရပ်ဝတ်တွေနဲ့ ရပ်ကွက်ထဲ လျှောက်သွားနေတာတွေ ရှိတယ်။ လုံခြုံရေး အင်အားလည်း ထပ်ဖြည့်ထားတာ တွေ့တယ်။ ရေတပ်က စစ်သ င်္ဘော နှစ်စီးလည်း ငပလီအောက်ဘက်နား ရပ်ထားတာ တွေ့တယ်။ ငါးဖမ်းတဲ့ သူတွေတောင် ပင်လယ်မဆင်းကြဘူး။ ငါးမရတဲ့အထဲ စစ်သားတွေ ဟင်းစား ငါးတောင်းတာနဲ့ အိမ်အတွက်တောင် မကျန်ဘူး” ဟု ငပလီမြို့ ဂျိတ်တောရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။