ဘုရားအနေကဇာတင်ခြင်းနှင့်တင်ရမည့်နေ့

Astrology Religion
ဘုရားအနေကဇာတင်ခြင်းနှင့်တင်ရမည့်နေ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုရားအနေကဇာတင်ခြင်းနှင့်တင်ရမည့်နေ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘုရားအနေကဇာတင်ခြင်း

မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့ အခါပဲဖြစ်ဖြစ် ၊ ရုပ်ပွားဆင်းတုတော်အသစ်၀ယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲလုပ်တဲ့အခါပဲဖြစ်ဖြစ် ဘုရားအနေကဇာ တင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ် ။ အဘယ်ကြောင့်လုပ်တယ်ဆိုတာတိတိကျကျမသိကြပေမယ့် တစ်ချို့ကရုပ်ပွားဆင်းတုတော်အသစ်ကိုအနေကဇာတင်မှ ကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာရှိသလို အနေကဇာတင်မှလည်းဆင်းတုတော်ဟာ တန်ခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။

ဒါကြောင့်လည်း ဘုန်းကြီးတွေကိုပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီးပတ်ပတ်လည် ဘုန်းကြီးတွေကဝိုင်းပြီး အနေကဇာ တင်စေကြတာဖြစ်မှာပါ ။ ပိုဆိုးတာက တစ်ချို့ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာမတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲဖြစ်ပါတယ် ။ လွဲနေကြတာလေးတွေကို ပြောတာပါ။ဘုန်းကြီးကပြန်ပြီး ဘုရားကိုများ တန်ခိုးထက်အောင် ဖန်တီးပေးရတယ်လို့ ။ စဉ်းစားသင့်တဲ့အလွဲလေးတစ်ခုပါ။

တကယ်တော့ ဘုရားအနေကဇာတင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲဖြစ်ပါတယ် ။ အနေကဇာဆိုတဲ့ စကားရဲ့မူရင်း စကားလုံးက “အနေကဇာတိ သံသာရံ” စတဲ့မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော် ကလာတဲ့ စကားပဲဖြစ်ပါတယ် ။

ဒီအနေကဇာတိသံသာရံမှာပါတဲ့ “အနေကဇာတိ” ဆိုတဲ့စကားကိုပဲ အလွယ်ယူပြီး အနေကဇာတင်တယ်လို့ပြောကြတာဖြစ်ပါတယ် ။ ဒီစကားဟာမြတ်စွာဘုရား သစ္စာလေးပါးကို သိပြီးသဗ္ဗညုတဉာဏ်တော်ကိုရပြီးနောက် ပထမဆုံးကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။

အဓိပ္ပါယ်က…“အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ ။

ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော “ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ ၊ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ် ၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ ၊ အဝိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ ၊ငါ၏စိတ်သည် ပြုပြင်ခြင်း ကင်းရာနိဗ္ဗာန်သို့ ရောက်ပြီ ၊ တဏှာကုန်ရာ ကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ… ” (ဥဒါန၀တ္ထု) ဟူ၍ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓဘုရားအဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော်မူတဲ့ ဒီပုံရိပ်ကိုအာရုံပြုပြီး သဗ္ဗညုတဘုရားကို ပူဇော်တဲ့အနေနဲ့ ဘုရားရှင် ကျူးရင့်တော်မူခဲ့တဲ့ ဒီအနေကဇာတိသံသာရံ အစရှိတဲ့ ဘုရားစကားတော်များကို ပြန်လည်ရွတ်ဆို ပူဇော်ကြခြင်း ဖြစ်ပါတယ်။ အဲဒါကိုပဲ “ဘုရားအနေကဇာတင်” တယ်လို့ ဆိုခြင်းဖြစ်ပါတယ် ။

အလွယ်ပြောရရင် “ဘုရားအနေကဇာတင်တယ်”ဆိုတာ တန်ခိုးတော်အရာမှာ အတုမရှိတဲ့ဗုဒ္ဓရှင်တော်မြတ်ကို ပူဇော်တဲ့ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပြီး ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်၊ လူတွေလည်းအချိန်မရွေ၊နေရာမရွေး ၊ ဘုရားရှင်ဘုရားဖြစ်တော်မူမူချင်း မဟာဗောဓိပင်အောက်မှာ ကျူးရင့်တော်မူတဲ့ အသွင်သန္တာန်ကို အာရုံပြုပြီးရွတ်ဆို ပူဇော်နိုင်ကြပါတယ် ။ အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင် လူတွေလည်း အနေကဇာတင်နိုင်ကြပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကိုပူဇော်တာ ဖြစ်လို့ပါပဲ။

တစ်ချို့က ဘုရားအနေကဇာတင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့bဆိုတာရှိပါသေးတယ် ။ ဘုရားကိုဘိတ်သိတ်မြောက်တယ်ပေ့ါ ။ ဒါဟာဘုရားကို ဘိတ်သိတ်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို ဘိတ်သိတ်မြောက်ပေးလို့လည်း မရပါဘူး။ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာ၀တ္ထုကို သန့်စင်စေတဲ့သဘောပဲဖြစ်ပါတယ်။

ရုပ်ပွားတော်ထုလုပ်ကြတဲ့အခါမှာထုလုပ်တဲ့သူတွေဟာ ခြေထောက်နဲ့ညှက်ပြီး လုပ်ကြတာတို့ ၊ ဟိုထား ၊ ဒီထား ၊ ဟိုတင် ၊ ဒီတင်လုပ်ကြတာတို့ ၊ဟိုဟာနဲ့အုပ် ၊ ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ် ။ ပြီးတော့ ထုလုပ်တဲ့အရာ၀တ္ထုတွေဖြစ်တဲ့ သစ်သား ၊ ကြေး၊ ကျောက် စတာတွေရဲ့ မသန့်ရှင်းမှုတွေလည်း ရှိတတ်ပါတယ်။

ဒါကြောင့် ဒီလိုမသန့်ရှင်းတာတွေကို သန့်ရှင်းစေလိုတဲ့အတွက် အန္တရာယ်တွေကင်းအောင်၊ ပြီးတော့ ကိုးကွယ်တဲ့သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင် စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိတ်မြောက်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ အပြင်အမှောင့် ပယောဂတွေ မသန့်မရှင်းတာတွေကို သန့်ရှင်းအောင် လုပ်တယ်ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။

ဆိုလိုတာက ဘုရားအနေကဇာတင်တယ်ဆိုတာ ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး ကိုးကွယ်ခံ ရုပ်ပွားဆင်းတုတော်ကို စိတ်သန့်အောင်လုပ်တဲ့သဘော ဖြစ်တယ်ဆိုတာ ဆိုချင်တာပါ။ဒီလိုလုပ်မှ ကိုးကွယ်ကောင်းတာ ၊ ကိုးကွယ်ထိုက်တာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ ဘုန်းကြီးတွေက ရုပ်ပွားဆင်းတုတော်ကို တန်ခိုးထက်အောင်၊ ကိုးကွယ်လို့ရအောင် လုပ်ပေးတာ မဟုတ်သလို ဒီလိုမှ မလုပ်ရင် ရုပ်ပွားဆင်းတုတော်ကို မကိုးကွယ်ကောင်းဘူးဆိုတဲ့ အချက်ဟာ လွဲနေတယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။

အဓိကကတော့ ရုပ်ပွားဆင်းတုတော်ဆိုတာ ပုံတော်ကိုမှန်းပြီး ဂုဏ်တော် လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာဖြစ်ပြီး မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရားတည်နေ ၊ ဘုရားဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေကပဲ အဓိကဆိုတာ သဘောပေါက်စေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားအနေကဇာလုပ်နေကြပေမယ့် ဘာကြောင့်လုပ်တယ် ၊ ဘယ်တင်တာတွေကိုလိုအဓိပ္ပါယ်နဲ့ လုပ်တယ် စတာတွေကိုမသိဘဲ အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့အခါမှာလည်း တလွဲအတွေးတွေ ၊ တစ်လွဲနားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာ၀င် အချို့ရဲ့ လွဲနေတတ်တဲ့ သဘောလေးကိုသိပြီး ပြုပြင်နိုင်အောင် လွဲတတ်တာလေးကို ထုတ်ပြရင်း အကယ်၍ မိမိတို့ကိုယ်တိုင် ဒီလိုလွဲနေခဲ့ရင်လည်း အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ လွဲတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

ဘုရားအနေကဇာတင်ရမည့်နေ့

ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအားလုံးလိုလိုပင် ဘုရားအနေကဇာတင်ပွဲနဲ့ စိမ်းသူတစ်ယောက်မျှ မရှိနိုင်ပါဘူး။

ဒါပေမယ့် လူအတော်များများကတော့အဆင်ပြေသလို ကျင်းပပြုလုပ်လျက်ရှိတာကိုတွေ့မြင်နေရပါတယ်။

တကယ်တော့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို စနစ်တကျ အနေကဇာတင်မှသာ ထင်ရှားတဲ့အကျိုးကျေးဇူးနဲ့တကွ မင်္ဂလာအပေါင်းလည်း ပြည့်စုံကာ သိဒ္ဓိတွေပါ ရရှိစေပါမယ်။

ဒါဆိုရင် ဘယ်လိုစနစ်တကျ အနေကဇာတင်ရပါမလဲ?။

နေ့တိုင်း ၊ ရက်တိုင်း အခါအခွင့် အလျဥ်းသင့်သလို အနေကဇာ တင်လို့မရပါဘူး ။ အထူးသဖြင့်အနေကဇာတင်တဲ့နေ့ဟာ “လပြည့်နေ့” ဖြစ်ရပါမယ် ။ ဒါပေမယ့် လပြည့်နေ့ဆိုတိုင်းလည်းအနေကဇာတင်လို့ မရပြန်ပါဘူး။

ပထမဆုံးအနေနဲ့ လပြည့်နေ့ ဖြစ်ရပါမယ်။နောက်ပြီး အဲဒီလပြည့်နေ့ဟာလည်း”သောကြာနေ့၊တနလ်ာနေ့၊ဗုဒ္ဓဟူးနေ့”တစ်နေ့နေ့ဖြစ်ရပါမယ်။

ဘာပြုလို့လည်းဆိုရင်…

သောကြာနေ့။ ။မြတ်စွာဘုရား”#ဖွားတော်မူတဲ့နေ့။”
တနလ်ာနေ့။ ။”#တောထွက်တော်မူတဲ့နေ့”။
ဗုဒ္ဓဟူးနေ့။ ။”#ဘုရားဖြစ်တော်မူတဲ့နေ့”။ဖြစ်တာရယ်မို့ပါ။

အနေကဇာတင်တဲ့နေ့မှာတော့ နံနက်အာရုံတက်ချိန်မှာ သံဃာတော်ငါးပါး (သို့) ခြောက်ပါးကနေရွတ်ဖတ်သရဇ္ဇယ်ပြီး အနေကဇာတင်ပွဲ ကျင်းပကြရပါမယ်။
ဖော်ပြပါ နံနက်အာရုံတက်ချိန် ဇယားကိုကြည့်ပြီး အနေကဇာတင်ပွဲ ကျင်းပပြုလုပ်ပါ ။

လောကီ လောကုတ် ချင့်ချိန် ​ဝေဖန်နိုင်စေရန် ရှာဖွေ လေ့လာ တင်ပြ ပေးခြင်း မျှသာ ဖြစ်ပါတယ်

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။