ကမ္ဘာ့ဂင်းနက်စ်စံချိန်တင် အသေးဆုံးခွေးလေး

International News
ကမ္ဘာ့ဂင်းနက်စ်စံချိန်တင် အသေးဆုံးခွေးလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင် အသေးဆုံးခွေးလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်တင် အသေးဆုံးခွေးလေး

၂ နှစ်သားအရွယ်ပဲရှိသေးတဲ့ ချီဟွာဟွာခွေးအမျိုးအစား ပုလဲ (Pearl) ဆိုတဲ့ ခွေးမလေးကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ကမ္ဘာ့အသေးဆုံးခွေးလေးအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ပါတယ်။ ပုလဲရဲ့အရပ်အ​​​မြင့်က ၃.၅၉ လက်မနဲ့ အလျား ၅.၀ လက်မမျှသာရှိပါတယ်။ ပုလဲဟာ အရင်က ဒီစံချိန်မှတ်တမ်းကို ကိုင်ဆောင်ခဲ့တဲ့ မီရကယ် မီလီဆိုတဲ့ ခွေးလေးနဲ့ အမြွှာပါ။ မွေးစတုန်းက မီလီနဲ့ ပုလဲတို့နှစ်ကောင်စလုံးဟာ အလေးချိန် ၂၈ ဂရမ် ရှိပါတယ်။

ပုလဲဟာ မကြာသေးခင်က တီဗီအစီအစဉ် Lo Show Dei Record မှာ ပါဝင်ခဲ့ပြီး သူ့ကို ပွဲကြည့်ပရိသတ်တွေက လက်ခုပ်ဩဘာသံတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ သူ့သခင် ဗာနက်ဆာ ဆီမလာက ပုလဲကို အီစတာဥပုံစံထိုင်ခုံနဲ့ စင်မြင့်ထက်ကို ခေါ်ဆောင်လာခဲ့တာပါ။ ပုလဲက ကြက်သားနဲ့ ဆယ်လ်မွန်လို အရည်အသွေးမြင့်အစားအစာတွေကို စားသုံးရတာ နှစ်သက်တဲ့ တည်ငြိမ်အေးဆေးတဲ့ ခွေးတစ်ကောင်ဖြစ်တယ်လို့ သူ့သခင်ရဲ့ပြောစကားအရ သိရပါတယ်။

ပုလဲက ဝတ်စားဆင်ယင်ရတာကိုလည်း ကြိုက်ပြီး သူ့သခင်နဲ့အတူ မီလန်တစ်ဝိုက် ဈေးဝယ်တောင်သွားခဲ့ပါတယ်။ အဲဒီက လူတွေဟာ သူ့ကို မြင်တော့ ဘောလုံးတစ်လုံးလိုပဲ သေးသေးလေးလေးလို့ ချစ်ခင်စွာနဲ့ ပြောဆိုခဲ့ကြပါသေးတယ်။

ပုလဲရဲ့အရပ်အမြင့်ကို သူ မွေးဖွားရာ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က Crystal Creek Animal Hospital မှာ ၃ကြိမ်တိတိတိုင်းတာခဲ့တာပါ။ ၃ ကြိမ်စလုံး ပုလဲရဲ့ရှေ့ခြေထောက်ရင်းကစပြီး ပခုံးထိပ်အထိ ဒေါင်လိုက် တိုင်းတာခဲ့တယ်လို့ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းမှာဖော်ပြထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။