( သုံး ) ဂဏန်းသမားများအကြောင်း

Astrology
( သုံး ) ဂဏန်းသမားများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ( သုံး ) ဂဏန်းသမားများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

( သုံး ) ဂဏန်းသမားများအကြောင်း

အင်္ဂလိပ်မွေးနေ့ 3 . 12 . 21 . 30 နေ့မွေးသူများ အားလုံး( 3 ) ဂဏန်းသမား များဖြစ်ကြပါတယ်….(3) ဂဏန်း ဟာ ကြာသပတေးဂြိုဟ်ပိုင်တဲ့ ဂဏန်းပါ။ ကြာသပတေးဂြိုဟ်ဟာ ကျွန်တော်တို့ နေစင်္ကြာဝဠာ အဖွဲ့အစည်းထဲမှာ “နေမင်း” ပြီးရင် ဒုတိယအကြီးဆုံးဂြိုဟ် ဖြစ်တယ်ဗျ။ ပြီးတော့ သူက အင်မတန် အားကြီးတဲ့ “သောမ” ဂြိုဟ်ကြီး လည်း ဖြစ်တယ်။ “သောမဂြိုဟ်” ဆိုတာက ဂြိုဟ်ကောင်းပေါ့ဗျာ။ “ပါပဂြိုဟ်” ကတော့ ဂြိုဟ်ဆိုးပေါ့။

ရောမဒဏ္ဍာရီမှာတော့ ကြာသပတေးဂြိုဟ်ကြီးဟ “ဂျူပီတာ” ဆိုတဲ့ နတ်ဘုရားရဲ့ အမှတ်အသားဖြစ်ပြီး သူဟာ “ကောင်းကင်၊ မြေကြီး နဲ့ မိုးကြိုး” တွေကို အစိုးရတဲ့ နတ်မင်းကြီးတစ်ပါးလို့ဆိုတယ်။ ပြီးတော့ “နတ်အားလုံးတို့ရဲ့ ဘုရင်” လို့ လည်းဆိုပြန်တယ်။ သူဟာ “တရားဥပဒေကို စိုးမိုးတဲ့ နတ်မင်းကြီး” လို့လည်း သတ်မှတ်ကြပြန်တယ်။

Psychic Number 3 | Mulank 3 Numerology Characteristics | Birth No. 3

ဒါကြောင့် (3)ဂဏန်းသမားတွေဟာ တရားဥပဒေကို ရိုသေလေးစားလိုက်နာသူတွေ၊ ကိုယ်ကျင့်တရားကောင်းသူတွေ၊ ရိုးရာအစဉ်အလာတွေကို လိုက်နာလေ့ ရှိသူတွေများတယ်ဗျ။ သူတို့ဟာ ခေတ်ရေစီးကြောင်းကို သိပ်မလိုက်ချင်ကြတဲ့ ရှေးရိုးစွဲ ဝါဒီတွေလည်း ဖြစ်တတ်ကြတယ်။ ဒါပေမယ့် လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီကိုတော့ မြတ်နိုးကြတယ်ဗျ။

သိပ်ခေတ်ဆန်လွန်းတာ၊ ခေတ်ရှေ့ပြေးလွန်းတာတွေကိုတော့ သိပ်နှစ်ခြိုက်လေ့မရှိကြဘူး။ စည်းကမ်းလည်း အင်မတန်ကြီး ကြတယ်။ ဇွဲသတ္တိအလွန်ကောင်းပြီး နောက်မလျော့အရှုံးမပေးတတ်တဲ့ စရိုက်တွေရှိတတ်တယ်။

ဥပမာအားဖြင့် အမေရိကန် နိုင်ငံရဲ့ အထင်ရှားဆုံး သမ္မတစ်ဦးဖြစ်တဲ့ “အေဘရာဟင်လင်ကွန်း” ဟာ (12)ရက်မွေးတဲ့ (3) ဂဏန်းသမားဘဲဗျ။ သူဟာ တောထဲက သစ်လုံးအိမ်ကလေးထဲမှာ မွေးဖွားခဲ့သူဖြစ်ပြီး ကိုယ့်ထူးကိုယ်ချွန်ဘဝနဲ့ အမေရိကန်နိုင်ငံရဲ့ အကြီးကျယ်ဆုံး သမ္မတဖြစ်လာသူဘဲ။ နောက်တစ်ယောက်က ဒုတိယယ ကမ္ဘာစစ်ကြီးမှာ နာဇီဂျာမဏီတို့ရဲ့ ရန်ကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့တဲ့ ဗြိတိသျှ ဝန်ကြီးချုပ် “ဆာဝင်စတန်ချာချီ” ကလည်း (30)ရက်နေ့မှာ မွေးတဲ့ (3)ဂဏန်းသမားတစ်ဦးဘဲဗျ။

နောက်တစ်ဦးကတော့ မြင်းမပါဘဲ သူ့ဟာသူသွားတဲ့ယာဉ်ကို တီထွင်မယ်ဆိုတော ရူးသွပ်နေသူတစ်ယောက်လို့ သတ်မှတ် ခံရပေမယ့် ကိုယ့်ယုံကြည်ချက်အတိုင်း တစ်စိုက်မတ်မတ် လုပ်ခဲ့လို့ ယနေ့ကာလမှာ ပျားပန်းခတ်မျှ သွားလေနေတဲ့ မော်တော်ကားကို တီထွင်ခဲ့သူ “ဟင်နရီဖို့ဒ်” ဟာလည်း (30)ရက်ဖွား (3)ဂဏန်းသမားဘဲဗျ။

(3)ဂဏန်းသမားတွေဟာ သူများမဖြစ်နိုင်ပါဘူးလို့ ပြောနေတဲ့ အရာတွေကို ဖြစ်အောင် လုပ်ပြနိုင်တဲ့ ဇွဲသတ္တိမျိုး ရှိကြသူတွေ ဖြစ်တယ်။ သမ္မတလင်ကွန်းဟာ ဘယ်သူမှ မဖြစ်နိုင်ဘူးထင်တဲ့ “ငွေဝယ်ကျွန်စနစ်”ကိုဖျက်သိမ်းဖို့အတွက် ပြည်တွင်း စစ်ကြီးအနိုင်တိုက်ပြီး ဖြစ်အောင်လုပ်ပြသွားသူဖြစ်တယ်။ ဝင်စတန်ချာချီ ဟာလည်း အင်္ဂလန်ကျွန်းလေးကို နောက်ဆုံး အချိန်အထိ ကြံ့ကြံ့ခံကာကွယ်ခဲ့ပြီး အရှုံးကနေ အနိုင်ပြန်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကဲ- သူစရိုက်လက္ခဏာ လေးတွေကို လေ့လာကြည့်ကြရအောင်လား။

(၃)ဂဏန်းသမားတွေဟာ တည်တည်တံ့တံ့နေလေ့ရှိသူများဖြစ်တယ်။ အိန္ဒြေသိက္ခာကြီးမားကြတယ်။ (၃)ဂဏန်းသမား တွေထဲမှာ လူပျော်၊ လူရွှတ်၊ လူနောက်တွေ သိပ်မတွေ့ရဘူး။ တစ်ခါတစ်ရံ မာနကြီးတယ်လို့ အထင်ခံရတတ်တယ်။ သူတို့ဟာ တွေ့ရာလူနဲ့ ရောရောနှောနှော မနေတတ်ကြဘူး။

ငယ်စဉ်ကတည်းက ကိုယ့်ကစားစရာ၊ ကိုယ့်ပစ္စည်းလေးတွေကို ရိုသေတယ်။ သူများကိုင်တာမကြိုက်ဘူး။ သူပိုင်ပစ္စည်း လေးတွေကို သီးသီးသန့်သန့် သိမ်းဆည်း တတ်တယ်။ ငွေကြေးကို ရိုသေတယ်။ စုဆောင်းတတ်တယ်။ တစ်ခါတစ်ရံ နှမြော တွန့်တိုတတ်တယ်။

(3)ဂဏန်းသမားတွေဟာ စည်းကမ်းကြီးသူတွေဖြစ်လို့ မိသားစု အပေါင်းအသင်းတွေထဲမှာ သီးသီးသန့်သန့် လိုဖြစ်နေတယ်။ ဒွေးရောယှက်တင် မနေတတ်ကြဘူး။ သူတို့ဟာ သြဇာအာဏာပေးလိုသူတွေဖြစ်တယ်။ ငယ်စဉ်ကတည်းက ခေါင်းဆောင်စိတ်ရှိတယ်။ ကိုယ့်ဘဝတက်လမ်းကို အမြဲကြံစည်နေ တတ်ကြတယ်။ သူများလက်အောက်မှာ မနေလိုဘဲ သူများကိုသာ အုပ်ချုပ်လိုသူတွေဖြစ်တယ်။

(3)ဂဏန်းသမားတွေဟာ ရိုးရိုးကျင့် မြင့်မြင့်ကြံ လိုသူတွေဖြစ်တယ်။ ဘဝကို တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းလိုကြတယ်။ အချောင်နှိုက်၊ အပွကြံ၊ ဖြတ်လမ်းနည်း တွေနဲ့ ကြီးပွားချမ်းသာတာမျိုးကို သိပ်ပြီး မယုံကြည်သူတွေဖြစ်တယ်။ တကယ်လို့ လုပ်မိရင်လည်း ရေရှည်စွဲမလုပ်ဘဲ နောင်တရ လွယ်သူတွေဖြစ်တယ်။

(3)ဂဏန်းသမားတွေဟာ ရန်လိုသူတွေမဟုတ်ပေမယ့် သူတို့ရဲ့ စည်းကမ်းကြီးမှု၊ သြဇာပေးတတ်မှုတို့ကြောင့် အတူနေ သူများနဲ့ မကြာခဏ မသင့်မတင့် ဖြစ်လေ့ ရှိတတ်တယ်။ သူတို့ဟာ ကိုယ်စည်းကမ်းရှိသလို သူများတွေကိုလည်း စည်းကမ်း လိုက်နာစေချင်တယ်။ ကပျစ်ကညစ်နေတတ်တဲ့ သူများနဲ့ဆိုရင် မကြာခဏ ကတောက်ကဆဖြစ်လေ့ရှိတယ်။

သူတို့ဘဝမှာ တက်လမ်းရှိပေမယ့် တက်သင့်သလောက် မတက်ရတဲ့ အထဲမှာ “လူ့အောက်မကြို့ချင်တဲ့ သူတို့ရဲ့ ညဉ်ကြောင့်” လည်းဖြစ်နေတတ်တယ်။ လူ့အောက်မကြို့ချင်တဲ့(မဖားတတ်တဲ့) သူတို့ညဉ်ကြောင့် သူတို့ဟာ အကြီးအကဲ တွေရဲ့ နှစ်သက်မှုကို သိပ်မခံရသူတွေလည်းဖြစ်တယ်။

ဒါကြောင့် သူတို့ဟာ ဖားတာကို ကြိုက်တဲ့ အထက်လူကြီးရဲ့ လက်အောက်မှာဆိုရင် ဘဝတက်လမ်းပိတ်နေတတ်ပြီး၊ ဖားတာကို မကြိုက်ဘဲ အမှန်အကန်သမားကိုမှ ကြိုက်နှစ်သက်တဲ့ အထက်လူကြီးတွေလက်အောက်မှာဆိုရင်ဘဝတက်လမ်း အလွန်မြန်သူတွေဖြစ်ပြီး တာဝန်ကြီးကြီးမားမားတွေကို ပေးအပ် ခံရတတ်တယ်။ ယုံကြည်စိတ်ချ ခံရတတ်တယ်။ ယုံကြည်စိတ်ချခံရသလို ပေးအပ်တဲ့တာဝန်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသူတွေလည်း ဖြစ်တယ်။

(3)ဂဏန်းသမားတွေဟာ သူတို့ကိုယ်တိုင် အုပ်ချုပ်သူလူကြီးဖြစ်လာရင်လည်းတင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ အုပ်ချုပ် တတ်တာကြောင့် လက်အောက်လူတွေ တော်တော် အနေမချောင်ဘဲ ရွံ့ကြောက်ကြီး အဖြစ်ခံရတတ်ပါတယ်။ သူတို့ဟာ စည်းကမ်းနဲ့ ပတ်သက်လာရင် နည်းနည်းလေးမှ အလျော့မပေးတတ်သူတွေ ဖြစ်တယ်။ ဒါကြောင့် (3)ဂဏန်းသမားတွေဟာ လက်အောက်လူတွေရဲ့ ချစ်ခင်မှုကို မရကြတာများပါတယ်။

(3)ဂဏန်းသမားတွေဟာ ဘယ်လိုဘဝ အခြေအနေမျိုးမှာ ပေါက်ဖွားကြီးပြင်းလာရသည်ဖြစ်စေနောက်ဆုံးမှာတော့ မြင့်မားတဲ့ ဘဝအခြေအနေကို တက်လှမ်းနိုင် ကြသူများဖြစ်တယ်။ အိုဇာတာ ကောင်းကြသူတွေများတယ်။ ဘဝမှာ အဆင့်မြင့် တာဝန်တွေကိုထမ်းဆောင်ရတတ်တယ်။ အကြီးအကဲ ခေါင်းဆောင်ဖြစ်လွယ်တယ်။ သူတို့ဟာ မွေးကတည်းက “ရာဇ”ယုဂ် ပါလာ ကြသူများဖြစ်ကြတယ်။

အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင်တော့ (3)ဂဏန်းသမားများဟာ အိမ်ထောင်ရေးကံ ညံ့သူတွေတော့မဟုတ်ဘူး။ ဒါပေမယ့် စည်းကမ်းကြီးလွန်းတာ၊ သူ့ဖက်ကိုယ့်ဘက် မျှတမှုနည်းပါးတာ၊ (ကိုယ်က မှားရင်တောင်မှ) မတောင်းပန်ချင်တာ၊ အောက်ကြို့မခံချင်တာ တွေကြောင့် အိမ်ထောင်ရေး ပဋိပက္ခတွေ မကြာခဏဖြစ်နိုင်တယ်။ နောက်ပြီး သူတို့ဟာ ခွင့်လွှတ် လွယ်သူတွေမဟုတ်ဘဲ အမှတ်အတေး ကြီးတာတွေကြောင့်လည်း အိမ်ထောင်ရေးပြဿနာတွေဟာ အလွယ်တကူ ပြီးပျောက် မသွားနိုင်အောင်ဖြစ်နေတတ်ပါတယ်။

(3)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးမှာ ကိုယ့်ဘက်ကသာ နဲနဲ လျော့ပေးလိုက်ပြီး၊ လူတိုင်း ကိုယ်လို မဟုတ်နိုင်ဘူး ဆိုတာ နှလုံးသွင်းနိုင်ရင် သာယာတဲ့ အိမ်ထောင်ရေးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘက်ကသာ အလျော့မပေးရင် ဘာမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ကို အိမ်ထောင်ရေး ပဋိပက္ခဖြစ်ပြီး နောက်ဆုံး အိမ်ထောင်ရေး လမ်းခွဲရတဲ့ အထိဖြစ်သွား တတ်ပါတယ်။

(3)ဂဏန်းသမားတွေဟာ ကိုယ့်အလုပ်၊ ကိုယ့်ဆရာသမား နဲ့ အပေါင်းအသင်းတွေအပေါ်မှာ သစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။ သူတို့မှာ ကပ်စေးနှဲတဲ့ ညဉ်လေး ရှိတတ်ကြပေမယ့် ကိုယ်တကယ် ခင်မင်တဲ့ သူတွေ ဒုက္ခရောက်နေရင်တော့ ရှောင်ပြေးလေ့ မရှိဘဲ တတ်အားသရွေ့ ကူညီတတ်ကြသူတွေ လည်းဖြစ်ပါတယ်။

ကပ်စေးနှဲတဲ့ ညဉ်နဲ့ ပတ်သက်ပြီးပြောရရင် (3)ဂဏန်းသမားတွေဟာ သူတို့ မစားရက်၊ မသုံးရက်စုဆောင်းထားတဲ့ ငွေကြေးဥစ္စာတွေဟာ သူတို့ မသုံးလိုက်ရဘဲ သူများအတွက် ဖြစ်သွားရတတ်တာ အထူးသတိထားပါ။ သုံးသင့်တဲ့ အချိန်မှာ သုံးသင့်သလောက် မသုံးလို့ နောက်ဆုံး ကိုယ့်နောက် ပါမသွားဘဲ “ဥစ္စာစု၊ ထိုက်သူဖို့” ဆိုတာလို ဖြစ်သွားရတတ်ပါတယ်။

သူတို့ဘဝအကျိုးပေး လုပ်ငန်း

(3)ဂဏန်းသမားတွေနဲ့ တည့်တဲ့ ဂဏန်းကလည်း ခပ်ရှားရှားဘဲဗျ။ သင်္ချာဗေဒစာအုပ် တော်တော်များများမှာတော့ (3)ဂဏန်းသမား (3,6,9) ဂဏန်းသမားတွေနဲ့ သင့်မြတ်ကောင်းမွန်သည်ဆိုတဲ့ အဆိုကိုတော့ ကျွန်တော်သိပ်သဘောမကျလှဘူးဗျ။

(6) ဂဏန်းသမားနဲ့ မိတ်ဘက်ကျတယ်ဆိုတာတော့ လက်ခံနိုင်ပေမယ့် (9)ဂဏန်း သမားနဲ့ (3)ဂဏန်းသမားတော့ အဆင်မပြေနိုင်ဘူး။ (9)ဂဏန်းသမားတွေဟာ အတ္တစိတ်ကြီးတတ်တယ်။ အနိုင်ထက် ပြုတတ်တယ်။ သူများကို လွှမ်းမိုးလိုတယ်။ “တရားတစ်ဖက် ဒါးတစ်လက်” ပြုတတ်တယ်။ ဒါတွေဟာ (3)ဂဏန်း သမားတွေနဲ့ထိပ်တိုက်တွေ့နိုင်တဲ့ ကိစ္စဘဲဗျ။

(1)ဂဏန်းသမားတွေနဲ့ ဆိုရင်လည်း “ဟိုကလည်း ဆရာကြီး၊ သူကလည်း ဆရာကြီး” ဆိုတော့ မဖြစ်ပြန်ဘူး။ (2)ဂဏန်း သမားနဲ့တော့ သိပ်မဆိုးလှဘူးဗျ။ (2)ဂဏန်း သမားတွေကတော့ အေးချမ်းပြီး၊ သူများအပေါ် လွှမ်းမိုးလိုစိတ်မရှိတော့ လိုက်ဖက်နိုင်တယ်။ အဲ- (4)ဂဏန်း နဲ့ (5) ဂဏန်းတွေကတော့ ကပျစ်ကညစ်သမားတွေက များတော့ (3)ဂဏန်း သမားနဲ့ကတော့ “ဓမ္မာသောက၊ အင်းဝရာဇာ” ဆိုတာမျိုးလိုဘဲဖြစ်သွားနိုင်တယ်။

(7)ဂဏန်းသမားနဲ့ တည့်နိုင်တယ်။ (8)ဂဏန်းသမားနဲ့ကျတော့ ဂြိုဟ်ရဲ့ သဘာဝချင်းကိုက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတော့ လုံးဝမဖြစ်နိုင်ဘူး ။ ဒါကြောင့် အသင့်တော်ဆုံးက (2)(3)(6)(7)ဂဏန်းသမားတွေဟာ (3)ဂဏန်း သမားတွေနဲ့ သင့်မြတ်နိုင်တယ်။
(3)ဂဏန်းသမားတွေနဲ့ အကျိုးပေးနိုင်တဲ့လုပ်ငန်းတွေကတော့ တရားဥပဒေနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်း၊ စာရင်းအင်းလုပ်ငန်း၊ သင်ကြားပြသခြင်း လုပ်ငန်း၊ အုပ်ချုပ်ရေးနဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်း၊ ဘာသာရေးနှင့် ဆက်နွယ် နေသော လုပ်ငန်းများ၊ အာမခံလုပ်ငန်း၊ အသိပညာအတတ်ပညာများ ဖြန့်ဝေပေးရသော လုပ်ငန်း၊ အနုပညာလုပ်ငန်းများ၊ စာပေရေးသားခြင်း လုပ်ငန်းများ အကျိုးပေးနိုင်တယ်။

နောက်ဆုံး ပြောရရင်တော့ (3)ဂဏန်းသမားများဟာ ဘာလုပ်ငန်းကိုဘဲ လုပ်လုပ် စည်းကမ်းရှိခြင်း၊ ဝီရိယရှိခြင်း၊ အလုပ်ကို ရိုသေခြင်း၊ ကြီးပွားတိုးတက်လိုခြင်း၊ စေ့စပ်သေချာခြင်းများကြောင့် မြင့်မားတဲ့ ဘဝအဆင့်အတန်းတွေကို ရောက်ကို ရောက်ရ မှာဘဲဗျ။

(3)ဂဏန်းတစ်မျိုးစီရဲ့ သီးခြားဂုဏ်အင်္ဂါ

(3)ဂဏန်းတစ်မျိုးစီရဲ့ သီးခြားဂုဏ်အင်္ဂါလေးတွေကိုလည်း ပြောရရင်(3)ဂဏန်းလေးမျိုးရှိတယ်ဗျ။ “ထီးတည်း” လို့ခေါ်တဲ့ (3)ရက်ဖွားရယ်၊ (12)ရက်ဖွားရယ်၊ (21)ရက်ဖွားရယ်၊ (30)ရက်ဖွားရယ်ပေါ့။ အဲဒီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ (21)ဂဏန်းဘဲဗျ။ (3) ထီးတည်းကတော့ စည်းကမ်း ကြီးလွန်းပြီး အထီးကျန်ဆန်တယ်။

ဒီနေရာ တစ်ခုပြောချင်တာ (1)ကနေ (9) အထိ ဂဏန်း(9)လုံးဟာ တွဲဖက်မရှိလို့ သူတို့ကို “ထီးတည်း” ဂဏန်းတွေလို့ ခေါ်တယ်ဗျ။ ထီးတည်းဂဏန်းမှန်ရင် (5)ဂဏန်းတစ်ခုကလွဲရင် ကျန်တဲ့ ထီးတည်း ဂဏန်းသမားတွေဟာ အထီးကျန်ဆန်ခြင်း၊ ပေါင်းရသင်းရခက်ခြင်းဆိုတဲ့ သဘောတရားတွေ အနည်းနဲ့အများ ရှိနေကြ သူတွေဘဲဖြစ်တယ်။ (10)ကနေ စပြီး (31) အထိ ဂဏန်းတွေကိုတော့ “တွဲလုံး” ဂဏန်းတွေလို့ခေါ်တယ်။
ဂဏန်းဗေဒင်နဲ့ ပတ်သက်ရင် ဒီအချက်ဟာ သိထားသင့်တယ်။
(12)ဂဏန်းဟာ နဲနဲတော့ စိုးရိမ်ရတဲ့ ဂဏန်းဖြစ်တယ်။ သူ့မှာ ရန်သူ(၅)ပါးဘေး၊ သဘာဝဘေးအန္တရာယ်ဘေးတွေ ကျရောက် လွယ်တယ်။ အိမ်ထောင်ရေးပြဿနာ အကြီးစားတွေဖြစ်နိုင်တယ်။ သူတို့ဟာ “ဗူးဆိုရင် ဖရုံမသီး” တဲ့လူတွေဖြစ်ပြီး ဖြောင့်ဖျ ပြောဆိုဖို့ အင်မတန်ခက်ခဲတယ်။ ရန်သူပေါတယ်။ မုန်းသူများမယ်။ သူများရဲ့ လုပ်ကြံချောက်တွန်းမှုတွေ ခံရနိုင်တယ်။

(21)ဂဏန်းသမားတွေကတော့ ဂဏန်းအရတော့ ရှယ်ဘဲဗျ။ ကြာသပတေးဂြိုဟ်ရဲ့ Logo သင်္ကေတကို ကြည့်ပါလား။ (21)ဂဏန်းနဲ့ တူမနေဘူးလား။ ဒါကြောင့် (21)ဂဏန်းဟာ ကြာသပတေးဂြိုဟ်ရဲ့ ကောင်းကျိုးတွေကို အပြည့်အဝရတဲ့ ဂဏန်းတစ်ခုဖြစ်တယ်ဗျ။ ဘဝအကျိုးပေးလည်း ကောင်းတတ်တယ်။ သူတို့ရဲ့ ဘဝတည်ငြိမ်တယ်။ မချမ်းသာရင်တောင်မှ ဘဝက ပရမ်းပတာ ဖြစ်မသွားနိုင်ဘူး။ အိမ်ထောင်ဘက်ကောင်း ရတတ်တယ်။ မိန်းကလေး (21)သမားတွေကတော့ ရုပ်ရည်အဆင်ပြေချောမောတတ်ကြပြီး ကိုယ့်ထက် အဆင့်အလွန်မြင့်မားတဲ့ ယောင်္ကျားမျိုးကို ရတတ်တယ်။

သူတို့ဟာ အိမ်ထောင်ဘက်အပေါ်မှာလည်း လွှမ်းမိုးနိုင်စွမ်းရှိတယ်ဗျ။
(30)ရက်ဖွားတွေကတော့ သြဇာအာဏာကြီးသူတွေဖြစ်တယ်။ လွယ်လွယ်နဲ့ လက်လျော့အရှုံးမပေးတတ်ဘူး။ နောက်ဆုံး တော့ သူတို့ဘဲ အနိုင်ရသွားတတ်ပါတယ်။ စဉ်းစားချင့်ချိန်ဉာဏ်အလွန်ကောင်းတယ်။ အတွေးအခေါ်မြင့်မားတယ်။ တစ်ယူသန်ဆန်တယ်။ တစ်ချို့ အနုပညာဘက်မှာ အလွန်အကျိုးပေးတတ်တယ်။ သူတို့မှာလည်း ရန်သူမျိုးငါးပါးဘေးနဲ့ လုပ်ကြံ ခံရမှုမျိုး ရှိနိုင်တတ်တယ်။

ကမ္ဘာကျော်ကြားတဲ့ (3) ဂဏန်းသမားတွေ

ကမ္ဘာကျော်တဲ့ (3) ဂဏန်းသမားတွေကတော့ = အေဘရာဟမ်လင်ကွန်း က (12)ရက်ဖွား ၊ ဝင်စတန်ချာချီက (30)ရက်ဖွား၊ မော်တော်ကားတီထွင်ခဲ့သူ ဟင်နရီဖို့ဒ် က (30)ရက်ဖွား၊

လူဟာ မျောက်ကဆင်းသက်တယ်ဆိုတဲ့ သီအိုရီကို ဖော်ထုတ်ခဲ့သူ ချားလ်ဒါဝင်က (12)ရက်ဖွား၊ စာရေးဆရာကြီး မတ်တွိန်းက (30) ရက်ဖွား၊ နိုဘယ်ဆုဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တဲ့ အယ်ဖရက်နိုဘယ် က (21)ရက်ဖွား၊ အခု ကယ်လဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး အက်ရှင် မင်းသားကြီး အာနိုးလ်က (30)ရက်ဖွား၊

ဟောလီးဝုဒ် မင်းသမီးချော ကင်မရွန်းဒဇ် က (30)ရက်ဖွား၊ တိုက်တန်းနစ် သီချင်းနဲ့ ကမ္ဘာကျော်သွားတဲ့ အဆိုတော် ဆယ်လိုင်းဒီယွန် က (30)ရက်ဖွား၊ အောင်ဆန်း-အက်တလီ , နု- အက်တလီ ဆိုတဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ကိစ္စမှာ အရေးပါခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့် အက်တလီက (3)ရက်ဖွား၊ နိုဗယ်ဆုရ စာရေးဆရာကြီး အားနက်စ် ဟင်းမင်းဝေးက (21)ရက်ဖွား၊

စာရေးဆရာကြီး ဂျက်လန်ဒန်က (12)ရက်ဖွား၊ ဖလော်ရင့် နိုက်တင်ဂေးက (12)ရက်ဖွား၊ ချယ်ဆီးတိုက်စစ်မှူး ဖရင့် လမ်းပတ် က(21)ရက်ဖွား၊ ကားမှောက် ကွယ်လွန်သွားတဲ့ မိုနာကိုမင်းသမီးကြီး ဂရေ့စ်ကယ်လီက (12)ရက်ဖွား၊ ဟောလီဝုဒ် သရုပ်ဆောင်နဲ့ဒါရိုက်တာဖြစ်တဲ့ မဲလ်ဂစ်ဘ်ဆင် က (3)ရက်ဖွား၊ ပြိုင်ကားမောင်းချန်ပီယံ မိုက်ကယ်ရှုးမေကာက (3)ရက်ဖွား၊

လုပ်ကြံခံရတဲ့ ကိုရီးယား သမ္မတဟောင်း ပတ်ချုံဟီးလ် က (30)ရက်ဖွား၊ နောက်ထပ်လုပ်ကြံခံရတဲ့ ဆွီဒင်ဝန်ကြီးချုပ် အိုလော့ပန်း က (30)ရက်ဖွား၊ လက်ရှိ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီး အယ်လီဇဘက် က (21)ရက်ဖွား၊ ကမ္ဘာကျော် ကာတွန်းသရုပ်ဆောင် “မောဂ္ဂလိ ” ကို ဖန်ဆင်းခဲ့တဲ့ စာရေးဆရာကြီး ရုယဒ်ကစ်ပလင်းက (30)ရက်ဖွား၊ သိပ္ပံစာရေး ဆရာကြီး H.G Well က (21)ရက်ဖွား၊ ဂျာမန်နာဇီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာမန်းဂိုးအားရင်းက (12)ရက်ဖွား ပါဗျာ ။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

ရေးသားသူ – ဒေါက်တာတင်ဗိုလ်ဗိုလ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။