တနင်္ဂနွေ သားသမီး အတွက် ဘဝ တစ်သက်တာ ဟောကိန်း

Astrology
တနင်္ဂနွေ သားသမီး အတွက် ဘဝ တစ်သက်တာ ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနင်္ဂနွေ သားသမီး အတွက် ဘဝ တစ်သက်တာ ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္ဂနွေ သားသမီး အတွက် ဘဝ တစ်သက်တာ ဟောကိန်း

တနင်္ဂနွေနေ့၌ ဖွားသော သားသမီးတို့သည် နဖူးမောက်တတ်ခြင်း၊ နှာရောင်ကောက်တတ်ခြင်း၊ ဆံပင်ကောက်တတ်ခြင်း၊ ကျောက်ပေါက်မာပါတတ်ခြင်း၊ ရုပ်ဆင်းသဏ္ဍန်မှာ အိုင့်အိုင့်ဖိုင့်ဖိုင့် ရှိတတ်ခြင်း၊ စိတ်ကောက်တတ်ခြင်း၊ တို့ ရှိမည်။

စကားကို တိုတိုတောက်တောက် ပြောဆိုတတ်သည်ဟု ဂြဟစိန္တာကျမ်းမှာ အဟောလာ၏။ထိုတနင်္ဂနွေ သားသမီးတို့သည် မွေးဖွား၍ ၆ – နှစ် အတွင်းမှာ ပါပ ၁ – နွေသို့ ဂြိုဟ်အိပ်သောကြောင့် ကျဗဟုံး၊ ကြက်ညှာ၊ သူငယ်နာ ရောဂါ ဝေဒနာ ထူပြောခြင်းတို့ ရှိတတ်သည်။ အထိတ်အလန့် အငိုအရယ်လည်း များတတ်ပေသည်။

၄င်း- ခြောက်နှစ်အတွင်း တစ်နှစ်သားမှာ တစ်ချက်၊ သုံးနှစ်သားမှာ တစ်ချက်၊ ထိုနှစ်ချက်မှာ ပါပဂြိုဟ် သက်ရောက်သော နှစ် ဖြစ်သောကြောင့် သာ၍ညံ့သည်ဟု ဟောရပေမည်။ (မူလ မဟာဘုတ်အရ အောက်တန်းကြုံပါက ၄င်းကောဇာအရ လည်း အောက်တန်းကြုံပါက အထူး ညံ့လှပေသည်။)

ထိုတွင် အသက် ၃ နှစ်မှာ မွေးနံ တနင်္ဂနွေနှင့် သက်ရောက် ၃ – င်္ဂါ ဂြိုဟ်သည် ဦးညိုဟုဆိုသော အပရန် ဂြိုဟ်ကြုံ၍ တစ်ချက်၊ နဝင်းပြတ်သည်က တစ်ချက်၊ ပါပဂြိုဟ် ဖြစ်သည်က တစ်ချက်၊ ထိုအချက်များကြောင့် သာ၍ပင် ညံ့သည်ဟု ဟောရမည်။
ထိုနှစ်များတွင် ဝမ်းကိုက်တတ်ခြင်း၊ ပိတ်သွေးကျသော ရောဂါဝေဒနာ ကြုံတတ်သည်။
နယုန်လ၊ ပြာသိုလ၊ တပေါင်းလတို့၌ အရှေ့တောင်ထောင့် (အင်္ဂါထောင့်) သို့ ခရီးမသွားရ။ သွားမိလျှင် တစ္ဆေ နတ်ဆိုးများ ဖမ်းစားတတ်သောကြောင့် ချူချူချာချာ ဝေဒနာ များတတ်၏။ ခရီးမသွားကောင်းဟု စာဟောချက် ထွက်လေသည်။ .

ထိုကဲ့သို့ ညံ့လှသောအခါ ဘေးဘယာပျောက်ကင်းအောင် ပြုအံ့သော ယတြာကား ဘုရားကိုးဆူ ပူဇော်၍ ဆွမ်းတော်များကပ်ရမည်။ ဂြိုဟ်စာ ကျွေးရမည်။ ၄င်းပြင် အမိအဖ ဆရာသမားများကို စားသောက်ဖွယ်ရာများဖြင့် ကောင်းမွန်စွာ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့မှ ပပျောက်စေခြင်းငှာ ဆုတောင်းပြီး ကန်တော့ရမည်။

အညံ့ပပျောက်၍ ဒိဋ္ဌကောင်းကျိုးသို့ ရောက်စေလိမ့်မည်။ ထို့ပြင် ဘုရားတွင် ဆွမ်းတော်သက်စေ့၊ ပန်း ရေချမ်းအိုးနှင့် တကွ အလှူဒါနတို့ကို တတ်အားသမျှ စေတနာကောင်းထား၍ လှူဒါန်းပူဇော်ပြီးလျှင် ဆုပတ္ထနာ တောင်းရမည်။ ဂြိုဟ်စီး တသာ မကောင်း သော ကံကြမ္မာတို့ ပပျောက် ပြေငြိမ်း၍ ကောင်း ကျိုးချမ်းသာတို့ အမှန်မုချ ဧကန်ရောက်လိမ့်မည်။ ထို့ပြင် ဝေဒနာ နှိပ်စက်၍ နေထိုင်မကောင်း ချည့်နဲ့နေသော လူမမာများအား သင့်လျော်သော ဆေးဝါးများကို ပေးကမ်း လှူဒါန်းရပါမည်။ ထိုသို့ လှူဒါန်းသဖြင့် ကောင်းကျိုးအမှန် ရောက်ပေလိမ့်မည်။

ထို တနင်္ဂနွေ သားသမီးတို့သည် ဤကဲ့သို့ ညံ့လှသောအခါ ယတြာများချေသောကြောင့် ပထမခြောက်နှစ်အတွင်း သုံးနှစ်သုံးလ အညံ့များ ပပျောက်ပြီးလျှင် ကောင်းကျိုးရောက်စေပြီးနောက် ခြောက်နှစ်အကျော် ခုနစ်နှစ်မှ စ၍ တနင်္လာဂြိုဟ် သောမဂြိုဟ်စားသဖြင့် အသက် ၂၁ – နှစ်အထိ ကောင်းစားလိမ့်မည်ဟု အဟောထွက်၏။
အသက် ၁၆ – နှစ်၊ အသက် ၁၈ – နှစ်များမှာ သာ၍ ကောင်းသည်။ ထိုနှစ်များမှာ ဖူးစာ နတ် မ.စ ၍ အားကိုးအားထားလောက်သော ယောက်ျားကောင်း၊ မိန်းမကောင်းများ တွေ့တတ်သည်။ အိမ်ထောင်ကျတတ်သည်ဟု အဟောလာ၏။

၄င်းနှစ်များတွင် အကယ်၍ နေမကောင်း ထိုင်မသာ ရှိပါလျှင် အခြေလေးချောင်းဖြစ်စေ၊ အခြေနှစ်ချောင်းဖြစ်စေ၊ ဖြူသောပစ္စည်းများဖြစ်စေ၊ ခမဲပေးပါလေ။ သို့ဖြင့် ကျမ်းဂန်များ၌ ဖြူစင်ဥစ္စာ၊ မြင်းမှာ ဖြူမဲ ကျွဲနွားဆိတ်လည်း ၄င်းနည်းဖြင့် ခမဲလျင်လျင် ပေးစေခြင်းသည်ဟု ဆရာမြတ်တို့ ဆိုလေသည်။
ထို့ကြောင့် ထိုနှစ်များ၌ စုတ်လာဘ်ကြီး၍ ချစ်သူခင်သူ များတတ်၏။ နေထိုင်မကောင်းသော် ခမဲလိုသည်ဟု အဟောထွက်၏။

၄င်းပြင် အသက် ၂၁ – နှစ်က အကျော် ၂၂ – နှစ်က စ၍ အသက် ၂၉ – နှစ် အတွင်းမှာ အင်္ဂါ ပါပ ရန်ဂြိုဟ် စားသဖြင့် စီးပွားမတိုး ပဒုမ္မာရွှေကြာ နေလာ၍ ညှိုးသလို တန်ခိုးသေးသိမ် ကိုယ့်အောက်နိမ့်ကျသောသူများက စကားတော်လှန်၍ မိမိက ဘယ်လိုပင် စကားချိုချို ပြောသော်လည်း သြဇာမခံ တော်လှန်တတ်သည်ဟု အဟောထွက်၏။
၄င်းပြင် အသက် ၂၇ နှစ်တွင် အင်္ဂါဂြိုဟ်ပါပသို့ ရန်ဂြိုဟ်သို့ ကျရောက်သောကြောင့် သာ၍ညံ့၏။

ချစ်ခင်သောသူများနှင့် တစ်မြေ ရေခြားသော အရပ်သို့ ခွဲခွာ၍ နေထိုင်ရတတ်ခြင်း၊ မျက်နှာ မပွင့်လန်း ညှိုးငယ်စွာဖြင့် ဗျာပါသောက ခဏခဏ ထပ်ခါ ထပ်ခါ ရောက်တတ်ခြင်း တို့ရှိတတ်မည်။

ယခင်က အလွန်ချစ်ခင်သော ကောင်းသော မိတ်ဆွေကောင်း ဆွေမျိုးများက မုန်းထား၍ ရန်ဘက်ပြုတတ်ခြင်း၊ သို့အတွက် စိတ်ဝယ်မချမ်းသာဘဲနှင့် နေထိုင်ရတတ်သည်ဟု အဟောလာ၏။

ထို့ပြင် ကျမ်းဂန်များ၌ သောမတစ်မူ ချစ်သောသူနှင့် အတူမနေ ကင်းကွေစုံငြင်း နှောင်ဖွဲ့ခြင်းနှင့် မပွင့်မျက်နှာ ဗျာပါဆင့်လောင်း မျိုးကောင်းဆွေဝါး မုန်းထားရန်ဘက် အရှက်ရှက်နှင့် တောင်အဂ္ဂီက ဖြစ်တတ်စွဟု စပ်ဆိုခဲ့လေသည်။

အသက် ၂၇ – နှစ်က အညံ့ဆုံးနှစ်ဟု ဆိုရပေမည်။ ဤတွင် မူလ မဟာဘုတ်တိုင်၌ အောက်တန်း ပုတိ၊ ဘင်္ဂ၊ မရဏ ကြုံခြင်း၊ ကောဇာ၌လည်း ကြုံခြင်း၊ တိုက်ဆိုင်ပါက အလွန်ညံ့လှပေသတည်း။ အထက်တန်း အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိကြုံလျှင် အသင့်အတင့် သက်သာမှု ရှိပေဦးမည် သတိပြုလေ။

တဖန် အသက် ၂၉ – နှစ်က အကျော် အသက် ၃၀ မှ စ၍ ဗုဒ္ဓဟူးဂြိုဟ်သို့ ဂြိုဟ်အိပ်သည့်အတွက် စုတ်လာဘ်မှ စ၍ အလွန်တရာ အားကြီး၍ ဒုတိယအရွယ် အသက် ၄၆ နှစ်အထိ စီးပွားဖြိုးမောက် ထိန်ထိန်တောက်၍ စိန်ကျောက် ပတ္တမြား၊ ဆန်ရေ စပါး တို့မှ စ၍ တိုးပွား စည်ပင်ပြီးလျှင် ထင်ရှားအောင် အကျိုးပေး လိမ့်မည်ဟု အဟောထွက်၏။
အသက် ၃၀၊ ၃၂၊ ၃၄၊ ၃၈၊ ၄၀၊ ၄၆ နှစ်များမှာ သောမဂြိုဟ်သို့ သက်ရောက်သောကြောင့် ကံဇာတာဖြိုးမောက်၍ အံ့လောက်အောင် အကျိုးပေးတတ်ပေသည်။
(ဤတွင် ၁ – နွေနှင့် ၄ – ဟူးသည် အိမ်ထောင် ရန်ဂြိုဟ် ဖြစ်ရာကား အနှောင့်အယှက် အဖျက်အဆီးနှင့် ယှဥ်လျက်သာ ကောင်းကျိုးပေးစေနိုင်ပါသည်။)

(နောက်တစ်ချက်မှာလည်း အရေးကြီးပါသည်။ တနင်္ဂနွေ သားသမီးများသည် အသက် ၃၀ မှ အသက် ၄၆ – နှစ်အတွင်းမှာ ဘုမ္မိဂြိုဟ်စားကျပါသည်။ ဂြိုဟ်သက်မှာ ၁၇ နှစ် ဖြစ်သည်။ ယတြာအဖြစ် အိမ်၏ အရှေ့အရပ်တွင် အုန်းပင် သို့မဟုတ် အင်ပင်ကို ရှင်အောင် စိုက်ရပါမည်။

တနင်္ဂနွေသားသမီးများ အညံ့ဆုံးဖြစ်သော ဘုမ္မိကြီး ကျသောနှစ်မှာ ၃၁ နှစ်နှင့် ၃၉ နှစ် ဖြစ်ပါသည်။ ဘုမ္မိ နှစ်ထပ်ကျသောနှစ်မှာ ၃၆ နှစ်နှင့် ၄၄ နှစ် ဖြစ်သည်။ ထိုနှစ်များတွင် သတိရှိရန် လိုပါသည်။)

အသက် ၄၆ – နှစ်အကျော် ၄၇ နှစ်မှ စ၍ စနေပါပဂြိုဟ်သို့ ဂြိုဟ်အိပ်ကြုံသောကြောင့် အသက် ၅၆ – နှစ်အထိ ညံ့သည်ဟု အဟောထွက်၏။ သို့သော် ၄င်း-စနေဂြိုဟ်နှင့် မွေးနံ ၁ – နွေဂြိုဟ်တို့ အန္တောဓာတ်မိသောကြောင့် မထောင်းတာ၊ ဘုမ္မိဂြိုဟ်လည်း လွတ်သောကြောင့် ထို့အတွက် ကိစ္စမရှိပေ။ ဤတွင် အသက် – ၅၅ နှစ်၌ ရာဟု သက်ရောက်ရကား အညံ့ဆုံးနှစ်ဟု ဆိုရပေမည်။

ထို့နောက် အသက် ၅၆ – နှစ်မှ စ၍ ကြာသပတေး သောမ မိတ်ဂြိုဟ်သို့ ကူးပြောင်းသဖြင့် လုပ်ခင်း ဆောင်တာ၊ လယ်ယာမိုးမြေ၊ ရတနာ ရွှေငွေ၊ ကျောက်သံပတ္တမြား တိုးပွား စည်ပင်၍ ထင်ရှားအောင် အသက် ၇၅ – နှစ်အထိ ကောင်းစားလိမ့်မည်ဟု အဟောထွက်၏။

ထို အသက် ၇၅ နှစ်အတွင်းမှာ အသက် ၆၀၊ ၆၂၊ ၆၄၊ ၆၈၊ ၇၀၊ ၇၂ – နှစ်၊ နှစ်များမှာ စီးပွား အထူးတိုးတက်၍ ဇရပ်၊ တန်ဆောင်း၊ ကျောင်းကန်၊ ဘုရားများနှင့် ထာဝရ ကုသိူလ်ထူးများ ပြုရ၍ အကျော် တဇော ထင်ရှားအောင် ပိုမို၍ ကောင်းသော နှစ်များဟူ၍ အဟောထွက်၏။

၄င်းနှစ်များမှာ မွေးနံဂြိုဟ် တနင်္ဂနွေနှင့် မိတ်ဂြိုဟ်ဖြစ်သည်က တစ်ချက်၊ ၄င်းပြင် အာယုဂြိုဟ်၊ တေဇဂြိုဟ်၊ သီရိဂြိုဟ် ဖြစ်သည်ကတစ်ချက်ကြောင့် အလွန်ကောင်းသည်ဟု ဟောရပေမည်။

ထို အသက် ၇၅ -နှစ်က အကျော် ရာဟုပါပဂြိုဟ်သို့ ကူးပြောင်းသဖြင့် အသက် ၈၂ – နှစ်အထိ ညံ့၏ဟု .အဟောထွက်၏။

ဤတွင် အသက် ၇၆ – နှစ်ကား ၄ – ဟူး သက်ရောက်ရာ မွေးနံ ၁ – နွေမှ ဦး၊ လှ၊ ရွာ ဟူသော ဘုမ္မိ ၃ ထောက်ကိန်း ရောက်သောကြောင့် ကျန်းမာရေး မချို့ယွင်းစေရန် အရေးကြီး၏။

ကျန်းမာရေး ချို့ယွင်းက အသက်ဘေးရန် စိုးရိမ်ရနိုင်သည်။ ဤတွင် ဦး ၁ – နွေနေ့ သားသမီးတို့သည် လှ – ရာဟုဂြိုဟ်နှင့် ရွာ – ၄ ဟူး သက်ရောက်ကြုံက thayတတ်သည်ဟု ဟောဆိုချက် ဖြစ်ပေသည်။

ဤမှ လွတ်လျှင် အသက် ၁၀၈ – နှစ် အထိ အညံ့မရှိ၊ အသက်ရှည်အံ့ ဟူသတည်း။

ရေးသားသူ –ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။