မဟာဘုတ်(၅)ကြွင်းဖွားတို့အကြောင်း

Astrology
မဟာဘုတ်(၅)ကြွင်းဖွားတို့အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်(၅)ကြွင်းဖွားတို့အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်(၅)ကြွင်းဖွားတို့အကြောင်း

မိမိရဲ့ မြန်မာမွေးခုနှစ် သက္ကရာဇ်ကိုတည် (၇)ဖြင့် ÷ ။ ကြွင်းတဲ့အကြွင်းက (၅)ဖြစ်ခဲ့မယ်ဆိုရင် သင့်ကို(၅ )ခုကြွင်းဖွားလို့ ဆိုနိုင်ပါတယ် ။ (၅)ခုကြွင်းဖွားတို့အကြောင်း လေ့လာကြည့်ကြပါစို့ ။

မူလသဘာ၀

ဒီကမ္ဘာပေါ်မှာ နည်းပေးလမ်းပြ လုပ်ရသော လုပ်ငန်းမျိုးတွေမှာ အအောင်မြင်နိုင်ဆုံး အကြွင်းဖွားကိုပြပါ ဆိုရင်(၅ )ခုကြွင်းဖွားတွေကိုပဲ လက်ညှိှုးညွှန်ရပါလိမ့်မယ် ။ ဂိုက်လုပ်ငန်း ၊ လမ်းပြ ၊ နည်းပြ ၊ ဧည့်ကြို စသည်ဖြင့် သူတစ်ပါးတို့ကို လမ်းညွှန်လမ်းပြ နည်းပေးလမ်းညွှန် လုပ်ကိုင်ရမယ့် လုပ်ငန်းမျိုးတွေမှာ အောင်မြင်မှု အရနိုင်ဆုံး သူတွေပါပဲ ။

သူတို့တွေဟာ ငယ်စဉ်ကတည်းက မြေပုံတွေ၊ တည်နေရာတွေ ၊ ဘယ်ကို ဘယ်လိုသွားရမယ် ၊ ဘယ်အရာကို ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို တစ်ခြားအကြွင်းဖွား ခြောက်မျိုးလုံးထက်ပိုမို သိမြင်နိုင်စွမ်း ရှိကြသူများလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခြားသူများထက် စောစောကြိုပြီး ပိုမိုအောင်မြင်နိုင်ကြတာကို တွေ့ရပါတယ် ။ (၅)ကြွင်းဖွားတွေဟာ စွန့်ဦးတည်ထွင်သူများ ၊ ပထမဆုံး စွန့်စားလုပ်ဆောင်သူများ နေရာမှာ အမြဲနေရာယူထားကြပါတယ်။

သူတို့တွေဟာ အစွန်းရောက်နေတဲ့အတ္တကိုသာ နိုင်အောင် ချုပ်ကိုင်နိုင်မယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ မြတ်နိုးစရာ အကောင်းဆုံး လူသားတွေလို့တောင် ဆိုနိုင်လာမှာပါ။ သို့သော် အကြောင်း အားလျော်စွာပဲ တစ်ခါတစ်ရံမှာ နိုးထလာတတ်တဲ့ သူတို့ရဲ့ အစွန်းရောက် အတ္တတွေကြောင့် လူတွေက သူတို့ကို ရွံရှာသွားစေတဲ့အထိ အမုန်းပွားမှုကို ခံယူကြရပြန်ပါတယ် ။

(၅)ကြွင်းဖွားတွေဟာ မယုံကြည်ရင် လုံး၀ မယုံကြည်တတ်သလို ၊ ယုံကြည်မိရင်လည်း အစွန်းရောက်တဲ့ အထိ ယုံကြည်စွဲလမ်းမိတတ်ကြပါသေးတယ် ။ ဒါကြောင့်လည်း ကမ္ဘာမှာ ကိုးကွယ်ယုံကြည်မှု အစွန်းရောက်သော သူများ ၊ ဘာသာရေးအစွန်းရောက်များ ၊ လူမျိုးရေး အစွန်းရောက်များဟာ (၅)ကြွင်းဖွား အများစု ဖြစ်လာကြပါတယ် ။

အချို့သော (၅)ခုကြွင်းဖွားတွေကတော့ မိမိကိုယ်မိမိက လွဲပြီး ဘာတစ်ခုမှကို ယုံကြည်မှု မရှိတတ်ကြပါဘူး ။ တနည်းအားဖြင့် အချို့သော (၅)ကြွင်းဖွားတို့ကို ဘာသာကင်းမဲ့ဝါဒီတွေအဖြစ်လည်း တွေ့မြင်ရနိုင်ပါတယ် ။

တစ်ကယ်တော့ (၅)ကြွင်းဖွားတွေအနေနဲ့တစ်ခုခုကို အလွယ်တစ်ကူ ယုံကြည်ဖို့ ခက်ခဲခြင်းပဲ ဖြစ်ပါတယ် ။ အဲ…ယုံကြည်မိပြီဆိုရင်လည်း ဒါမှဒါ ၊ ဘာမှလာမပြောနဲ့ ဆိုတာမျိုး ယုံကြည်အစွန်းရောက် တတ်ကြပြန်ပါတယ်။ အဆိုပါအချင်းအရာများ ကြောင့်ပါပဲ ။(၅ )ခုကြွင်းဖွားတွေဟာဘ၀မှာ ယုံကြည်လေးစားမိသူ ၊ အားထား ကိုးကွယ်မိသူ အလွန်ရှားပါးပါတယ် ။ တော်တန်ရုံနဲ့ ယုံကြည်မှု မထားနိုင်တဲ့ အခြေခံစိတ်သဘာ၀ရှိတာကြောင့်လည်း တော်တန်ရုံ ဘယ်သူ့ကိုမှ အားကိုးယုံကြည်မှု ၊ ကိုးကွယ်ဆည်းကပ်မှု မထား နိုင်ကြပါဘူး ။

အဆိုပါအနေအထားများကို (၅)ခုကြွင်းမဟာဘုတ်ဇာတာခွင်ရဲ့ မရဏဌာနမှာ ရပ်တည်နေတဲ့ တနင်္ဂနွေဂြိုဟ်က ဖော်ဆောင်အာနိသင်ပြုနေတာပဲ ဖြစ်ပါတယ် ။ ထူးဆန်းတာတစ်ခုကတော့ အဆိုပါ တနင်္ဂနွေဟာ မရဏဌာနမှာ ရပ်တည်နေခြင်းကြောင့် သူတို့ အားထားယုံကြည်သော ကိုးကွယ် ဆည်းကပ်သော ပုဂ္ဂိုလ်များဟာ မရဏဌာနရဲ့ သဘာ၀အရ ၊ ဝေးမြေရပ်ခြားက ပုဂ္ဂိုလ်များ ၊ လူမျိုးဘာသာကွဲ ဆရာသမားများ၊ တမလွန်မှ သို့မဟုတ် ပရလောကမှ ပုဂ္ဂိုလ်များ ၊ လောကုတ္တရာ နယ်ပယ်မှ ဆရာသမားများ ၊ ဗေဒင်ပညာ ၊ စိတ်ပညာ နှင့် နာမ်ပိုင်းဆိုင်ရာ နယ်ပယ် များမှ ဆရာသမားများ ၊ အတိဒုက္ခ ကြုံကြိုက်နေရသော ဆရာ သမားများ ဖြစ်နေတတ်တာကို တွေ့ရှိရနိုင်ပါတယ် ။

(၅)ခုကြွင်းဖွားတွေဟာ အင်္ဂါဂြိုဟ် ရပ်တည်မှု အားကောင်းကြပါတယ် ။ ဒါကြောင့်လည်း သူတို့တွေဟာ စပ်တူနဲ့ အစုရှယ်ယာ ကဏ္ဍများမှာ အစဉ်သဖြင့် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လိုမှု ရှိနေကြပြီး ၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် အနာဂတ်ရည်မှန်းချက်များလည်း ရှိနေတတ်ကြပါတယ် ။ တစ်ယောက်ထဲ လုပ်နိုင်ဦးတော့ မလုပ်ချင်ကြသူများဖြစ်ပြီး ဖြစ်နိုင်သမျှ လုပ်ကြရအောင် ၊ သွားကြရအောင် ၊ စားကြရအောင် စသဖြင့် ရည်ရွယ်ချက်တူ လူအများနဲ့ ပူးပေါင်းဆောင်ရွက်လိုမှု စိတ်အား ပြင်းထန်နေတတ်ကြပါတယ် ။

အင်္ဂါဂြိုဟ်ဟာ ရာဇဌာနမှာ ရပ်တည်ထားပြီး ရာဇဌာနဟာ မဟာဘုတ်ခွင် ဌာန ခုနှစ်ပါးမှာ အရေး အပါဆုံး ဌာနဖြစ်တာကြောင့်(၅ )ခုကြွင်းဖွားအားလုံးဟာ အင်္ဂါဂြိုဟ်လွှမ်းမိုးသူများ လို့တောင် ခေါ်ဆိုထိုက်သူတွေပါ ။ ဒါကြောင့်လည်း သူတို့ဟာ အမြဲနိုးကြားထက်သန်နေတတ်ပြီး ၊ သူတစ်ပါးတို့ကိုလည်း တိုက်တွန်းနှိုးဆော် လိုစိတ် အမြဲရှိနေတတ်ကြပါတယ် ။

အင်္ဂါဂြိုဟ်ဟာ စွန့်စားလုပ်ဆောင်မှုကို အားပေးသော ဂြိုဟ်ဖြစ်သလို ၊ အင်္ဂါဂြိုဟ်လွှမ်းမိုးနေတဲ့ (၅)ခုကြွင်းဖွားတွေဟာလည်း စွန့်စားလုပ်ဆောင်ရမှုကို အလွန်နှစ်ခြိုက်မြတ်နိုးတတ်သော သူများ ဖြစ်လာကြပါတယ် ။

အင်္ဂါဂြိုဟ်ဟာ စူးစမ်းရှာဖွေမှုတွေကို အားပေးသလို (၅)ခုကြွင်းဖွားတွေဟာလည်း ဘယ်အရာကိုပဲ ဖြစ်ဖြစ် စမ်းကြည့်လိုစိတ် ၊ စူးစမ်းကြည့်လိုစိတ် အမြဲ ရှိနေတတ်ကြပါတယ်။ အင်္ဂါဂြိုဟ်ဟာ ညီတူမျှတူ ဖြစ်မှုနဲ့ အချိုးအစားတူ ဖြစ်မှုကို လွှမ်းမိုးထားတာကြောင့် (၅)ခုကြွင်းဖွားတွေဟာလည်း အညီအမျှ ဖြစ်မှု မဖြစ်မှု ဆိုတာကို အာရုံအမြဲကျက်စား မိနေတတ်ကြပြီး အမြဲ ပေတံတစ်ချောင်းနဲ့ တိုင်းထွာနေတတ်တဲ့ စိတ်သဘာ၀ကို ရရှိလာကြပြန်ပါတယ် ။

အင်္ဂါဂြိုဟ်ဟာ ရှေ့သို့ အစဉ်ဆက်တိုက် တွန်းထိုးမောင်းနှင်တတ်သော ဂြိုဟ်ဖြစ်တာကြောင့်လည်း (၅)ခုကြွင်းဖွားတွေဟာ ငယ်စဉ်ကတည်းက တိုးတက်ရေး ၊ ရှေ့ရောက်ရေး …အတွက် စိတ်အားပြင်းပြလာကြပြီး ၊ ဘ၀မှာ ငယ်စဉ်ကတည်း က ရည်မှန်းချက် ထားကြသူများ အဖြစ် ဖြစ်တည် လာကြပါတယ် ။

ထားပါတော့ ရေးရမယ်ဆိုရင် မကုန်နိုင်ပါဘူး ။ ဌာနတစ်ခုမှာ ရပ်တည်နေတဲ့ ဂြိုဟ်သဘာ၀ တစ်ခုနဲ့တင် ဆောင်းပါးတစ်ပုဒ်စာ မက ဖြစ်သွားနိုင်ပါတယ်။
ထိုနည်းတူပါပဲ ။ အခြားသော ဌာနအသီးသီး မှာ ရပ်တည်နေတဲ့ ဂြိုဟ်သဘာ၀ အနေအထားအရပ်ရပ်အရ သက်ရောက်မှု သဘာဝတွေ ရှိကြပါတယ် ။ အရေးအပါဆုံးဖြစ်တဲ့ ရာဇဌာန မှာ ရပ်တည်သောဂြိုဟ်ဖြစ်သည့် အင်္ဂါဂြိုဟ်ရပ်တည်မှုအရ ဆက်လက်ဖော်ပြရရင်တော့ စွန့်ဦးရှာဖွေ နိုင်စွမ်းရှိသော အင်္ဂါဂြိုဟ် လွှမ်းမိုးနေတဲ့ (၅)ခုကြွင်းဖွားတွေဟာ ဆွေမျိုးစု ၊ လူမျိုးနွယ်စု အတွင်းမှာလည်း ပထမဆုံး ရှေ့ထွက်ရှာဖွေ စွန့်စားနိုင်သူများ အဖြစ် ရပ်တည်ခွင့် ရရှိလာတတ်ကြပါတယ်။

တနည်းအားဖြင့် (၅)ခုကြွင်းဖွားတွေဟာ တစ်မိပေါက် တစ်ယောက်ထွန်း လို့ ဆိုရမယ့် ထူးခြားသူတွေပါပဲ ။

တစ်ကယ်လို့များ (၅)ခုကြွင်းဖွား တစ်ယောက်ယောက်ကို အဆိုပါ အင်္ဂါဂြိုဟ်ပိုင် အမည်မျိုး မှည့်ခေါ် မိခဲ့မယ်ဆိုရင် (အထူးသဖြင့် နာမည်အဖျားစာလုံး) ၊ ယင်း အင်္ဂါဂြိုဟ်ရဲ့ ဂုဏ်သတ္တိ ကို ပိုမို ရရှိပိုင်ဆိုင်လာနိုင်ပြီး ငယ်ရွယ်စဉ်မှာပင် စွန့်စားအောင်မြင်လာနိုင်သော အကျိုးအာနိသင်ကို ကျိန်းသေ ရရှိလာမှာ ဖြစ်ပါတယ်။ (မှတ်ချက် ။ မွေးနံ အသီးသီး အရ အကျုိုးအပြစ် ကွာခြားမှု ရှိပါသည်။)

ဘ၀ဖြတ်သန်းပုံနှင့်ကံဇာတာအနေအထား

၅)ခုကြွင်းဖွားတွေအတွက် ဗုဒ္ဓဟူး / ရာဟု ဂြိုဟ်အိပ်များဟာ ပြင်းထန်သော စိတ်ခံစားမှုများ နဲ့ အရေးပါသော ဘ၀ဖြစ်စဉ်များ ဖြစ်ထွန်းပေါက်ပေါက်လာလေ့ ရှိတတ်ကြပါတယ် ။ မင်းအစိုးရများ နှင့် အပြင်းအထန် တင်းမာမှုများ ကြုံကြိုက်ရတတ်ခြင်း ၊ အထက်အရာရှိများ ၊ ဖခင် ၊ အဖိုး ၊ ဦးလေးဦးမင်း ၊ အစ်ကိုကြီး စသော သူများနှင့်သက်ဆိုင်သော အင်အားပြင်းထန်သည့် အခြေအနေနှင့် စိတ်ခံစားမှုများ ဖြစ်ပေါ်လာတတ်ကြပါတယ် ။

စနေဂြိုဟ်အိပ်ချိန်မှာတော့ (၅)ခုကြွင်းဖွားတွေဟာ အသိမှန်အမြင်မှန်တွေ ရှင်သန်နိုးထခွင့် ကြုံကြိုက်လာကြပြီး ၊ အဆက်အသွယ်ကောင်းများ ရှာဖွေရရှိချိန် ကြုံကြိုက်လာကြပါတယ်။ ကြာသပတေး ဂြိုဟ်အိပ်ကာလကို ဖြတ်သန်းချိန်မျိုးမှာတော့ သူတို့တစ်တွေဟာ ဘယ်အသက်အရွယ် ဘယ်အပိုင်းခြားမျိုးမှာပဲ ဖြတ်သန်းရသည်ဖြစ်ပါစေ အဆိုပါကာလများမှာအသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းများ ၊ လူအများဖြင့် ဆောင်ရွက်လုပ်ကိုင်ရသော အခန်းကဏ္ဍများ၊ သင်ယူ သင်ကြားရခြင်းများ ၊ သင်တန်းများ ၊ကျောင်းများဖြင့် လုံးထွေးနေရသော အချိန် ဖြစ်လာကြပါတယ် ။ သူတို့ရဲ့ စိတ်ခံစားမှုဟာ ကြာသာပတေးဂြိုဟ်အိပ်ထဲမှာ အမြင့်မားဆုံး ဖြစ်လာကြပြီး ၊ အသင်းအဖွဲ့ပေါင်းများစွာနဲ့လည်း ပတ်သက်ဆက်နွယ်လာတတ်ချိန်ပါပဲ ။

သောကြာဂြိုဟ်အိပ်ကြုံချိန် ဖြတ်သန်းချိန်များကတော့ သူတို့တစ်တွေအတွက် ဆုလာဘ်ရရှိချိန် လို့တောင် ဆိုနိုင်ပါတယ် ။ ရည်ရွယ်ထားသမျှတွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ် လာချိန်ပါပဲ ။ သောကြာဂြိဟ်အိပ်ကို ကြောက်ရွံတတ်တဲ့ တနင်္ဂနွေ ၊ ကြာသာပတေး ၊ တနင်္လာ စသော နေ့နံများတောင် (၅)ခုကြွင်းဖွား သောကြာဂြိုဟ်အိပ်ကြုံချိန်မှာ အကျိုးကျေးဇူးကို ခံစားရမှာ ဖြစ်ပါတယ် ။

ချစ်မှုရေးရာနှင့်အိမ်ထောင်ရေးကဏ္ဍ

(၅)ခုကြွင်းဖွားတွေရဲ့ အချစ်ရေးကဏ္ဍမှာတော့ သူတို့တွေဟာ အတည်မဟုတ်သေးဘဲ အကဲစမ်းပြီး တွဲကြည့်လိုတဲ့ စိတ်သဘာ၀မျိုး ရှိကြတယ်လို့ ဆိုနိုင်ပါတယ် ။ တနည်းအားဖြင့် အစမ်းခန့် အချစ်နဲ့ ပထမဆုံး စ ပါတယ် ။ နောက်တစ်ချက်ကတော့ သူတို့ချစ်တဲ့သူကို သူတို့သတ်မှတ်ထားတဲ့ စံပေတံ နဲ့ တိုင်းထွာ တွက်ချက် ပြီး စကေးကိုက် မကိုက် ညှိကြည့်တတ်ကြပါတယ် ။ ပြီးရင် နှစ်ဦးသား ညှိနှိုင်းဆွေးနွေးကြည့်ခြင်း ၊ စိတ်တူကိုယ်တူ ဖြစ်မဖြစ် ချင့်ချိန်ခြင်းတွေ ထပ်ပြီး ပေါင်းထည့် ပါတယ် ။

ပြောရရင်တော့ ကာကူလေတာပေါ်က အချစ်မျိုး လို့တောင်ဆိုရမှာပါ။ အချစ်ရေးမှာလည်း အတွက်အချက် တွေနဲ့ တိုးတက်ရေးတွေရောထွေး နေတတ်ကြသူတွေပါ။

သူတို့တွေဟာ ခေတ်မီပြီး ရဲတင်းဖျတ်လတ်တာကိုလည်း သဘောခွေ့တတ်ကြပါတယ်။ သူတို့ချစ်တဲ့သူတွေကိုလည်း သူတို့က တစ်ခုမဟုတ် တစ်ခု နှိုးဆော်တိုက်တွန်းပေးရတာမျိုးကို သဘောကျတတ်ကြပါတယ်။

အိမ်ထောင်ရေးကဏ္ဍမှာတော့ (၅)ခုကြွင်းဖွားတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်ကို သူတို့နဲ့ စိတ်တူသဘောတူဖြစ်ဖို့ ၊ သူတို့ ဆွဲခေါ်ရာကို အတူတစ်ကွ လိုက်ပါလာပြီး တက်တက်ကြွကြွ လုပ်ဆောင်ဖို့ လိုလားတတ်ကြသူတွေပါ။ သူတို့နဲ့ တစ်သဘောတည်းမဖြစ်ဘဲ အတူတစ်ကွ ဆောင်ရွက်လိုမှု မရှိဘူး ဆိုရင် စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြသူတွေပါ ။(၅ )ခုကြွင်းဖွား အမျိုးသားအများစုဟာ အတည်မဟုတ်သည့်တိုင်အောင် လက်တဲ့စမ်းလိုတဲ့သဘာ၀များတာကြောင့် အိမ်ထောင်ရှိပါလျက်နဲ့ အီစီကလီလေးတွေ ၊ အကဲစမ်းအချစ်သစ်လေးတွေ ကြုံတွေ့ကြရတတ်ပါတယ် ။
အမျိုးသမီးများမှာတော့ အနဲစုမှာ အဆိုပါအခြေအနေ မျိုးရှိတာကို တွေ့ရပါတယ် ။

ကျန်းမာရေးနှင့်အသက်ဇီ၀

(၅)ခုကြွင်းဖွားတွေ ရဲ့ အသက်ဇီ၀နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဓိက ပင်မဂြိုဟ်ကတော့ တနင်္လာဂြိုဟ်ပဲ ဖြစ်ပါတယ်။ တနင်္လာဂြိုဟ်ဟာ ဖျော်ရည် ၊ အရည် နဲ့ ပင်လယ်ထွက် စားသောက်ကုန်များကို လွှမ်းမိုးပါတယ်။ ဒါကြောင့် အရက်သေစာများ ၊ အရည်တစ်မျိုးမျိုးကို အလွန် အကျွံသောက်သုံးခြင်းမျိုး နဲ့ ပင်လယ်စာများကို မကြာခဏ စားသုံးခြင်းများကသက်တမ်းဆုတ်ယုတ်စေ နိုင်တယ် လို့ ဆုံးဖြတ်နိုင်ပါလိမ့်မယ် ။

(၅)ခုကြွင်းဖွားတွေဟာ သွေးထဲမှာ အဆိပ်သင့်ခြင်း ၊ သွေးသွင်းမိရာမှ ကူးစက်ရောဂါ ခံစားရခြင်း၊ ကူးစက်ရောဂါတစ်မျိုးမျိုးကြောင့်သက်တမ်းဆုတ်ယုတ်နိုင်ခြင်းကံ ရှိကြသူများလည်း ဖြစ်ပါတယ် ။ ဒါကြောင့် (၅)ကြွင်းဖွားတွေ အနေနဲ့ ကူးစက်နိုင်သောရောဂါရှိသူများ နဲ့ ဆက်ဆံနေထိုင်ရာမှာ သတိပြုအပ်လှပါတယ် ။

(၅)ခုကြွင်းဖွားတွေအတွက် ကျန်းမာရေး တိုးတက်စေနိုင်သော အခြေအနေကတော့ …လူသူကင်းဆိတ်ရာ အေးချမ်းရာမှာ တစ်ဦးတည်း နေထိုင်ပြီး ကျန်းမာရေးတည်ဆောက်ခြင်းမျိုး ဖြစ်ပါလိမ့်မယ် ။ ကျန်းမာရေး ချို့တဲ့နေသူများအဖို့ မိမိလက်ရှိနေထိုင်ရာ အရပ်ကနေ အရှေ့စူးစူး အရပ်မျက်နှာကျရောက်ရာ နေရာဒေသများကို မပြောင်းရွှေ့အပ်ပါဘူး ။ အကြောင်းကတော့အသက်ဇီ၀ကို ယုတ်လျော့အားနဲစေသော အရပ် ဖြစ်လို့ပါပဲ ။

အခြားသောအချင်းအရာများ

(၅)ခုကြွင်းဖွားတွေ တန်ဖိုးအထားဆုံး အမြတ်နိုး ရတနာကို ဖော်ပြပါဆိုရင် အချိန်ပဲ ဖြစ်ပါလိမ့်မယ် ။

“စက္ကန့်တိုင်း ရှေ့ကိုရောက်ဖို့လိုတယ် ၊နောက်ကျလို့ မဖြစ်ဘူး”ဆိုတဲ့ အတွေးတွေ အမြဲ လွှမ်းမိုးနေတတ်ကြသော (၅)ခုကြွင်းဖွားတွေအဖို့ အချိန် ဆိုတာ ဘယ်လိုမှ ဆုံးရှုံးလို့ မဖြစ်တဲ့ ရတနာ တစ်ပါးပါပဲ ။

ဒါကြောင့်လည်း သူတို့တွေဟာ နာရီကောင်းကောင်းလေးတွေ ကြိုက်တတ်ပြီး ၊ အများစုကတော့ နာရီကို နဲနဲကြိုစောပြီး (တစ်ကယ့်အချိန်ထက် ပိုစောပြီး) တိုက်ထားတတ်ကြပါတယ် ။ ဒါမှလည်း နောက်အကျသက်သာမယ်လို့မသိစိတ်ကနေ..ထင်မြင်နေတတ်ကြသူတွေပါ ။

(၅)ခုကြွင်းဖွားတွေရဲ့မွေးရာပါ စွမ်းရည်တစ်မျိုးကို ပြပါဆိုရင် မေတ္တာစွမ်းရည်လို့ပဲ ဖော်ပြရ ပါလိမ့်မယ် ။ အဓိပတိဌာနမှာ ရပ်တည်ထားသော တနင်္လာဂြိုဟ်ရဲ့ ဂုဏ်သတ္တိဟာ (၅)ခုကြွင်းဖွားတွေကို ငြိမ်းချမ်းရေး စွမ်းရည် ၊ မေတ္တာစွမ်းရည် မျိုး ရရှိပိုင်ဆိုင် လာစေပါတယ် ။ ဒီအချက်ကို မသိသေးသမျှ (၅)ခုကြွင်းဖွားတွေအဖို့ မေတ္တာကို မိမိပိုင်lat natလို မသုံးနိုင်ကြသေးပါဘူး ။

တစ်ကယ်တော့ (၅)ခုကြွင်းဖွားတွေရဲ့ သဘာဝပေး lat natကိုပြပါဆိုရင် မေတ္တာစွမ်းရည် ၊ ငြိမ်းချမ်းရေး စွမ်းရည်ပါပဲ ။ အမြဲဆူပူ ငြူစူနေတတ်သော ၊ မျက်နှာကြောအမြဲတင်းနေသော ၊ ဒေါသကြီးသော ၊ ပေါက်ကွဲလွယ်သော(၅ )ခုကြွင်းဖွားများဟာ တစ်ကယ်တော့ lat nat မဲ့ အကာကွယ်မဲ့ ကျရှုံးနေသူများပဲ ဖြစ်ပါလိမ့်မယ်။ အမြဲပြုံးရွှင်နေတတ်သော ၊ သူတစ်ပါးတို့အပေါ် အမှန် တစ်ကယ် မေတ္တာစိတ်ထားတတ်သော ၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တတ်သော (၅)ခုကြွင်းဖွားမျိုးတွေကတော့ lat nat အပြည့်အစုံ တပ်ဆင်ထားနိုင်သည့် အောင်မြင်မှုရရှိနေသော သူမျိုးတွေလို့ ဆိုနိုင်ပါတယ် ။

တနင်္လာဟာ အရည် ၊ ပျော်ရည်များ ၊ ရေ နှင့် ရေထွက်ကုန်များ ၊ သင်ယူသင်ကြားရေးကဏ္ဍများ၊ အသင်းအဖွဲ့နှင့် လုပ်ဆောင်ရသော ကဏ္ဍများ ၊ လွတ်လပ်မှု နှင့် ငြိမ်းချမ်းရေး သဘာ၀များ ၊ သိုလှောင် သိုမှီးခြင်း ဆိုင်ရာ ကဏ္ဍများ ၊ ခရီးသွားလာခြင်း နှင့် ကူးပြောင်းခြင်း သဘာ၀များကို လွှမ်းမိုးထားပါတယ် ။ ဒီတနင်္လာ ဂြိုဟ်ကပဲ (၅)ခုကြွင်းဖွားတွေအတွက် စွမ်းရည် အဖြစ် ဖြစ်တည်လာတာကြောင့်…

(၅)ခုကြွင်းဖွားတွေဟာ အဏ္ဏဝါဗေဒဆိုင်ရာ စွမ်းရည် ၊ သင်ကြားရေးဆိုင်ရာ စွမ်းရည် ၊ အသင်းအဖွဲ့များ တွင် ကောင်းစွာ ၀င်ဆံ့နိုင်သော စွမ်းရည် ၊ စုဆောင်းခြင်း သိုလှောင်ခြင်း ဆိုင်ရာ စွမ်းရည် ၊ ခရီးသွားလာမှု ဆိုင်ရာစွမ်းရည် ၊ အရည် ပျော်ရည်များနှင့် သက်ဆိုင်သော စွမ်းရည် စသည်ဖြင့် မူလစွမ်းရည်မျိုးတွေ ပိုင်ဆိုင်နေတတ်ကြပါတယ် ။

သည်နေရာမှာ (၅)ခုကြွင်းဖွားများကို ပိုမိုမြင်လွယ်စေရန် အတွက် တစ်ခု တင်ပြရရင်..

ကျေးဇူးတော်ရှင် တောင်းတန်းသာသနာပြုဆရာတော်ဘုရားကြီးဟာ (၅)ခုကြွင်းဖွားပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး ပရိတ်ရွတ်တဲ့အခါ ပရိတ်ရေများ ဆူပွက်ကျတာကို စာဖတ် ပရိသတ် အများစုအနေနဲ့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဆရာတော်ကြီးဟာ တနင်္လာအဓိပတိရဲ့ စွမ်းရည် သတ္တိကြောင့် မေတ္တာပွားများနိုင်မှုမှာ အထူးထင်ရှားခဲ့ပြီး ၊ ကျားရိုင်းတွေ ၊တောကောင်ရိုင်းတွေတောင် ယဉ်ပါးသွားစေတဲ့အထိ မေတ္တာစွမ်းရည် ကို အသုံးပြုနိုင်ခဲ့ပါတယ်။

ထို့နည်းတူပဲ တနင်္လာရဲ့ သဘာ၀ဖြစ်တဲ့ ရေများဟာ ဆရာတော်ကြီး မေတ္တာစိတ်အပြည့်နဲ့ ပရိတ်ရွတ်ဖတ်လိုက်တာနဲ့ ဆူပွက်ကျလာရပါတယ် ။ အင်မတန်ထူးခြား ကြည်ညိုစရာကောင်းလှပါတယ် ။

ဒါကြောင့် ..(၅)ခုကြွင်းဖွားတွေအားလုံးကို စာရေးသူအနေနဲ့ အကောင်းဆုံး အကြံပေးလိုတာကတော့ မည်သည့် အခက်အခဲမျိုးကိုဆို မေတ္တာတရားကို လက်ကိုင်ပြုပြီး ကျော်ဖြတ်ပါ။ မည်သူ့ အပေါ်ပဲ ဖြစ်ဖြစ် မေတ္တာစိတ် အမှန်တစ်ကယ်ထားပြီး ပြုံးရွှင်ကြည်သာ ဆက်ဆံပါ။ တစ်ကယ်တော့ (၅)ခုကြွင်းဖွားတွေအတွက် အပြုံးဆိုတာလည်း lat nat တစ်ပါးပါပဲ ။

(၅)ခုကြွင်းဖွားတွေဟာ အထက်တန်းလွှာ လူတန်းစားတွေ ၊ အမြင့်မားဆုံး အောင်မြင်နေသူတွေနဲ့ ရင်းနှီးပတ်သက်ရ လွယ်ကူသောကံလည်း ရှိပါတယ်။ တနည်းအားဖြင့် အထက်လွှာလူတန်းစားတွေနဲ့ နီးစပ် ပတ်သက်ရတတ်သော ကံရှိပါတယ် ။ ဒီကံကို အသုံးပြုတတ်ရင်လည်း ဘ၀တိုးတက်ရေးမှာ အကျိုးပြုပါလိမ့်မယ်။
တစ်ကယ်လို့သင်ဟာ ……

(၁) သင်ကိုယ်တိုင်(၅ )ခုကြွင်းဖွား တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်………

ကြည်လင်သော စိတ်နဲ့ သန့်ရှင်းသောကိုယ် ဖြစ်ဖို့ ကြိုးစားပါ ။ ဒါဆိုရင် သင့်မှာ စွမ်းအားအပြည့်ရှိနေပါပြီ ။ စွမ်းအင်ပြည့်ဝနေသူ သွားသမျှ နေရာတိုင်းဟာ လမ်း ဖြစ်စေပါတယ် ။

(၂) သင့်ချစ်သူက (၅)ခုကြွင်းဖွားဖြစ်ခဲ့မယ်ဆိုရင် …

အကဲစမ်းတာတွေ ၊ စူးစမ်းတာတွေ ခံနိုင်ဖို့ပြင်ထားပါ ။ ဖြစ်နိုင်သမျှ .သဘောတူပါတယ် လို့ ပြန်ဖြေတာ အကောင်းဆုံးပါပဲ ။ လိုအပ်ရင် ညှိနှိုင်းတာတွေ ဆွေးနွေးတာတွေ လုပ်မယ့်ချစ်သူမျိုးမို့ ကိုယ့်ဘက်ကလည်း သူဘာပဲ ဆွေးနွေးညှိနှိုင်းလာလာ အဆင်ပြေချောမွေ့အောင် တင်ကြိုပြင်ဆင်ထားသင့်ပါတယ် ။

(၃) သင့် အလုပ်ရှင်က (၅)ခုကြွင်းဖွား ဖြစ်ခဲ့မယ် ဆိုရင် ….

အလုပ်ရှင် စိတ်မကောက်အောင် သတိထားပါ ။ အမြန်အကောင်အထည်ဖော်ပေးမှ သဘောကျမယ့် အလုပ်ရှင်မျိုး ဖြစ်တယ်ဆိုတာလည်း သိထားရပါမယ်’။ ဖြစ်နိုင်သမျှ သူဘာလုပ်လုပ် ကိုယ်လည်း ၀င်လုပ်ပေးလို့ ကူပေးလို့ရရင် ကူပေးလိုက်ပါ ။ အတူတကွ ဆိုတဲ့ စိတ်သဘာ၀ကို ပြနိုင်ရင် အလုပ်ရှင်ရဲ့ အမှတ်ပေးမှုကို သေချာပေါက်ပြန်ရပါလိမ့်မယ် ။

(၄) သင့် အလုပ်သမားက (၅)ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ….

အလုပ်စ ခန့်ခန့်ချင်းမှာ အဆီအငေါ်မတည့်တာတွေ ဖြစ်သလောက် အရှိန်ရသွားတာနဲ့ အလျှင်အမြန်အကောင်အထည်ဖော် ပေးနိုင်တဲ့ ငယ်သားကောင်း တစ်ယောက် ရလိုက်သလိုပါပဲ ။ ဖြစ်နိုင်သမျှ သူတို့ကို ရှာဖွေစူးစမ်းရမယ့် လုပ်ငန်းနေရာတွေမှာ ထည့်သုံးပါ ။

(၅) သင့် အိမ်ထောင်ဖက်က (၅)ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသားအတွက် .. (၅)ခုကြွင်းဖွား ဇနီးမယား ရရှိခဲ့မယ်ဆိုရင်….

အပြိုင်အဆိုင်စိတ်ရှိတဲ့ ဇနီးသည်ကို သူများနည်းတူ တန်းတူ ထားနိုင်အောင် ကြိုးစားပါ ။ ကိုယ်က အခွင့်အရေးတစ်ခုယူရင် သူ့ကိုလည်း အခွင့်အရေးတစ်ခု ပေးဖို့ မမေ့ပါနဲ့ ။ ကြေးနန်းထိုးရန်ကောလို့လည်း အပြစ်မမြင်လိုက်ပါနဲ့ ၊ (၅)ခုကြွင်းဇနီးမယားဆိုတာ တစ်ခြားမိန်းကလေးတွေထက် အညီအမျှဖြစ်မှ ပိုကြိုက်တတ်တာကြောင့်ပါ ။ ကိုယ့်ဆရာတို့ရေ ….မဟုတ်တာ တစ်ခုခုများ လုပ်ထားမိရင်တော့ သေချာပိပိရိရိ ဖုံးဗျား ။ အစုံအစမ်း အမေးအမြန်း တော်တဲ့ ဇနီးမျိုး ယူထားမိတယ်ဆိုတာကို သတိရပါ ။

အမျိုးသမီးအတွက် (၅)ခုကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …

တစ်ခါတစ်လေ အတ္တကြီးပြီး ထင်ရာလုပ်တတ်တဲ့ လင်ယောကျာ်းကို စိတ်မကုန်လိုက်ပါနဲ့။ ဟိုဆွ သည်ဆွ ၊ သူဆွသမျှကိုလည်း သီးခံနိုင်အောင်ကြိုးစားပါ ။ ကိုယ့်စိတ်ကို မကြာခဏ အကဲစမ်းမှာကိုလည်း သဘောပေါက်ထားသင့်ပါတယ် ။
သိပ်ပြီး ရိုးရိုးတုံးတုံး မနေပါနဲ့ ။ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်ပြီး လင်တော်မောင်ကို အငြီးပြေအောင် ထားတတ်ပါမှ ဗျာတို့ ။

တစ်ခါလာလည်း ဒါ…တစ်ခါလာလည်း ဒါ ဆိုတာမျိုးတွေကို စိတ်ကုန်တတ်တဲ့ လင်ယောကျာ်းကို ယူထားမိပြီမို့.တစ်ခါလာလည်း ဒါ မဖြစ်ရအောင် ၊ တစ်ခါတစ်လေ ဆန်းဆန်းလေးတွေ ဖန်တီးပေးပါ ။ ဥပမာ ..ခေါင်းအုံးစွပ်က အစပေါ့ ။တစ်ပတ်တစ်ခါ အရောင်ပြောင်း ပေးတာတို့ ၊ ခန်းဆီးလိုက်ကာ ပြောင်းပေးတာတို့..၊ စသည်ဖြင့် ပေါ့။

(၆) သင့်ရင်သွေးတစ်ဦးဦးက ..(၅)ခုကြွင်းဖွား တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…

ဘ၀မှာ ကျောင်းကောင်းတာတွေ ၊ သင်တန်းကောင်းတာတွေ ၊ ဒိပ်ဒိပ်ကျဲ ကျောင်းတွေ တက်ခွင့်ရနိုင်တဲ့ ရင်သွေးငယ်မျိုး မွေးထားမိတယ်ဆိုတာ သဘောပေါက်ပါ ။ ကလေးငယ်ဟာ ..စစချင်းတွေ မှာ ခက်ခဲရတတ်သောကံကြောင့် ၊ ကျောင်းစထားကါစ ၊ သို့မဟုတ် အလုပ်တစ်ခုခုကို စလုပ် ခိုင်းကာစမှာ အခက်အခဲတွေ့ရပါလိမ့်မယ် ။

မိဘတွေအနေနဲ့ ကလေးကို ကူညီဖြေရှင်းပေးနိုင်အောင် ကြိုးစားပါ ။ အခြေခံတွေမှာ ညံ့တတ်တဲ့ ကလေးတွေမို့ အဖြစ်နိုင်ဆုံး အခြေခံတွေကို ဖြေးဖြေးမှန်မှန် နဲ့ ကလေးနားလည်အောင် ဝုိင်း၀န်း ကူညီသင်ကြားပေးတတ်ပါစေ ။ နေကြတ်တာမျိုးတွေ များကြုံရင် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ဗျာ ကလေးကို ထွက်မကြည့်ပါစေနဲ့ ။

ရေးသားသူ –ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။