ကထိန်အဓိပ္ပာယ်

Astrology Religion
ကထိန်အဓိပ္ပာယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကထိန်အဓိပ္ပာယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကထိန်အဓိပ္ပာယ်

ကထိန်ဝေါဟာရသည် “ကထိန”ဟူသော ပါဠိ ကိုမြန်မာ မှု ပြုထားခြင်း ဖြစ်ပါသည် ။ “ကထိန” ဟူသည်ကား ခိုင်မြဲခြင်း မြဲမြံခြင်း ဖြစ်ပါသည် ။ အခြား တစ်ဘက်တွင်လည်း “လွန်မြောက်ခြင်း ကင်းလွတ်ခြင်း” ဟု ညွှန်းဆိုကြပါသည် ။

ကထိန်ခင်းခြင်းအဓိပ္ပါယ်

ကထိန်ခင်းခြင်းဆိုသည်မှာ လူများကခင်းခြင်း မဟုတ်ဘဲ ရဟန်းတော်များက ခင်းရခြင်းဖြစ်သည် ။ လူများက ရဟန်းတော်များ ကထိန်ခင်းနိုင်ရန် ( သံဃဿ ဒေးမ ) ဟု ကထိန်သင်္ကန်းကို လှုဒါန်းရသော အလှု ရှင်များပင်ဖြစ်ပါသည် ။ သံဃာ တော်များက ထိုကထိန် သင်္ကန်းကို သိမ်ထဲတွင် ကထ်ိန်သင်္ကန်း အလှုခံမည့် ကျောင်းတွင်ရှိသော သံဃာတော်တစ်ပါးကို အားလုံး သဘောတူညီစွာ ရွေးချည်ပြီး ထိုသံဃာတော်က မိမိ ဝါဆိုရာကျောင်းသို့ ပြန်ကြွပြီး ကထိန်သင်္ကန်းအား ခင်းရခြင်းဖြစ်သည် ။

ကထိန်ဖြစ်ပေါ်လာပုံ

ကထိန်အလှုကို ပွင့်ပေါ်တော်မူပြီးကြကုန်သော မြတ် ဗုဒ္ဓဘုရား ရှင်များလက်ထက်တို့တွင် ရှိခဲ့ပါသည် ။ ဂေါတမဘုရား ရှင် လက်ထက်တွင် ဘဒ္ဒ၀ဂ္ဂီမင်းသား သုံးကျိပ် ( ၃၀ ဦး ) တို့သည် အဖော်များဖြင့် ကပ္ပါသိက တောအတွင်း ပုထုဇဉ်တို့သဘောအတိုင်း မြူးထူးပျော်ပါး နေကြစဉ် ဂေါတမဘုရားရှင်နှင့် တွေ့ ဆုံဖူးမြှော် ခွင့်ရပြီး တရားထူးသံဝေဂ ရကြကာ မင်းသား ( ၃၀ ဦး ) လုံး ရဟန်းဘ၀သို့ ရောက်ကြလေသည် ။

ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ နေထိုင်သီတင်းသုံး သည့် ပါဝေယျ မြို့ မှ အလွန် ဝေးကွာသောနေရာမှ ဘုရားရှိရာ သာ၀တ္တိ ပြည်သို့ ဖူးမြော်ရန် ထွက်ခဲ့ရာ ခရီးဝေးကွာခြင်းကြောင့် လမ်းခရီးတွင်ပင် ဝါဆိုတော်မူရပါသည် ။ ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ ဘုရား ရှင်ထံ ရောက်ရှိပြီး လမ်းခရီးတွင် တွေ့ ကြုံရသော အခြေအနေ အခက်အခဲများကို ကြားသိရသောကြောင့် ”ရဟန်းတို့ ဝါကျွတ်ပြီးသော ရဟန်း တို့ အား ကထိန်ခင်းခြင်းငှါ ခွင့်ပြုတော်မူ၏ ” ဟု မိန့်တော်မူ ကာ ကထိန်ခင်းခြင်း ကန့် သတ်ချက်နှင့် ကထိန် ခင်း ခြင်း အကျိုးတို့ ဖြင့် ခွင့်ပြုတော်မူပါသည် ။

ကထိန်အလှုကန့်သတ်ချက်

ကထိန် အလှုတွင် ကာလကန့်သက်ချက်နှင့် ဓမ္မ ကန့် သက်ချက်တို့ ရှိပါသည် ။
ကာလကန့်သက်ချက်အနေဖြင့် – ကထိန် အလှုတော် ကို သီတင်း ကျွတ် လပြည့် ကျော်( ၁ ) ရက်နေ့မှ စတင်ကာ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလအတွင်းခင်းနိုင်ခြင်း ၊ ကထိန်သင်္ကန်းကို ယနေ့ အလှုခံပြီး ယနေ့ကံဆောင်ကာခင်းရခြင်း ( နေ့ကူးသွားလျှင် ကထိန်ခင်းခြင်း အထမမြောက်ခြင်း )တို့ဖြစ် ပါသည် ။

ဓမ္မ ကန့် သက်ချက်အနေဖြင့် ကထိန်ကို အလှူရှင်မှ သဒ္ဒါဖြင့် လှုဒါန်းသော သင်္ကန်းကိုသာ ကထိန်ခင်းထိုက်ခြင်း ၊ သာသနာ့ ၀န်ထမ်းရဟန်းသည် ဥပါတမျဉ်ဖြင့် ကထိန် သင်္ကန်းကို အလှုခံမပြုရခြင်း ၊ သင်္ကန်းမှလွဲ၍ အခြားသော ပစ္စည်းများဖြင့် ကထိန်မခင်းနိုင်ခြင်း ၊ ကထိန်ခင်းသော ရဟန်းတော်သည် ဝါဆိုဝါကပ်တော်မူ ပြီးဖြစ်ရခြင်းတို့ ဖြစ်ပါသည် ။ ကထိန် အလှူသည် ပုဂ္ဂိုလ်စွဲ ဂိုဏ်ဂဏစွဲ မထားသော သံဃဂုဏ်ကို အာရုံပြု ၍ လှုဒါန်းရသော အလှုဖြစ်ပါသည် ။

ကထိန်နှင့်ပဒေသာပင်

ကထိန်အလှူတွင် ကထိန်ခင်းရာ၌ သင်္ကန်းကို သာ ခင်းရခြင်းဖြစ်သော်လည်း ရှေးဘိုးဘွား အလှူရှင်များမှ သဒ္ဓါထက်သန်စွာဖြင့် သံဃာတော်များ အလိုရှိရာ သုံးဆောင်နိုင်စေရန် ရည်သန်လျက် အခြားသော လှုဘွယ်ပစ္စည်းများကို ကထိန်သင်္ကန်း ၏ အရုံအဖြစ် ပဒေသာပင်များတွင် သီးပွင့်၍ လှူဒါန်းကြခြင်း ဖြစ်သည် ။ ယခု အခါ ကထိန်သင်္ကန်း၏ အထိမ်းအမှတ်အဖြစ် ပဒေသာပင်ပုံများကို အသုံးပြုလာကြပါသည် ။

ကထိန်အကျိုးထူးများ

ကထိန် အကျိုးထူးကို အလှုခံရဟန်းသံဃာများနှင့် လှုဒါန်းသည့် ဒါယိကာ ဒါယိကာမတို့ နှစ်ဦးနှစ်ဘက် ရရှိ ပါသည် ။ ကထိန်အလှုခံ ရဟန်းသံဃာတော်တို့သည် သီတင်းကျွတ်လပြည့်ကျော် ( ၁ ) ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ( ၅ )လအတွင်း ကထိန်သင်္ကန်းကို အကြောင်းပြု၍ ဝိနည်းတော်များထဲမှ သိက္ခာပုဒ် အချို့ ကို ကင်းလွတ်ခွင့် ရရှိပါသည် ။

ကထိန် အလှုရှင်များ သည် သွားလေရာအရပ်တွင် ဘေးအန္တရာ်ကင်း ခြင်း ၊ မိမိပိုင် ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း ၊ စားကောင်းသောက် ဖွယ် ပေါများကာ အဆိပ်မသင့် စေခြင်း ၊ မိမိပိုင်ပစ္စည်းများ မေ့လျော့နေသော်လည်း မဆုံးပါးခြင်း ၊ ပစ္စည်းဥစ္စာများ ရှာဖွေ ရာတွင်လည်း အစု လိုက်အပြုံ လိုက် ရရှိ ခြင်း ၊ ရုပ်အဆင်း ပြေပြစ်ခြင်း စသည့် အကျိုးထူးများကို ခံစားနိုင်သည် ။

ကထိန်အလှူသည်ကား အလှုခံရဟန်း သံဃာနှင့် အလှု ရှင်တို့၏ နှစ်ဖက်နားလည် ညီညွတ်မှု ၊ သတ်မှတ်ချက် ကာလအတွင်းခင်းမှု ၊ ကထိန်ခင်းရာ ကျောင်းတွင် ( ၄ ) ပါးနှင့် အထက်ရှိသော သံဃာအရေအတွက် ပြည့်မှု ၊ အ၀တ်သင်္ကန်းဖြစ်မှု ပြည့်စုံရပါမည် ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။