အနီးဆုံး နှင့် အကြီးဆုံး အပြာရောင်လ

Astrology Local News
အနီးဆုံး နှင့် အကြီးဆုံး အပြာရောင်လ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အနီးဆုံး နှင့် အကြီးဆုံး အပြာရောင်လ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အနီးဆုံး နှင့် အကြီးဆုံး အပြာရောင်လ

၂၀၂၃ ဩဂုတ်လ ၃၁ ရက်နေ့ညမှာတော့ ဝါခေါင်လပြည့်ဖြစ်မည့် လမင်းကြီးဟာ ကမ္ဘာမှ မိုင်ပေါင်း ၂၂၁၈၃၀ အကွာသို့ ရောက်ရှိလာပြီး သူ့ရဲ့ပတ်လမ်းမှာ ယခုနှစ်အတွက် အနီးဆုံး အမှတ်သို့ ရောက်ရှိမှာဖြစ်ပါတယ်။

လ နဲ့ ကမ္ဘာဟာ ပျမ်းမျှအားဖြင့် မိုင်ပေါင်း ၂၃၆၀၀၀ ကွာဝေးပါတယ်။ ကမ္ဘာနဲ့ ပတ်လမ်းပိုနီးလာမည့် လမင်းကြီးကို သာမန်အရွယ်အစားထက် ပိုမိုကြီးမားစွာ မြင်တွေ့ရမှာဖြစ်ပြီး ၄င်းကို စူပါမွန်း လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ ထူးခြားတိုက်ဆိုင်စွာပင် စနေဂြိုဟ် (ခ) စေတန် ဟာလည်း လပြည့်လရဲ့ အနီးနားမှာ လင်းလက်တောက်ပလို့ နေမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာနဲ့ လ ဟာ ကိုယ်ပိုင်အလင်းရောင်များ မရှိကြတဲ့အတွက် နေရဲ့ အလင်းရောင်ကို ရရှိမှသာ (တနည်း) အလင်းပြန်မှသာ ကျနော်တို့ မျက်စိဖြင့် မြင်တွေ့ရနိုင်တာဖြစ်ပါတယ်။ လ ဟာ ကမ္ဘာကို ၂၇ ရက် လျှင် တစ်ပတ်နှုန်းဖြင့် လှည့်ပတ်နေပြီး သူတစ်ပတ်ပြည့်ပြီးချိန်မှာ ကမ္ဘာဟာလည်း နေကို ပတ်နေတဲ့ လမ်းကြောင်းမှာ ၂၇ ရက်စာ ရှေ့တိုးသွားခဲ့ပါတယ်။

အဲ့ဒါကြောင့် ပထမလပြည့် ပြည့်ခဲ့တဲ့ နေရာမှ နောက်တစ်ခေါက် လပြည့် ပြည့်မည့်နေရာအထိ ရောက်ရှိအောင် လဟာ နောက်ထပ် ၂ ရက် ခွဲလောက် ထပ်လိုက်ရပါတယ်။ ဆိုလိုတာကတော့ လပြည့်တစ်ခုကနေ နောက်ထပ်လပြည့်တစ်ခုကို ရောက်ဖို့ ၂၉.၅ ရက် ကြာမြင့်ပါတယ်။ တကယ်လို့ လပြည့်ရက် ၂ ခုဟာ လတစ်လတည်းမှာ ကျရောက်ခဲ့မယ်ဆိုလျှင်တော့ ဒုတိယမြောက်လကို အပြာရောင်လ လို့ တင်စားခေါ်ဆိုကြပါတယ်။ ဝါခေါင်လပြည့်နေ့ဟာလည်း ဩဂုတ်လအတွက် ဒုတိယမြောက်လပြည့်ဖြစ်လို့ သူ့ကို အပြာရောင်လ လို့ တင်စားလိုက်ကြပါတယ်။

ဝါခေါင်လကို ရှေးပုဂံခေတ် ကျောက်စာများမှာ “နံကာ” လို့ ရေးဖွဲ့ကြပါတယ်။ “နံ” ဆိုတာဟာ အချိန်ကာလကို ရည်ညွှန်းပြီး “ကာ” ဆိုတာကတော့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မိုးရာသီကာလဖြစ်တာကြောင့် လယ်ယာလုပ်ငန်းများကို လုပ်ဆောင်သောအချိန်လို့ မှတ်ယူနိုင်ပါတယ်။ “နံကာ” ဟာ “နက္ခမနိယ” ဆိုတဲ့ ပါဠိဝေါဟာရမှ ဆင်သက်လာတယ်လို့လည်း မှတ်သားရပါတယ်။ အဓိပ္ပါယ်ကား နေသည် အတွင်းခရီးမှ အပြင်ခရီးသို့ သွားခြင်းလို့ ဆိုပါတယ်။

နေဟာ များမကြာမီမှာ အတွင်းပတ်လမ်းကြောင်းမှ အပြင်ပတ်လမ်းသို့ ရောက်ရှိတော့မည်ကို ရှေးမြန်မာ နက္ခတ်ပညာရှင်တို့ ​ကောင်းစွာသတိပြုမိခဲ့ဟန် ရှိပါတယ်။ အင်္ဂလိပ်လိုကတော့ အန်နီလန်းမား (Analemma) (ပုံ) လို့ ခေါ်ဆိုကြပြီး နေလမ်းကြောင်းပြောင်းခြင်းနှင့်အတူ ကမ္ဘာ့ရာသီဥတုဟာလည်း မကြာခင်မှာ ပြောင်းလဲလာတော့မှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စက်တင်ဘာလကုန်ပိုင်းမှာ မိုးရာသီ ကုန်ဆုံးပါတော့မယ်။ နေ့တာ (နေ့အချိန်) နှင့် ညတာ (ညအချိန်) တို့ ပြန်လည်တူညီလာပါမယ်။

စနေဂြိုဟ်​(စေတန်) ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က နေရဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်သို့ ရောက်ရှိထားပါတယ်။ လပြည့်ခြင်းဟာလည်း နေရဲ့ ဆန့်ကျင်ဘက်အရပ်မှာပဲ ဖြစ်တာကြောင့်မို့ လ နဲ့ စနေဂြိုဟ်တို့ဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာပေါင်းဆုံတွေ့ကြမှာ ဖြစ်ပါတယ်။ အဆိုပါအတွဲကို ညနေ နေဝင်ပြီးချိန် (၆နာရီခန့်) မှ နံနက်ခင်း နေမထွက်ခင် အချိန်ထိ အရှေ့မှ အနောက်သို့ ဖြတ်သန်းသွားခြင်းကို သာမန်မျက်စိဖြင့် မြင်တွေ့ကြရမှာပဲ ဖြစ်ပါတော့တယ်။

ရေးသားသူ –အာကာသနှင့် စကြဝဠာ သင်ထောက်ကူ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။