မျက်ခုံးမွှေးဆွဲတံစျေးကနေ လှစ်ပြတဲ့ တရုတ်လူငယ်တွေအကျပ်အတည်း

International News
မျက်ခုံးမွှေးဆွဲတံစျေးကနေ လှစ်ပြတဲ့ တရုတ်လူငယ်တွေအကျပ်အတည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျက်ခုံးမွှေးဆွဲတံစျေးကနေ လှစ်ပြတဲ့ တရုတ်လူငယ်တွေအကျပ်အတည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျက်ခုံးမွှေးဆွဲတံစျေးကနေ လှစ်ပြတဲ့ တရုတ်လူငယ်တွေအကျပ်အတည်း

မိနစ်ပိုင်းအတွင်း နှုတ်ခမ်းနီအတောင့်ရေ သောင်းချီကို ရောင်းချနိုင်ခဲ့လို့ ”နှုတ်ခမ်းနီဘုရင်” လို့နာမည်ကြီးသူ

တရုတ်မှာ အလှပြင်အသုံးအဆောင်စျေးကြီးတယ်လို့ပြောတဲ့ ဖော်လိုဝါတွေကို ပြန်ပြီးတုံ့ပြန်တဲ့ လူမှုကွန်ရက်ပေါ်နာမည်ကြီး အမျိုးသားတစ်ယောက် ဝေဖန်မှုတွေ ခံနေရပါတယ်။

၇၉ ယွမ်တန် မျက်ခုံးမွှေးဆွဲတံ မဝယ်နိုင်ကြသူတွေဟာ အလုပ်ကို ကြိုးစားပမ်းစားမလုပ်လို့ဆိုတဲ့ခွန်းတုံ့ပြန်တဲ့စကားကြောင့် အွန်လိုင်းပေါ် တိုက်ရိုက်စျေးရောင်းတာနဲ့နာမည်ကြီးတဲ့ လီကျားချီရဲ့စကားဟာ ကိုဗစ်အလွန် အလုပ်ရှာဖို့ ခက်ခဲနေကြတဲ့ တရုတ်လူငယ်တွေရဲ့ဒေါသ စက်ကွင်းထဲရောက်ခဲ့တာပါ။

‘‘လူတွေ နာကြတာက ၇၉ ယွမ်ဆိုတဲ့စျေးမဟုတ်ဘူး။ ကျွန်မတို့အပေါ် ရှင်မြင်နေတဲ့အမြင်နဲ့ သဘောထားထား’’လို့ တရုတ်လူမှုကွန်ရက် ဝေဘိုသုံးသူတစ်ဦးက မှတ်ချက်ပေးပါတယ်။ အဲဒီမှတ်ချက်ကို ကြိုက်နှစ်သက်တယ်လို့ နှိပ်ထားတဲ့သူက ထောင်နဲ့ချီရှိပါတယ်။

‘‘လက်ရှိ စီးပွားရေးအခင်းအကျင်းကို ရှင်မသိဘူး။ လူအများစုက ကိုယ့်အလုပ်လေးမြဲပါစေဆိုပြီး အလုပ်ကို နင်းကန်လုပ်နေကြရတယ်’’ လို့ဆိုတဲ့စာလည်း အဲဒီမှတ်ချက်စကားမှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၆ လတာကာလဟာ တရုတ်စီးပွားရေးအတွက် သတင်းဆိုးတွေချည်းပဲ ဆက်တိုက်ဆောင်ကြဥ်း လာတဲ့ကာလဖြစ်ပါတယ်။ လူငယ်အလုပ်လက်မဲ့နှုန်းဟာ စံချိန်တင်မြင့်တက်နေပါတယ်။

ဇူလိုင်လမှာဆိုရင် အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၅ ယောက်မှာ ၂ ယောက်လောက်က အလုပ်လက်မဲ့ဖြစ်နေကြတာပါ။

သြဂုတ်လမှာတော့ တရုတ်အရာရှိတွေဟာ အလုပ်လက်မဲ့အချက်အလက်တွေကို ထုတ်ပြန်တာ ခဏဆိုင်းငံ့ထားမယ်ဆိုပြီး ပြောထားပါတယ်။

တရုတ်စီးပွားရေးရဲ့ သုံးပုံ တစ်ပုံအထိ နေရာယူထားတဲ့ အိမ်ခြံမြေကဏ္ဍမှာဆိုရင်လည်း ပေါက်ကွဲလုနီး လေပူပေါင်းပမာ အကျပ်အတည်းဖြစ်နေပါတယ်။

စီးပွားရေးပညာရှင်တွေကတော့ တရုတ်စီးပွားရေးတိုးတက်မှု အကျဘက်ကိုရောက်နေပြီလို့ ခန့်မှန်းနေသလို အများစုကဆိုရင် တရုတ်အစိုးရမျှော်မှန်းထားတဲ့စီးပွားရေးတိုးတက်နှုန်း ၅ ရာခိုင်နှုန်း အောက်ကို ရောက်မယ်လို့ ဆိုပါတယ်။

စျေးရောင်းပလက်ဖောင်း တောင်ဘောင်မှာ အွန်လိုင်းစျေးရောင်းချတာတွေကို စတင်ပြီး ၂၀၁၇ ခုနှစ်မှာ နာမည်ကြီးလာတဲ့ လီဟာ တရုတ်မှာ အောင်မြင်တဲ့စျေးရောင်းသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

အိမ်အသုံးအဆောင်ပစ္စည်းအစ အလှကုန်နဲ့ အစားအသောက်အဆုံး ကုန်မျိုးစုံကို ရောင်းချတာဖြစ်ပြီး ညတိုင်းမှာ သူစျေးရောင်းရနှုန်းဟာ ဒေါ်လာသန်းချီတဲ့ အထိရှိတယ်လို့ ယူဆခံထားရသူပါ။

နှုတ်ခမ်းနီတောင့် တစ်သိန်းခွဲကို ၅ မိနစ်အတွင်း ကုန်အောင်ရောင်းနိုင်လို့ ‘’နှုတ်ခမ်းနီဘုရင်’’လို့တောင် နာမည်ကြီးတဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ လီဟာ လူမှုကွန်ရက်ပလက်ဖောင်းစုံမှာ ဖော်လိုဝါ သန်း ၁၅၀ အထိ ရထားပေမဲ့ သူ့ရဲ့အငြင်းပွားဖွယ်မှတ်ချက်စကားကြောင့် ဒီအရေအတွက်ဟာ အခုတော့ တဖြည်းဖြည်း ကျဆင်းလို့လာပါတယ်။

သန်းနဲ့ချီတဲ့တရုတ်လူငယ်တွေ အလုပ်အကိုင်ရှားလို့ အနာဂတ်ဝေဝါးနေရချိန်မှာ လီရဲ့ အခုမှတ်ချက် စကားတွေကို ကြည့်ရင် နာမည်ကြီးနေတဲ့သူ့အတွက် လူငယ်တွေရဲ့ရုန်းကန်မှုကို ယှဥ်ပြောရာရောက် နေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဒါပေမဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်ထုရဲ့ ဦးတည်ချက်မဲ့ဒေါသက ပွင့်အန်လာပါတယ်။

တွိ တစ်ခုမှာဆိုရင် ‘‘လီကျားချီကို တုံ့ပြန်နေကြတဲ့မှတ်ချက်စကားတွေကို ကြည့်ရင် တရုတ်ဟာ ပြိုလဲ နေပြီလို့ မြင်နေရတယ်’’ ဆိုပြီး လူတစ်ယောက်ရေးပါတယ်။

အငြင်းပွားကြတဲ့အခြေအနေကတော့ တနင်္ဂနွေနေ့တုန်းက လီက တရုတ်အလှကုန်တံဆိပ် ဖလော်ရာစစ် Florasis ကနေထုတ်တဲ့ မျက်ခုံးမွှေးဆွဲတံကို အွန်လိုင်းမှာ တိုက်ရိုက်ရောင်းချရာကနေ စတင်ပါတယ်။

မျက်ခုံးမွှေးဆွဲတံ စျေးကြီးတယ်လို့ပြောတဲ့ ကြည့်သူတစ်ယောက်ရဲ့စကားကို လီက ‘‘ဒါက ဘယ်လိုစျေးကြီးမှာတုန်း။ ဒီစျေးနဲ့ရောင်းနေတာ နှစ်ချီနေပြီ။ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့’’ လို့ သူက ပြောပြီး ပြည်တွင်းကုမ္ပဏီတွေဟာ အလုပ်ဖြစ်အောင် ရုန်းကန်နေရတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

အဲဒီကြည့်ရှုသူကိုပဲ တည်ပြီး သူက ‘‘တစ်ခါတလေ ကိုယ့်ဟာကိုယ်လည်း ပြန်ကြည့်တတ်ရတယ်။ နှစ်တွေအများကြီး အလုပ်လုပ်ထားတာတောင် ဘာလို့ လစာတိုးမရလဲဆိုတာပေါ့။ တကယ်ရော အလုပ်ကြိုးစားခဲ့ပြီးပြီလား’’ လို့ သူက မေးခွန်းထုတ်ပြောဆိုပါတယ်။

‘‘ဒီစျေးနဲ့ရောင်းနေတာ ကြာလှပေါ့။ ကျွန်တော် အတော် ဒေါသထွက်မိတယ်’’ လို့ သူက ဒေါသထွက်ပြီး အပြောကို ရပ်ပါတယ်။ ဒီအခြေအနေကိုပဲ သူနဲ့အတူ ပူးတွဲရောင်းနေသူလည်း တအံ့တသြဖြစ်သွားတဲ့ ရုပ်သံကိုလည်း လူတွေ အတော်လေးမျှဝေခဲ့ကြပါတယ်။

တိုက်ရိုက်ရောင်းချမှုအပြီး မကြာခင်မှာပဲ အွန်လိုင်းမှာ ဒီအပေါ် ဝေဖန်မှုတွေ စထွက်လာပါတယ်။

လီရဲ့ သန်းနဲ့ချီတဲ့ဖော်လိုဝါတွေထဲမှာ အများစုဟာ တရုတ်လူငယ်အမျိုးသမီးတွေဖြစ်ပြီး ဒီအမျိုးသမီးငယ်တွေပဲ နိုင်ငံ့စီးပွားရေးကျဆင်းမှုဒဏ်ကို ခံနေရတာဖြစ်ပါတယ်။

နေ့စဥ် ဘယ်လိုရုန်းကန်နေကြရတယ်ဆိုတာ၊ နောက် အလုပ်မှာ အားထုတ်တားတာနဲ့ မတန်တဲ့လစာကိုပဲ ရနေကြတဲ့အကြောင်းကို လူမှုကွန်ရက်သုံးစွဲသူအများစုက တက်ရေးကြပါတယ်။

‘‘အလုပ်မကြိုးစားလို့ လစာမတိုးဘူးဆိုတာ ဘာမှမဆိုင်ဘူး။ ကျွန်မဆို လစာမတိုးတာ ၃ နှစ်ရှိပြီ။‌ စျေးတွေကလည်း တက်လိုက်တာမှ … ဒီကာလတွေဆို နေ့စဥ်လိုတာတွေပဲ ဝယ်တယ်။ အကြီးအကျယ် စျေးလျှော့ရောင်းတာတောင် ဝင်မဝယ်တော့ဘူး’’ လို့ နောက်ထပ် ဝေဘိုလူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးပါတယ်။

ဝေဖန်ကြတဲ့အထဲ တရုတ်နိုင်ငံပိုင် မီဒီယာတွေလည်း ပါလာပါတယ်။ CCTV ဆိုရင် လီကို ရည်ညွှန်းပြီး ‘‘အင်တာနက်မှာ နာမည်ကြီးတဲ့သူတွေနဲ့ သတင်းဖတ်သူတွေဟာ ငွေမရတုန်းကတော့ ရိုးပုံရိုးလက် ရှိကြတယ်။ နောက်ငွေတွေလည်း ရှာလာနိုင်ရော ငွေနောက်လိုက်ကုန်ကြတယ်’’ လို့ အာဘော်မှာ ရေးပါတယ်။

သန်းနဲ့ချီတဲ့ လီရဲ့ ပရိသတ်အများစုဟာ အမျိုးသမီးငယ်တွေ ဖြစ်ကြပါတယ်

လီနဲ့ပတ်သက်ပြီး အငြင်းပွားစရာဖြစ်တာ အခုတစ်ကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း တီရန်နန်မန်ရင်ပြင် ဖြိုခွင်းမှု နှစ်ပတ်လည်မတိုင်ခင် နာရီပိုင်းမှာပဲ သူ့ရဲ့ရှိုးမှာ တင့်ကားပုံစံ ရေခဲမုန့်ကိတ်တစ်လုံးကို ပြခဲ့ပါသေးတယ်။

ဆယ်စုနှစ်တွေကြာပြီဖြစ်ပေမဲ့ တီရန်နန်မန်ရင်ပြင်ဆန္ဒပြမှုနဲ့ ပတ်သက်တဲ့ ရည်ညွှန်းပြောဆိုချက်တွေအားလုံး ကို တရုတ်မှာ ဆင်ဆာဖြတ်တောက်မှုတွေ လုပ်ပါတယ်။

တင့်ကားပုံစံကိတ်မုန်နဲ့အတူ လိုက်လွှင့်ခဲ့တဲ့ လီရဲ့ အွန်လိုင်းစျေးရောင်းမှု ဖျက်ချခံရသလို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အွန်လိုင်းပေါ် ပြန်မတက်လာခင်အထိ ၃ လကြာ သူ မြင်ကွင်းကနေ ပျောက်သွားခဲ့ ပါတယ်။

အခုတစ်ပတ်အတွင်း ဝေဖန်မှုတွေ ညံခဲ့အပြီးမှာတော့ သူ့စကားတွေဟာ ‘’မသင့်တော်တဲ့မှတ်ချက်တွေလို့ ဆိုပြီး တနင်္လာနေ့မနက်ပိုင်းမှာ သူ တောင်းပန်စာရေးပါတယ်။

‘‘အားလုံးအလုပ်လုပ်ရတာ ပင်ပန်းမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသဘောပေါက်ပါတယ်။ … ဒီအတွက် ပြောခဲ့မိတာကိုလည်း တကယ်စိတ်မကောင်းဖြစ်ရပါတယ်’’ လို့ သူက ဆိုပါတယ်။

အဲဒီဖြစ်ရပ်ကိုပဲ တိုက်ရိုက်ထုတ်လွှင့်ပြီး ပြန်ဖြေရှင်းရာမှာတော့ အင်တာနက်ပေါ်မှာ လူတိုင်းကို ‘’ ဘာဖြစ်တယ်ဆိုတဲ့ပြောပိုင်ခွင့် ကျွန်တော့်ဆီမှာ မရှိပါဘူး’’ လို့ သူကပြောပါတယ်။

ဒါပေမဲ့လည်း ဝေဖန်မှုတွေက ရပ်မသွားသေးပါဘူး။ လီရဲ့မှတ်ချက်တွေဟာ အင်္ဂါနေ့အထိ အွန်လိုင်းမှာ ရှိနေတုန်းဖြစ်ပြီး အများစုကတော့ သူ စျေးရောင်းတာတွေကို မဝယ်ကြဖို့အထိ တောင်းဆိုနေကြပါတယ်။

ဘိုင်ကျီဝမ်ဆိုတဲ့နာမည်နဲ့ ဝေဘိုသုံးစွဲသူတစ်ဦးကတော့ ‘‘လီတစ်ယောက် ငါတို့ အခြေအနေကို စာနာလာလိမ့်မယ်လို့တော့ မမျှော်လင့်ထားပါနဲ့’’ လို့ရေးတင်ခဲ့ပါတယ်။

‘‘ကျွန်မတို့အားလုံးဟာ သူ့လိုပဲ အလုပ်တွေကြိုးစားကြပါတယ်။ သူ့လိုအောင်မြင်မှုမျိုးရဖို့ ကံမကောင်းတာပဲရှိပါတယ်။ ဘယ်သူကမှ ငမွဲဖြစ်ဖို့ မရွေးချယ်ကြပါဘူး’’ လို့ နောက်ထပ် တစ်ဦးကလည်း ဝီဘိုမှာ မှတ်ချက်ပေးရေးပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။