မြန်မာ့ရိုးရာ ခမည်းပေးခြင်း

Astrology
မြန်မာ့ရိုးရာ ခမည်းပေးခြင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့ရိုးရာ ခမည်းပေးခြင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ခမည်းပေးခြင်း

( ကလေးရှိသောမိဘများ ဖတ်ရှူသင့်ပါတယ်။ ဗဟုသုတစာမို့လို့ ဖတ်သူနည်းနိုင်ပေမယ့် ဖတ်ကြပါလို့ အကြံပြုချင်ပါတယ်)

ခမည်းဆိုတာ ဘာလဲ ယနေ့အချိန်မှာလည်း ထိုစကားလုံးကို တော်တော်များများ ရင်းနှီးနေကြပေမယ့် အတိအကျသိရှိသူကတော့ နည်းပါးလှပါသည်။ ခမည်းဆိုသော ဝေါဟာရ၏ မူလအဓိပ္ပာယ်မှာ ချစ်ခင်မြတ်နိုးအပ်သူ ဖြစ်သည်။ ပုဂံကျော်စာများနှင့် အင်းဝခေတ်မှ စ၍ ပျို့၊ ကဗျာ၊ လင်္ကာများတွင် ဖခင်ကိုသော်လည်းကောင်း၊ သားကိုသော် လည်းကောင်း “ခမည်း” ဟူသော ဝေါဟာရဖြင့် သုံးစွဲခဲ့ကြကြောင်းကို တွေ့ရသည်။

ယခုခေတ်တိုင် မင်းမျိုးမင်းနွယ်နှင့် ရဟန်းသံဃာများတွင် ဖခင်ကို “ခမည်းတော်” ဟု ခေါ်ဝေါ်သုံးစွဲချက်ရှိသေးသည်။ ထို”ခမည်း” အဓိပ္ပာယ်နှင့် ဆက်သွယ်၍ နောက်နောင်အခါတွင် ပုဂ္ဂိုလ်တစ်ဦးက မိမိ ချစ်ခင်မြတ်နိုင်းသည့် ပုဂ္ဂိုလ်အထူးသဖြင့် သွေးသားတော်စပ်သော ငယ်ရွယ်သူများအား ပေးကမ်းချီးမြှင့်သည့် မေတ္တာလက်ဆောင် ပေးခြင်းမျိုးကို ခမည်းပေးသည်ဟု ခေါ်တွင်လာခဲ့သည်။

မိဘတို့သည် သားသမီးတို့ကို ပုခတ်တင်သောအခါ၌လည်းကောင်း၊ ခေါင်းဆေးမင်္ဂလာ ပြုသောအခါတွင်လည်းကောင်း၊ နားထွင်းသောအခါတွင်လည်းကောင်း၊ ချစ်မြတ်နိုး၍ မေတ္တာလက်ဆောင် ပေးသည်ကို ခမည်းပေးသည်၊ ခမည်းဖွဲ့သည် ဟု ပြောဆို သုံးနှုန်းကြလေသည်။

အမွေမှု ဓမ္မသတ်ကျမ်းတွင် “ပုတ္တာနံ၊ သားသမီးတို့အား၊ ပရိယာယေနဒေသိ၊ ပရိယာယ် ခမည်းပေး၏” ဟု ရေးသား ပါရှိသည်။ ခမည်းကို စကားပြောသံအတိုင်း လိုက်၍ ခမဲဟု လည်း ရေးသားကြသည်။ ခမည်းပေးခြင်းအမှုကို ရှေးအခါက မင်္ဂလာအခါ ကိစ္စများနှင့် နာဖျားမကျန်းသည့်အခါ ယတြာပရိယာယ်အဖြစ် ပြုလုပ်ဆောင်ရွက်ခဲ့ကြသော်လည်း ယခုခေတ်၌ မူ ခမည်း ပေးသည်ဟု ဆိုလျှင် မမာကျန်းသဖြင့် ခမည်းလို၍ ခမည်းပေးသည်ဟု နားလည်ကြသည်။

ဗေဒင်ယတြာများကို ယုံကြည်သူတို့သည် မိမိတို့ သားမြေးများ မမာကျန်းဖြစ်လျှင် ဗေဒင်မေးမြန်းလေ့ရှိသည်။ အချို့ပုဂ္ဂိုလ်များသည် စုတ်လာဘ်ကြီးမားလှသဖြင့် ဝင်ကိန်းရှိသော စုတ်လာဘ်များ မဝင်သောကြောင့် မကျန်းမမာ ဖြစ်နေသည်ဟု ဗေဒင်ကိန်းခန်းအရ ဗေဒင်ဆရာက ဟောကိန်းထုတ်သည်။

ထိုအခါမျိုးတွင် ဗေဒင်ဟောကိန်းအညွန်းအတိုင်း မမာမကျန်းသူအား လူကြီး မိဖများကဝင်မည့် စုတ်လာဘ်များကို ရည်စူး၍ ခမည်းပေးရလေသည်။ ဥပမာအားဖြင့် ဤသူငယ်ကား မြေကို ခမည်းပေးလိုသည်။ ဤသူငယ်ကား ကျောက်မျက်ရတနာကို ခမည်းလိုသည် အစသဖြင့် ဟောပါက ထိုဟောပြောချက်အတိုင်း ခမည်းပေးလေ့ရှိကြသည်။

ဆင်ကို ခမည်းလိုသည်ဟု ဟောကိန်းရှိပါမူ ဆင်ကို မဝယ်ပေးနိုင်သော မိဖဖိုးဖွားများအဖို့ များစွာအခက် ကြုံရပေမည်။ သို့ရာတွင် ဤနေရာမျိုး၌ ပရိယာယ်အားဖြင့် ခမည်းပေးနိုင်လေသည်။ သက်ရှိဆင် ခမည်းအဖြစ် မပေးနိုင်သော် ရွှေငွေ စသော ပစ္စည်းမျိုးတို့ဖြင့် ပြုလုပ်ထားသော ဆင်ရုပ်ကို ပေးနိုင်သည်။

ခြေနှစ်ချောင်း စုတ်ဝင်ရန်ရှိသည်ဆိုသော ဗေဒင်စကားမှာ လက်ထပ်ထိမ်းမြားရန် လိုသည်ဟု ဆိုလိုပေသည်။ အခြေအနေအရ မမာကျန်းသူသည် လက်မထပ်နိုင်သေးလျှင် ကြက်ဖကိုလည်းကောင်း၊ ကြက်မကိုလည်းကောင်း၊ ပုဂ္ဂိုလ်နှင့် လိုက်လျောညီစွာ ပရိယာယ် ခမည်းပေးခြင်းဖြင့် ဗေဒင်အလိုအတိုင်း ပြီးမြောက်နိုင်စေသည်။

ကလေးသူငယ်များတွင် စွဲကပ်တတ်သော နားပြည်ယိုခြင်း၊ နားလေးခြင်း စသောအခါမျိုးများတွင်လည်း လူကြီးမိဖများက ခမည်းပေးလေ့ရှိလေသည်။ ဤသို့ ခမည်းပေးသည့် အကြောင်းမျိုးကို ရည်ရွယ်၍ အဓရာသီမ္မသတ်လင်္ကာတွင် “လူတံထွာလျင် ဖျားနာရန်ဘေး၊ ခမဲပေးနှင့်” စသည်ဖြင့် စပ်ဆိုထားလေသည်။ ပေးကား၏ မရဟူသော သဘောမျိုးကို ပြောဆိုလိုသည့်အခါတွင် “တောဆင်အဝေး ခမည်းပေးသို့” ဟု ဥပမာ ခိုင်းနှိုးတင်စား ပြောဆိုလေ့ ရှိကြလေသည်။

ကလေးသူငယ်များအတွက် ကျမ်းဂန်အသီးသီးမှာ ဖော်ပြထားသော ခမည်းပေးပုံပေးနည်းကို ဖော်ပြပေးပါမည်။ ကလေး၏ မြန်မာမွေးသက္ကရာဇ်ကိုတည်ပါ။ မွေးနံဂြိုလ်သက်နှင့် ပေါင်းပါ။ (၇)နှင့်စားပါ။ ရရှိသော အကြွင်းအလိုက် ကလေးအား ခခမည်းပေးခြင်းပင် ဖြစ်လေ၏။ ထိုနေရာ၌ မွေးနံဂြိုဟ်သက်ကိုမူ ပုံသေအတိုင်းမှတ်ထားအပ်လေ၏။

တနင်္ဂနွေ-(၆) ၊ တနင်္လာ-(၁၅) ၊ အင်္ဂါ-(၈) ၊ ဗုဒ္ဓဟူး-(၁၇) ၊ ရာဟု-(၁၂) ၊ ကြာသပတေး-(၁၉) ၊ သောကြာ-(၂၁) ၊ စနေ-(၁၀) ။
ဥပမာအားဖြင့် ၁၃၅၇ ခုနှစ် မွေးဖွားသော သောကြာသားသမီး ကလေးတစ်ဦးကို နမူနာ တွက်ကြည်ကြပါစို့မွေးသက္ကရာဇ် ၁၃၅၇ + သောကြာနေ့မွေးနံဂြိုဟ်သက် ၂၁ ၊ ပေါင်းလိုက်ပါက ၁၃၇၈ ရပါတယ်။ ရရှိထားသော ၁၃၇၈-ကို (၇)နှင့်စား၍ ရရှိလာသော အကြွင်းအတိုင်း ကလေးကို ခမည်းပေးရပါမည်။

အကြွင်း (၁) ရပါက – ဖခင်ဖြစ်သူက ကလေးအား အနီရောင်အဝတ်အစား ဝတ်စားဆင်ယင်ပေးရမည်။
အကြွင်း (၂) ရပါက – ဖခင်ဖြစ်သူက ကလေးအား အစိမ်းရောင် အဝတ်အစား ခမည်းပေးရမည်။
အကြွင်း (၃) ရပါက – အကိုဖြစ်သူမှ အနီရောင်အဝတ်အစားအား ခမည်းပေးရမည်။
အကြွင်း (၄) ရပါက – ကိုးကွယ်သော ရဟန်းသံဃာတစ်ပါးမှ အဖြူရောင် အဝတ်အစားကို ခမဲပေးရမည်။
အကြွင်း (၅) ရပါက – ဘထွေးတော်စပ်သူမှ ရွှေဝါရောင်အဝတ်အစားကို ခမည်းအဖြစ်ပေးရမည်။
အကြွင်း (၆) ရပါက – ဦးလေးဖြစ်သူမှ အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ပေးရမည်။
အကြွင်း (၀) ရပါက – အဘိုးအဘွား တော်စပ်သူမှ အနက်ရောင် အဝတ်အစားကို ခမည်းအဖြစ်ပေးရမည်။

ထို့နောက် ခမည်းပေးရာ၌ အချိန်ကာလ နှင့် ထိုနေ့တွင် လှူဒါန်းရမည့် အလှူဒါနကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားသေး၏။

တနင်္ဂနွေနေ့ – ( နံနက် ၉းဝဝ မှ ၁ဝး၃၀) ကြံရည်
တနင်္လာနေ့ – (နံနက် ၉းဝဝ မှ ၁ဝး၃၀) ဆိတ်သားဟင်း
အင်္ဂါနေ့ – (နေ့ ၁၂းဝဝ မှ ၁း၃၀) ရွှေသင်္ကန်း
ဗုဒ္ဓဟူးနေ့ – (နံနက် ၉းဝဝ မှ ၁ဝး၃၀ ) ပေါင်မုန့်
ရာဟုနေ့ – (နေ့ ၁၂းဝဝ မှ ၁း၃၀ ) ရွှေထီး
ကြာသပတေးနေ့ – (နံနက် ၉းဝဝ မှ ၁ဝး၃၀) သစ်သီး
သောကြာနေ့ – (ညနေ ၃းဝဝ မှ ၄း၃၀) ရွှေသင်္ကန်း
စနေနေ့ (နံနက် ၉းဝဝ မှ ၁ဝး၃ဝ) ပဋ္ဌာန်းရေအိုး

ကလေးနေ့သားအလိုက် သက်ဆိုင်ရာ အလှူဒါနများကိုလည်း ကလေး၏အမည်ဖြင့် လှူရမည်။ ဘုရားစေတီကျောင်းကန်များတွင် လှူဒါန်းနိုင်ပါသည်။ ထိုကဲ့သို့ ကလေးအား ခမည်းပေးခြင်းဖြင့် မိမိတို့၏ သားသမီး ရင်သွေးရတနာ ဖြစ်သူသည် အန္တရာယ်ကင်းစေခြင်း၊ ကျန်းမာရေး ကောင်းစေခြင်း ၊ စိတ်ရွှင်လန်းစေခြင်း ဖြစ်စေပါသည်။

ရေးသားသူ –လင်းညှို့တာရာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။