ပဲခူးရေကြီးမှု – လူ ၁၃,၀၀၀ကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေရ

Local News
ပဲခူးရေကြီးမှု – လူ ၁၃,၀၀၀ကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပဲခူးရေကြီးမှု – လူ ၁၃,၀၀၀ကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပဲခူးရေကြီးမှု – လူ ၁၃,၀၀၀ကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေရ

ကယ်ဆယ်ရေးလှေ မပြည့်စုံတာကြောင့် အခက်တွေ့နေတယ်လို့ မြေပြင်မှာ ကူညီနေကြသူတွေက ဘီဘီစီကိုပြောပါတယ်ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက် ညပိုင်းနဲ့ ‌ ၉ ရက်နေ့ မနက်ပိုင်း ရုတ်တရက်ရေကြီးလာတာကြောင့် စံချိန်တင်ရေကြီးမှုဖြစ်နေပြီး ညနေ ၄ နာရီ အထိသတင်းတွေအရ ‌ရေလုံးဝ မကျဘဲ တန့်နေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

လက်ရှိမှာ ရေမကျတာကြောင့် ပိတ်မိနေတဲ့ အိမ်ရာနဲ့ချီရှိနေသလို‌ ‌ရေစီးသန်လို့ ကယ်ဆယ်ရေးသမားတွေလည်း ‌ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ရတာ အခက်တွေ့နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရေမြင့်တက်တဲ့နေရာတွေမှာ နှစ်ထပ်အိမ် အောက်ထပ်တစ်ခုလုံးနစ်မြုပ်တဲ့အထိ ဖြစ်နေပြီး လူတစ်ရပ်အထိ မြင့်တက်နေတာကို ဓာတ်ပုံတွေထဲမှာတွေ့ရသလို ဘီဘီစီကမေးမြန်းခွင့်ရတဲ့ပိတ်မိနေသူတွေကလည်းပြောပါတယ်။

အခုနှစ်ရဲ့ ထူးခြားချက်ကတော့ ပဲခူးမြို့မှာ ပုံမှန်ရေကြီးလေ့မရှိတဲ့ မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစုနဲ့ သွန်းဘုရားဝန်းရပ်ကွက်တွေအထိ ရေကြီးမြင့်တက်မှုဖြစ်နေပြီး အဲဒီရပ်ကွက်တွေအားလုံး နှစ်ထပ်အမြင့်နဲ့ အထက် အိမ်တွေကလွဲလို့ တစ်ထပ်အိမ်အားလုံး ရေနစ်မြုပ်လုဖြစ်နေတာလို့ မျက်မြင်ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။

‘‘လှေတစ်စီးလောက် အမြန်အကူအညီလိုလို့ပါ။ ဥသာသီရိ (၂) လမ်းထဲမှာ လူတွေကယ်ထုတ်နေတာလှေမလောက်လို့ပါ။ ရေထဲဖြတ်သွားဖို့ အဆင်မပြေတော့တဲ့လူတွေရှိနေလို့ လှေနဲ့ထုတ်လာပေး မှရမှာမို့ပါ၊ ကူညီပေးကြပါဦးနော်’’ ဆိုတဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေအချင်းချင်း လူမှုကွန်ရက်မှာ အကူအညီတောင်းတဲ့ ပို့စ်တွေ အများအပြားလည်း တွေ့ရပါတယ်။

သွန်းဘုရားဝန်း ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးကတော့ သူတို့ မိသားစုအားလုံး အိမ်‌အပေါ်ထပ်မှာ ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားတွေလည်း အလျင်မမီလို့ အခုထက် ရေတက်လာမှာကို စိုးရိမ်နေရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

‘‘ကျွန်မတို့ အိမ်က နှစ်ထပ်ပါ။ လှေကားက ၁၁ ဆင့် ရှိပါတယ်။ အခု လှေကား ၁၁ ဆင့်မှာ ‌ရေတက်တာ‌ ရပ်နေတယ်။ ဒီထက်တက်လာရင် အိမ်ပေါ်ကို ရေ‌ရောက်လာမှာပါ။ အရမ်းစိုးရိမ်ဖို့ကောင်းနေပါပြီ။ ကျွန်မလည်း ‌ကယ်ဆယ်ရေးသမားတွေခေါ်ထားပေမဲ့ ‌သူတို့လည်း အနိမ့်ပိုင်းရပ်ကွက်တွေဘက်သွားနေကြရတော့ မလာနိုင်သေးဘူး။ အိမ်မှာ အသက် ၈၅ နှစ် အဖွားနဲ့ အသက် ၆၀ ကျော် အမေနဲ့ အ‌ဒေါ်ရှိနေတယ်။ ကယ်ဆယ်ရေးမြန်မြန်လာဖို့ ဆုတောင်းနေရတယ်’’လို့ ပြောပါတယ်။

လက်ရှိမှာ ပဲခူးမြို့က ကယ်ဆယ်ရေးအဖွဲ့အားလုံး ‌လှေရှာရတဲ့ အခက်အခဲဖြစ်နေပြီး ‌လှေတွေ အဆင်သင့် ဆောင်ထားလေ့မရှိတဲ့ မြို့လယ်အမြင့်ပိုင်းရပ်ကွက်တွေမှာပါ ရေကြီးမြင့်တက်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မနိုင်မနင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

‘‘အရင်က တစ်ခါမှာမကြီးဘူးတဲ့ ရပ်ကွက်တွေပါ ရေကြီးနေတာ အရမ်းစိုးရိမ်ရတယ်။ ရှိတဲ့လှေနဲ့ လိုက်ကယ်တာလည်း မနိုင်ဘူးဖြစ်နေတယ်။ အခု ရန်ကုန်ကနေ ‌လှေတွေနဲ့ မီးသတ်တွေလာနေပြီ ပြောပေမဲ့ လောလောဆယ် ရေထပ် တက်မှာ စိုးရိမ်ရတယ်’’ လို့ ပဲခူးအခြေစိုက် ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ရေကြီးနစ်မြုပ်နေတဲ့အထဲ ရေဘေးကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ‌အထက်တန်းကျောင်းတွေ ၊ ဘုန်းကြီးကျောင်းတွေပါ ပါနေလို့ ဘေးလွတ်ရာပို့ဆောင်ဖို့မှာ နေရာတွေလည်း ပိုပြီး အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။

‘‘ကျောင်းတွေတော့ ပိတ်ထားလိုက်ပြီ။ မပိတ်လည်းရမှမရတာ။ အကုန် လူတစ်ရပ် နီးနီးကို မြင့်တက်နေတာ။ ဒီတစ်ခါရေကြီးတာ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးပဲ တော်တော်ကိုဆိုးတယ်’’လို့ ကယ်ဆယ်ရေးသမားတစ်ဦး‌ကပြောပါတယ်။

ဒါ့အပြင် ပဲခူးမြို့ဆေးရုံ အောက်ထပ်တစ်ခုလုံးလည်း ရေနစ်မြုပ်နေလို့ ‌လူနာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရသလို အရေးကြီးလူနာတွေကို ပုဂ္ဂလိကဆေးရုံ နဲ့ အထူးကုဆေးခန်း‌တွေကို ပို့ဆောင်ပေးနိုင်တယ်လို့လည်း ဆော်သြနေပါတယ်။

‘‘ထမင်းထုပ်ဝေရင်တောင် သူတို့မှာမဆာနိုင်ဘူး။ လူတွေပိတ်မိနေလို့ ကူပေးပါ ကယ်ပေးပါပဲ ပြောနေကြတာ တကယ် သနားလိုက်တာ။ ပိတ်မိလူတွေအတွက် ကယ်ဆယ်ရေးတွေပို လိုအပ်နေပြီ’’လို့ ‌အောက်တိုဘာ ၉ ရက် နေ့လယ် ၂ နာရီ ၄၀ အချိန်မှာ ပဲခူးမြို့က ထမင်းထုပ်ဝေငှတဲ့ ပရဟိတအဖွဲ့တစ်ခုကပြောပါတယ်။

အောက်တိုဘာ ၈ ရက် ရေစတက်တဲ့နေ့ကဆိုရင် ပဲခူးမြို့ ရထားလမ်းရေကျော်လို့ မန္တလေးနဲ့ မော်လမြိုင်တို့က ရန်ကုန်ကို ထွက်ခွာတဲ့ လူစီးအမြန်ရထားနှစ်စင်း ဆက်လက်မောင်းနှင်လို့မရတဲ့အထိဖြစ်ခဲ့ပါတယ်။

အဲဒီက ရထားစီး ခရီးသည်တွေကို မော်တော်ယာဉ်တွေနဲ့ ရန်ကုန်ဘူတာကြီးကို ရွှေ့ပြောင်းပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီ ပို့ဆောင်/ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပို့ဆောင်/ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲ ပဲခူးတိုင်းအတွင်း အောက်တိုဘာ ၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းတာ၊ ဇောင်းတူဆည်နဲ့ ကဒူကွင်းဆည်တွေ ရဲ့ ရေပိုလွှဲ ကနေ ရေကျော်စီးဆင်းတာတွေကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း နဲ့ ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းတို့မှာ ရေကျော်ခဲ့လို့ ရထားခရီးစဥ် ၄ ခု ယာယီရပ်နားခဲ့ရတယ်လို့ဖော်ပြပါတယ်။

လက်ရှိမှာ အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းအထိ တယ်လီဖုန်း‌လိုင်းတွေလည်းဆက်သွယ်ရခက်ခဲနေပြီး အရင်အော်ရီဒူးဆင်းကတ်ဖုန်းနံပါတ်တွေပဲ အသုံးပြုလို့ရတာကလည်း ရေဘေးသင့် ပိတ်မိနေသူတွေအတွက် ကယ်ဆယ်ရေးသမားတွေနဲ့ ဆက်သွယ်ဖို့ခက်ခဲနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လေးဆွေဇင်ဦးကတော့ ‌ရေဘေးကယ်ဆယ်ရေးစခန်း ၃၂ ခုမှာ လူဦးရေ တစ်သောင်းသုံးသောင်း ကျော်ကို ကယ်ဆယ်ပေးထားတယ်လို့ပြောထားသလို စစ်ကောင်စီကလည်း ပဲခူးမြို့ ရပ်ကွက် ၁၅ ခုနဲ့ ကျေးရွာ ၉ ခု မှာ ရေကြီးရေလျှံဖြစ်‌နေပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ပေးနေတယ်လို့ အောက်တိုဘာ ၉ ရက်မှာထုတ်ပြန်ထားပါတယ်။

ဘီဘီစီက ဆက်သွယ်မေးမြန်းလို့ရတဲ့ မြို့ပေါ် ရပ်ကွက် ၃ ခုထက်မနည်းက ဒေသခံ ၅ ဦးထက်မနည်းနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့သူတို့နည်း သူတို့ဟန်နဲ့ ကယ်ဆယ်ရေးလုပ်နေရပြီး အောက်တိုဘာ ၉ ရက် နေ့လယ် ၂နာရီခွဲအထိ အာဏာပိုင်တွေရဲ့ ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ပြောပါတယ်။

‘‘ကျွန်တော်တို့ မြို့ပေါ် မှာတော့ မတွေ့ဘူး။ အနိမ့်ပိုင်းတွေ ကိုသွားကယ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အခုထိတော့ ကျွန်တော်တို့မှာလည်း ကိုယ့်နေရာ ကိုယ်နေပြီး လာကယ်တာ‌စောင့်နေရတာ” လို့ အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီမှာ ဖြေကြားပါတယ်။

အောက်တိုဘာ ၉ ရက်မနက်ပိုင်းကတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေ ရေပြင်ရှာဖွေကယ်ဆယ်ရေးသုံး ရေယာဉ်/စက်ပစ္စည်း ကိရိယာတွေ၊ ရေပြင်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးဝတ်စုံပစ္စည်းကိရိယာတွေနဲ့ အတူ ရှာဖွေကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ဝင်တွေ ပဲခူးမြို့ကိုထွက်ခွာသွားပြီလို့ သတင်းထုတ်ပြန်ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကတော့ ပဲခူးမြစ်ရေဟာ စိုးရေရိမ်မှတ်အထက် ၄ ပေမြင့်တက်နေပြီး နောက်တစ်ရက်အတွင်းမှာ ၃ လက်မခန့် ထပ်ပြီးမြင့်တက်နိုင်လို့ စိုးရိမ်ရေမှတ်မှာဆက်ရှိနိုင်တယ်လို့ အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီမှာ သတိပေးထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။