ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းလက်ဝှေ့မယ်ကို အနိုင်ရ၊ ထိုင်းဘုရင့်ဖလား မွေထိုင်းချန်ပီယံ ဆက်ဖြစ်

International News Sports
ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းလက်ဝှေ့မယ်ကို အနိုင်ရ၊ ထိုင်းဘုရင့်ဖလား မွေထိုင်းချန်ပီယံ ဆက်ဖြစ်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၊ Wat Wachira Thammaram ဘုန်းကြီးကျောင်းဝင်းမှာ ဒီဇင်ဘာ ၂၄ ရက် ညပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ထိုင်းဘုရင့်ဖလား မွေထိုင်းချန်ပီယံဗိုလ်လုပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက အိမ်ရှင်ထိုင်းနိုင်ငံသူ ဖရာဆင်ဂါဆော်ဆွန်မစ်ကို အနိုင်ရရှိပြီး ၂ နှစ်ဆက်တိုက် ချန်ပီယံဆက်ဖြစ်သွားပါတယ်။

ဘရော်နီကာက ဖရာဆင်ဂါ ကို ပထမအချီ ၁ မိနစ် ၁၃ စက္ကန့် မှာပဲ အလဲထိုးပြီး အနိုင်ရခဲ့တာလို့ ဘရော်နီကာနဲ့ အနီးကပ်ရှိနေသူတစ်ဦးကပြောပြပါတယ်။
” ပထမအချီ မှာပဲ ခြေထောက်နဲ့ ကန်တာထိပြီး ထိုင်းလက်‌‌ဝှေ့မယ်က လဲကျသွားတယ်။ ဒိုင်က နံပါတ်ရေပြီး ပြန်ခေါ်နေချိန်မှာ ထိုင်းမယ်ကပြန်ထလာပြီး ထပ်ထိုးပေမဲ့ ဘရော်နီကာရဲ့ လက်သီးနဲ့ ထပ်ထိသွားတယ်။ ပထမအချီမှာပဲ ဘရော်နီကာနိုင်သွားတာပါ” လို့ အနီးကပ်ရှိနေသူ ကပြောပြပါတယ်။

ဘရော်နီကာဟာ အခု အနိုင်ရခဲ့တဲ့ ဖရာဆင်ဂါ ကို ပြီးခဲ့တဲ့ အောက် တိုဘာ ၃၀ ရက်က ထိုးသတ်ခဲ့တဲ့အကြိုပွဲစဉ်မှာလည်း သုံးချီ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အခုပွဲကို Thai Fight က စီစဥ်တာဖြစ်ပြီး ဘရော်နီကာဟာ ထိုင်းမွေထိုင်းလောကမှာ ၂ နှစ်ဆက်တိုက်ချန်ပီယံရယူနိုင်တဲ့ ပထမဆုံးအမျိုးသမီးလက်ဝှေ့မယ်ဖြစ်လာပါတယ်။

အသက်၂၆ နှစ်အရွယ် ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၁ နှစ်ကုန်ကမှ ထိုင်းမွေထိုင်း လောကရဲ့ နာမည်ရ Thai Fight ကလပ်ကို ရောက်ရှိခဲ့ပြီး တစ်နှစ် အတွင်းမှာပဲ ထိုင်းမွေထိုင်းလောကမှာထင်ရှားလာသလို ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA က မျက်စိကျနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်လာပါတယ်။ လက်ရှိမှာ ဘရော်နီကာဟာ Thai Fight ကလပ် နဲ့ လက်တွဲလုပ်ကိုင်နေတာ ၂ နှစ်တာကာလကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO) က ပေးအပ်တဲ့ ၂၀၂၂ ခုနှစ် အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုရရှိထားတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။