‘‘ကျယ်ပြောသောပုဂံ’’ စာအုပ်ရေးတဲ့ အဲလစ်ဇဘက်မိုး ကွယ်လွန်

Local News
‘‘ကျယ်ပြောသောပုဂံ’’ စာအုပ်ရေးတဲ့ အဲလစ်ဇဘက်မိုး ကွယ်လွန်

ရှေးဟောင်းသုတေသန ဂုဏ်ထူးဆောင်ပါမောက္ခ အဲလစ်ဇဘက်မိုး

လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိကပညာသင်ကျောင်းက ရှေးဟောင်းသုတေသန ဂုဏ်ထူးဆောင်ပါမောက္ခ အဲလစ်ဇဘက်မိုး ၇၄ နှစ်အရွယ် ဇန်နဝါရီလ ၁၃ ရက်မှာ ကွယ်လွန်သွားပါတယ်။

ပါမောက္ခမိုးရဲ့ ဘိုးအေက ယုဒသန်ကောလိပ်မှာ ဥက္ကဋ္ဌလုပ်သွားတဲ့ ရန်းဒေါ့ဟောင်း၀ပ်ဖြစ်ပြီး မြန်မာပြည်က နှစ်ခြင်းခရစ်ယာန်များ စာအုပ်ရေးခဲ့သူဖြစ်ပါတယ်။ သူ့ဖခင်ကိုယ်တိုင် မြန်မာပြည်မှာ မွေးခဲ့တာမို့ မြန်မာပြည်ကို ပါမောက္ခမိုး သံယောဇဥ်ကြီးပါတယ်။ မြန်မာပြည်မှာပဲ ခေါင်းချတဲ့အထိ နေထိုင်ပြီး မြန်မာနိုင်ငံရဲ့ ရှေးဟောင်းခေတ်သမိုင်းကို တူးဆွရှာဖွေမယ်လို့ သူရည်မှန်းခဲ့ပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက် ပြန်ထွက်လာခဲ့ရပြီး လန်ဒန်မှာ ကွယ်လွန်ခဲ့ပါတယ်။

သရေခေတ္တရာမြို့ဟောင်းက ဘောဘောကြီးစေတီ

ပါမောက္ခမိုးဟာ လန်ဒန်တက္ကသိုလ်ကောလိပ်က ရှေးဟောင်းသုတေသနပါရဂူဘွဲ့ကို ထိုင်းအရှေ့မြောက်ပိုင်းက ကျုံးများ စာတမ်းနဲ့ ၁၉၈၈ မှာ ရရှိခဲ့ပါတယ်။ ၁၉၉၂ က စပြီး အရှေ့တိုင်းကျောင်းမှာ ပါမောက္ခရာထူးနဲ့ အနားယူတဲ့အထိ ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာပြည်ရဲ့ အစောပိုင်းမြင်ကွင်း (၂၀၀၆) ၊ ပျူမြင်ကွင်း (၂၀၁၂ )၊ ကျယ်ပြောသောပုဂံ၊ ရှေးဟောင်းနဲ့ ရှင်သန်ဆဲ ဗုဒ္ဓရိုးရာများ ( ၂၀၂၃) စာအုပ်တွေကို သူရေးသားခဲ့ပြီး မြန်မာနဲ့ အနောက်တိုင်းပညာရှင်တွေနဲ့ တွဲပြီး စာအုပ်စာတမ်းတွေ ရေးသားခဲ့ပါတယ်။ ဒီထဲမှာ ၁၉၉၉ က အိပ်ချ်မေယာ၊ ဦးဝင်းဖေတို့နဲ့ တွဲရေးတဲ့ ရွှေတိဂုံ၊ မြန်မာပြည်ရဲ့ ရွှေဘုရားစာအုပ်လည်း ပါပါတယ်။

ပါမောက္ခမိုး ချစ်တဲ့ ပုဂံ

ပါမောက္ခမိုးနဲ့ တွဲဖက်သုတေသနပြုကြတဲ့ မြန်မာပညာရှင်တွေထဲမှာ ဦးအောင်မြင့်၊ ဦးညွန့်ဟန်၊ တမ္ပ၀တီ ဦး၀င်းမောင်၊ ဦးစံ၀င်း၊ ထား၀ယ်ဦးသန်းဆွေ၊ ဦးပေါက်ပေါက်၊ ပါမောက္ခ ဒေါက်တာပြည့်ဖြိုးကျော်တို့ ထင်ရှားပါတယ်။

သမိုင်းမတင်မီခေတ် မြန်မာပြည်အကြောင်းနဲ့ ပျူ၊ မွန်၊ ဒွါရာဝတီ ယဥ်ကျေးမှုတွေနဲ့ ဆက်စပ်မှုတွေကို သူ သုတေသနပြုခဲ့သလို သူ့သုတေသနစက်ဝန်းထဲမှာ ထား၀ယ်က သာဂရနဲ့ မုတ္ထီးမြို့ဟောင်း၊ တကောင်း၊ ယူနန် မြန်မာ ကြေးခေတ်ယဥ်ကျေးမှု ဆက်သွယ်မှု၊ အထက်မြန်မာပြည်က ဘုရားပြင်ဓလေ့၊ စမုံမြစ်၀ှမ်းက ပျူပုတီး၊ သု၀ဏ္ဏဘူမိ၊ ညောင်ကန်ကြေးခေတ်သင်္ချိုင်းစတဲ့ အကြောင်းအရာစုံ ပါ၀င်ပါတယ်။

ပါမောက္ခမိုးနဲ့ မြန်မာကျောင်းသားတစု

ပါမောက္ခမိုးဟာ ၂၀၁၄ က စပြီး အယ်လ်ဖာ၀ုဒ်ပညာသင်ဆုနဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း စတဲ့ ဒေသတွင်းနိုင်ငံတွေက ကျောင်းသားတွေကို လန်ဒန်တက္ကသိုလ်မှာ ပညာသင်ခွင့်ရရှိရေးအတွက် အားထုတ်ကြိုးပမ်းရာမှာ ဦးဆောင်ခဲ့သူတယောက်ဖြစ်ပြီး မြန်မာပြည်မှာ ရှေးဟောင်းသုတေသီမျိုးဆက်သစ် မွေးထုတ်ဖို့ ဆော်သြခဲ့ပါတယ်။

ပညာသင်ပြီး မြန်မာပြည်ပြန်တဲ့ ကျောင်းသူကျောင်းသားဟောင်းတွေနဲ့လည်း အဆက်အသွယ်မပြတ်ဘဲ ပြည်ပစာတမ်းဖတ်ပွဲ၊ သုတေသနခရီးတွေသွားနိုင်အောင် ကူညီခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို မြန်မာပြည် ရှေးဟောင်းသုတေသနလောက ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်ဖွင့်ပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ပိတ်ထားတဲ့ ဇေကမ္ဘာပြတိုက်ထဲမှာ စာကြည့်တိုက်ပါ ပိတ်မိနေပါတယ်။

လောင်းရှည်ရောက် ပါမောက္ခမိုးနဲ့ တမ္ပ၀တီဦး၀င်းမောင်

တရုတ်နဲ့ အိန္ဒိယလမ်းဆုံမှာ ရှိပြီး ယဥ်ကျေးမှုစုံလင်တဲ့ မြန်မာပြည်မှာ မတူးဖော်ရသေးတဲ့ ရှေးဟောင်းနယ်မြေတွေရှိပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် မြို့တော်ဟောင်းတွေလည်း များတဲ့အတွက် မြန်မာရှေးဟောင်းသုတေသနဖွံ့ဖြိုးရေးနဲ့ အမွေအနှစ်ထိန်းသိမ်းရေးဟာ ပြည်တွင်းပြည်ပ ပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

ပါမောက္ခအဲလစ်ဇဘက်မိုးနဲ့အတူ သူ့ရှေ့က မြန်မာရှေးဟောင်းသုတေသနဖွံ့ဖြိုးရေးကို လုပ်ခဲ့ကြတဲ့ ပညာရှင်တွေထဲ သြစတြေးလျက ဒေါက်တာ ပမ်မလာဂတ်တမန်းနဲ့ ဒေါက်တာ ဘော့ဘ် ဟပ်ဆင်၊ ကိန်းဘရစ်တက္ကသိုလ်က ပါမောက္ခ ဂျင်းနစ် စတားဂတ်တို့ အထူးထင်ရှားပါတယ်။

ပုဂံယဥ်ကျေးမှု ထွန်းကားရာနယ်မြေတွေအကြောင်း စာအုပ်

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။