ရန်ကုန်၊ ဆူးလေမှာ ပြုလုပ်တဲ့ စစ်တပ် ထောက်ခံပွဲ

Local News
ရန်ကုန်၊ ဆူးလေမှာ ပြုလုပ်တဲ့ စစ်တပ် ထောက်ခံပွဲ

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့နေ့မှာပဲ ရန်ကုန်မြို့လယ်ခေါင်၊ ဆူးလေတဝိုက်မှာ စစ်တပ်ထောက်ခံသူရာနဲ့ချီ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တဲ့မြင်ကွင်းပဲ ဖြစ်ပါတယ်။

သာသနာ့အလံတပ်ဆင်ထားတဲ့ YBS ဘတ်စ်ကားတွေ၊ အုတ်သဲကျောက်တင်ယာဉ်တွေနဲ့ ထောက်ခံသူတွေရောက်ရှိလာခဲ့ကြပြီး “သာသနာစော်ကားသူတွေကို ဆန့်ကျင်ဖို့၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုဆန့်ကျင်ဖို့ စတဲ့ကြွေးကြော်သံတွေနဲ့ ဆူးလေမြို့တော်ခန်းမအနီး ဆန္ဒပြကြတယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။

တဖက် တော်လှန်ရေးအဖွဲ့တွေကလည်း စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့နေ့မှာ “အသံတိတ်သပိတ်” ပြုလုပ်ဖို့ နှိုးဆော်ထားခဲ့ပြီး ရန်ကုန်မြို့သာမက မြို့အများစုမှာ ပုံမှန်နေ့ရက်တွေထက် တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်မြို့မှာဆိုရင် ဆူးလေလူကူးတံတားပေါ်ကနေ ဓာတ်ပုံရိုက်ကူးသူတွေကို လုံခြုံရေးရယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်တားဆီးကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအချို့ဆီက သိရပြီး ဖမ်းဆီးခံရသူ ရှိ၊ မရှိကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

“နေ့လယ်လောက်ကပေါ့။ တံတား‌ပေါ်မှာ ဓာတ်ပုံရိုက်တဲ့သူအချို့ရှိတယ်။ အဲဒါကို တံတားပေါ်မှာစောင့်နေတဲ့ ဝတ်စုံပြည့် ဝတ်ထားတဲ့ စစ်သားက မရိုက်ရဘူးလို့ လာတားတယ်။ ဘေးမှာကလည်း တပ်ထောက်ခံပွဲ ဓာတ်ပုံလာရိုက်တဲ့သူ တွေလည်းရှိနေတော့ သူတို့က ကျွန်တော်တို့ ဆန္ဒပြအဖွဲ့နဲ့အတူလာတာလို့ ပြောလိုက်တယ်။ အဲဒါနဲ့ ဆက်ရိုက်ဖို့ ခွင့်ပေးသွားတယ်” လို့ ကိုယ် တိုင်ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အကြမ်းဖက်ရှုတ်ချပွဲလို့ ဆိုထားတဲ့ ဒီဆန္ဒထုတ်ဖော်ပွဲကို နေ့လယ် ၂ နာရီဝန်းကျင်မှာစတင်ပြုလုပ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့လယ်ခေါင်တကြော နေရာယူထားသလို စစ်ကားတွေနဲ့လည်း လှည့်လည်သွားလာနေတယ်လို့ မျက်မြင်တွေဆီက သိရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။