အီရတ်နဲ့ ဆီးရီးယားကပစ်မှတ်တွေကို တိုက်မယ်ဆိုတဲ့အမေရိကန်အပြောကို အီရန်ဘယ်လိုတွက်ဆနေလဲ

International News
အီရတ်နဲ့ ဆီးရီးယားကပစ်မှတ်တွေကို တိုက်မယ်ဆိုတဲ့အမေရိကန်အပြောကို အီရန်ဘယ်လိုတွက်ဆနေလဲ

အစ္စလာမ္မစ်တော်လှန်ရေးစတင်တဲ့ ၁၉၇၉ ခုနှစ်ကတည်းက အီရန်ဟာ အမေရိကန်ကို နိုင်ငံတွင်းမှာရော နိုင်ငံပြင်ပမှာပါ ဆန့်ကျင်ပါတယ်

အမေရိကန်နဲ့ စစ်မဖြစ်ချင်တဲ့အကြောင်း အီရန်နိုင်ငံက ထပ်လောင်းပြောဆိုလာပေမဲ့ သူ့မြေပေါ် ဒါမှမဟုတ် အရှေ့အလယ်ပိုင်းက အီရန်ရဲ့အကျိုးစီးပွားတွေအပေါ် တိုက်ခိုက်မှု မှန်သမျှကို အခိုင်အမာ ပြန်လည်တုံ့ပြန်မယ်လို့ ပြောပါတယ်။

သောကြာနေ့တုန်းကတော့ အီရန်သမ္မတ အေဘရာဟင် ရိုင်စီကတော့ ဒီသတင်းစကားကို ပိုခိုင်မာ အောင် နောက်ဆုံးပြောလာတဲ့ အီရန်ခေါင်းဆောင်လည်းဖြစ်ပါတယ်။ သူက ‘‘ကျွန်တော်တို့ ဘယ်လိုစစ်ပွဲမှ စတင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံ၊ ကျုးကျော်သူတစ်ဦးဦး ဒါမှမဟုတ် အနိုင်ကျင့်သူတစ်ဦးဦးဟာ ကျွန်တော်တို့ကို အနိုင်ကျင့်မယ်ဆိုရင်တော့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ တုံ့ပြန်ပါမယ်’’ လို့ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေထဲက အီရန်ရဲ့ပစ်မှတ်တွေကို အမေရိကန်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာအပြီးမှာ သမ္မတ ရိုင်စီက မှတ်ချက်စကားပြောလာတာဖြစ်ပါတယ်။ တာဝါ ၂၂ လို့ သိပြီး ဆီးရီးယားနိုင်ငံနဲ့နယ်စပ် ဂျော်ဒန် နိုင်ငံထဲမှာရှိတဲ့ စစ်တပ်အခြေစိုက်စခန်းငယ်တစ်ခု တနင်္ဂနွေနေ့တုန်းက ဒရုန်းနဲ့တိုက်ခိုက်ခံရမှု အပြီးမှာ အမေရိကန်ရဲ့ တုံ့ပြန်ပြောဆိုမှု ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ဦးthayဆုံးပြီး နောက်ထပ် ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာခဲ့တဲ့ ဒေသတွင်း ပိုကျယ်ပြောလာတဲ့မတည်ငြိမ်မှုအတွင်း ဒါဟာ ရန်သူ့ပစ်ခတ်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တွေ ပထမဆုံးthayဆုံးမှုလည်းဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးစစ်တပ်ကလည်း ဂါဇာမှာ စစ်ဆင်ရေးဆင်နွှဲတာကို စတင်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့စစ်သွေးကြွတွေဟာ စစ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုမှာ တာဝန်ရှိတယ်လို့ပြောပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်ကလည်း တိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ဒရုန်းဟာ အီရန်က လာတာလို့ ပြောပါတယ်။

အခုလ အစောပိုင်းတုန်းက ဆီးရီးယားမှာ ကင်းလှည့်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ

ဒေသတွင်းမှာ အီရန်ကျောထောက်နောက်ခံပေးထားတဲ့စစ်သွေးကြွတွေဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်ပြီးကတည်းကဆိုရင် အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားမှု အကြိမ် ၁၆၀ ထက်မနည်းရှိခဲ့တယ်လို့ သူက ပြောပေမဲ့ အဲဒီတိုက်ခိုက်မှုတွေဟာ ထိရောက်မှု မရှိခဲ့ဘူးလို့တော့ ဆိုပါတယ်။

ကြားခံအဖွဲ့အစည်းတွေကနေတဆင့် ဒီတိုက်ခိုက်မှုတွေကို ဦးဆောင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အီရန်ဘက်က အကြိမ်ကြိမ်ငြင်းဆိုထားပြီး စစ်သွေးကြွတွေဟာ တီဟီရန်ဆီကနေ ဘယ်လိုအမိန့် မျိုးမှ လက်ခံတာမရှိဘူးလို့လည်း ဆိုပါတယ်။

တပ်ဖွဲ့ဝင် ၃ ဦး thetဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ တိတိပပ မသိရပါဘူး။ အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်ကတော့ အမေရိကန်တိုက်ခိုက်မှု တွေဟာ အဆင့်စုံမှာဖြစ်ပြီး ရက်အတော်များများကြာမြင့်မှာဖြစ်သလို အီရန်နိုင်ငံရဲ့အကျိုးစီးပွားတွေ၊ ဆီးရီးယားနဲ့ အီရတ်က အီရန်ကျောထောက်နောက်ခံပေးထားတဲ့ စစ်သွေးကြွတွေ ပစ်မှတ်ထားမယ်လို့ ပြောပါတယ်။

အမေရိကန်အရာရှိတွေကတော့ အရပ်သားတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကောင်းကင်ကြည်ကြည်လင်လင်မှာ တိုက်ခိုက်မှုတွေ ပိုလုပ်ချင်တာကြောင့် ရာသီဥတုအခြေအနေကိုလည်း ထည့်သွင်းစဥ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ သူတို့ရဲ့အဓိကချင့်ချိန်မှုကတော့ ဒေသတွင်းမှာ စစ်ပွဲပျံ့လာမှာကို ရှောင်ရှားဖို့ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ အီရန်ကိုပဲ ပစ်မှတ်ထားဖို့ ရီပတ်ပလင်ကန်တွေဆီကနေ ဖိအားတွေကြုံနေရပါတယ်။ ရီပတ်ပလင်ကန်တွေကတော့ အီရန်ကို ခိုင်ခိုင်မာမာတုံ့ပြန်မှသာ အနာဂတ်မှာ အမေရိကန်အကျိုးစီးပွားတွေအပေါ် တိုက်ခိုက်မှုကို ထိန်းချုပ်နိုင်မယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ သမ္မတ ဘိုင်ဒန်အစိုးရကတော့ အီရန်မြေပေါ်မှာ ပစ်မှတ်တွေကို တိုက်ခိုက်မှုကို ရှောင်ရှားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကို ကြည့်ရင် အကြောင်းအရာကိစ္စတွေ ထိန်းမနိုင် သိမ်းမရဖြစ်မှာကို အမေရိကန် ဘက်က မဖြစ်စေချင်ဘူးဆိုတဲ့သဘော တီဟီရန်ကို သတင်းစကားပါးလိုမှုအဖြစ် ရှုမြင်ခံရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွက် အီရန်ဘက်ကလည်း ဘယ်လောက် ပြင်ဆင်ထားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ဒေသတွင်းက အခရာကျတဲ့စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေ အတော်များများကိုတော့ တာဝန်ကနေ ပြန်လည်ခေါ်ယူထားပါတယ်။

ထိခိုက်thayဆုံးမှုတွေကို ရှောင်ရှားနိုင်အောင် တိုက်ခိုက်မှုတွေမလုပ်ခင်မှာ တစ်ဖက်နဲ့တစ်ဖက် ကြိုတင်အသိပေးတာမျိုး အီရန်နဲ့ အမေရိကန်ကြား အရင်တုန်းက ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ အင်အားကြီး တော်လှန်ရေးပြည်စောင့်တပ်ရဲ့ တပ်မှူး ဟိုစိန် ဆာလာမီကတော့ မကြာသေးခင်တုန်းကပဲ အမေရိကန်ကို အခုလိုသတိပေးလိုက်ပါတယ်။ ‘‘ခင်ဗျားတို့ ကျွန်တော်တို့ကို စစ်မြေပြင်မှာ လက်ရည်စမ်းခဲ့ပြီးပြီ။ ကျွန်တော်တို့ကလည်း ခင်ဗျားတို့ကို စမ်းသပ်ခဲ့ပြီးပြီ။ ဘယ်ခြိမ်း ခြောက်မှုကို မဆို မတုံ့ပြန်ဘဲ နေမှာမဟုတ်ဘူး။ … ကျွန်တော်တို့ စစ်ကို ရှောင်နေချိန်မှာ စစ်ပွဲကို ကြောက်မှာမဟုတ်သလို စစ်ဖြစ်တာကိုလည်း ရင်ဆိုင်ဖို့အသင့်ပဲ’’

အီရန်သမ္မတ အေဘရာဟင် ရာစီကတော့ တီဟီရန်ဟာ အမေရိကန်နဲ့ စစ်ပွဲ မဖြစ်ချင်ပေမဲ့ နိုင်ငံ့အကျိုးစီးပွားကို ခုခံကာကွယ်သွားမယ်လို့ ပြောပါတယ်

အီရန်သမ္မတ အေဘရာဟင် ရာစီကတော့ တီဟီရန်ဟာ အမေရိကန်နဲ့ စစ်ပွဲ မဖြစ်ချင်ပေမဲ့ နိုင်ငံ့အကျိုးစီးပွားကို ခုခံကာကွယ်သွားမယ်လို့ ပြောပါတယ်

အီရန်ဟာ အခြေအနေကို ပိုပြီး မဆိုးသွားအောင် ကြိုးပမ်းနေပုံပေါ်ပါတယ်။ အီရန်တော်လှန်ရေးပြည်စောင့်တပ်ဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကွပ်စ်တပ်ဖွဲ့(Quds)ရဲ့ တပ်မှူးဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း အီရတ်နိုင်ငံ၊ မြို့တော် ဘဂ္ဂဒတ်ဆီကို သွားရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး အစ္စမေလ် ကွာနီဟာ အမေရိကန်တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှု လုပ်တာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အဲဒီမှာရှိတဲ့ စစ်သွေးကြွတွေကို တိုက်တွန်းခဲ့ပြီး အခရာကျတဲ့ စစ်သွေးကြွအဖွဲ့တွေထဲက တစ်ဖွဲ့က သဘောတူခဲ့ပါတယ်။ တနင်္ဂနွေနေ့တုန်းက အမေရိကန် စစ်အခြေစိုက်စခန်း တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သင်္ကာမကင်းဖြစ်ခံရတဲ့ ခါတစ် ဟစ်ဇဘိုလာအဖွဲ့ကတော့ အီရန်ဘက်က မေတ္တာရပ်ခံထားတာကြောင့် အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတာ ရပ်တန့်ထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဒေသတွင်းကနေ ထွက်သွားအောင်ရည်ရွယ်တဲ့ တိုက်ခိုက်မှုတွေကို ဆက်ပြီး လုပ်ဆောင်ဖို့ရှိတယ်လို့ ပြောထားတဲ့ တခြားအဖွဲ့တွေလည်း ရှိနေပါတယ်။

သူတို့ ထုတ်ပြန်ချက်တွေအရဆိုရင် အီရန်ဟာ အဲဒီအဖွဲ့တွေကို ငွေကြေးနဲ့ lat nat ထပ်ဆင်ပေးနေပေမဲ့ ပြည့်ပြည်ဝဝ ထိန်းချုပ်နိုင်မယ့်အခြေအနေ မပေါ်ပါဘူး။ ဒါတွေအားလုံးကလည်း အမေရိကန်ရဲ့ တွက်ဆမှုတွေကို ပြောင်းလဲလာနိုင်ခြေ မမြင်ရပါဘူး။

‘‘ကျွန်တော်တို့ဟာ လူထုရဲ့စကားသံကို အမြဲနားထောင်သလို သူတို့ဘာလုပ်လဲဆိုတာလည်း မျက်ခြေ မပြတ်ပါဘူး’’ လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်က ပြောပါတယ်။

အီရန်ဟာ ပိုကျယ်ပြောလာတဲ့ဒေသတွင်းစစ်ပွဲထဲကို ဒရွတ်ဆွဲပါသွားမယ့်အရေးကို ရှောင်ရှားလိုခြေပြပေမဲ့ လက်ရှိဖြစ်လာနေတဲ့အခြေအနေတွေအရတော့ ဘယ်လို တင်းမာမှုတွေကနေမဆို ခပ်ကင်းကင်းနေဖို့ ခက်ခဲနိုင်ခြေရှိပါတယ်။

အီရန်ရဲ့ တုံ့ပြန်မှုဟာ သဘောထားတင်းမာတဲ့ ဘာသာရေးခေါင်းဆောင် အရာတိုလာ အလီ ခါမေနီရဲ့ အန္တိမ ဆုံးဖြတ်ချက်အတိုင်း အခြေခံမှာဖြစ်ပါတယ်။ သူဟာ ဩဇာကြီးတဲ့ တော်လှန်ရေး ပြည်စောင့်တပ်ကနေတဆင့် အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ မူဝါဒတွေကို စီမံ ဖန်တီးသူဖြစ်ပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သူ အသံတိတ်နေပါတယ်။ အီရန်ဟာ အမေရိကန်နဲ့ မယှဥ်သာဘူး ဆိုတာကို သူသိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တော်လှန်ရေးပြည်စောင့်တပ်တွေဟာ ဒေသတွင်းမှာ ပြဿနာ အတော်လေး ဖန်တီးနိုင်တာကိုလည်း သူသိနေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။