ဘယ်ကစားသမားမှ မရနိုင်တဲ့ အခွင့်အရေးတွေ ပေးအပ်ခံရတဲ့ ဒူဘိုင်းမြေရောက် ရော်နယ်ဒို

Sports

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ဒူဘိုင်းမှာ ခရစ္စမတ်ကာလကို ဖြတ်သန်းဖို့အတွက် ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒူဘိုင်းကိုရောက်ရှိနေတဲ့ ကာလအတွင်းမှာ ရော်နယ်ဒိုဟာ Globe Award ဆုကို လက်ခံရယူသွားဖို့လည်းရှိတယ်လို့သိရပြီး စီးရီးအေပွဲစဉ်တွေ ခေတ္တရပ်နားထားချိန်မှာ ရော်နယ်ဒိုက အပြည့်အဝအနားယူသွားမှာလည်းဖြစ်ပါတယ်။

နာမည်ကျော် ကစားသမား စီရော်နယ်ဒိုဟာ ဒူဘိုင်းမှာတော်ဝင် အသိုင်းအဝိုင်းကြီးတွေကို ဝင်ဆန့်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် တစ်ဖက်မှာတော့ အခွင့်ထူးရတဲ့ အနေအထားမျိုးတွေရှိတာကြောင့် ဝေဖန်ဒဏ်တွေကိုတော့ ခံရပါတယ်။

ကိုဗစ်ဖြစ်ပွားနေစဉ်ကာလအတွင်း ဒူဘိုင်းကို ရော်နယ်ဒိုက ရောက်ရှိခဲ့တာဖြစ်ပြီးတော့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူ သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုသွားရောက်ခဲ့တာမှာ ပုံမှန်အားဖြင့် ဒူဘိုင်းက ပြည်ဝင်လာသူတွေကို ဆေးစစ်မှုတွေပြုလုပ်ပြီး ကိုဗစ်ကင်းစင်ကြောင်း သေချာမှာသာ နိုင်ငံတွင်းနေထိုင်ခွင့်ပြုနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဒူဘိုင်းအာဏာပိုင်တွေကတော့ ရော်နယ်ဒိုရောက်ရှိလာခဲ့ရာမှာ ဆေးစစ်မှုပြုလုပ်ခဲ့ခြင်းမရှိစေသလို ကွာရန်တင်းဝင်စေချင်လည်းမရှိဘဲ နိုင်ငံတွင်းနေထိုင်ဖို့ ခွင့်ပြုခဲ့တယ်လို့ Calciomercato သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက်တော့ သီးသန့်အခွင့်အရေးနဲ့ ခံစားခွင့်ကို ရရှိခဲ့တာဖြစ်ပြိး သူ့ရဲ့ကျော်ကြားမှုနဲ့ အရှိန်အဝါကြီးမားမှုကိုလည်း ဖော်ပြခဲ့ရာရောက်ခဲ့ပါတယ်။

ဒူဘိုင်းအိမ်ရှေ့စံမင်းသားနဲ့ ဆက်စပ်တဲ့ခင်မင်မှုကြောင့် အခွင့်ထူးခံရရှိခဲ့တယ်ဆိုတဲ့ အကြောင်းကလည်း သတင်းဖြစ်လာခဲ့ပါတယ်။ လေ့ကျင့်ရေးခန်းမထဲမှာ ဒူဘိုင်းရဲ့အိမ်ရှေ့စံမင်းသားနဲ့ အတူ အပြေးလေ့ကျင့်နေတဲ့ပုံကို ရော်နယ်ဒိုက သူ့ရဲ့ဖေ့ဘုတ်နဲ့အင်စတာဂရမ်တို့မှာ “အစ်ကိုနဲ့တွေ့ဆုံရတာဟာအမြဲတမ်းပျော်ရွှင်ရပါတယ်” လို့ရေးတင်ခဲ့ပါတယ်။

ဒူဘိုင်းအိမ်ရှေ့စံမင်းသားကလည်း သူ့ရဲ့အင်စတာဂရမ်မှာ ရော်နယ်ဒိုနဲ့အပြေးလေ့ကျင့်နေတဲ့ရုပ်သံဖိုင်ကိုတင်ပြီး “အကောင်းဆုံးကစားသမားနဲ့အတူ” လို့စာရေးသားခဲ့ပါတယ်။

ဒူဘိုင်းအိမ်ရှေ့မင်းသား ရှိတ်ဟမ်ဒန်ဟာ အခုလိုမျိုးပဲ သူ့ရဲ့ကိုယ်ပိုင် gymကို နာမည်ကြီးကစားသမားတွေကို ဖိတ်ခေါ်လေ့ရှိပြီး သူတို့နဲ့ ပူးတွဲလေ့ကျင့်ပြီးတော့ အင်စတာဂရမ်မှာတင်လေ့ရှိသူဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ပုံမှန်လာရောက်လေ့ရှိသူဖြစ်ပါတယ်။

ဒူဘိုင်းကိုရောက်ရှိနေတဲ့ ကာလအတွင်းမှာ ရော်နယ်ဒိုဟာ Globe Award ဆုကို လက်ခံရယူသွားဖို့လည်းရှိနိုင်သလို၊ လာမယ့်တနင်္ဂနွေနေ့မှာပြုလုပ်မယ့် ဒူဘိုင်းနိုင်ငံတကာ အားကစားကွန်းဖရန့်ကိုတက်ရောက်ပြီး စကားပြောကြားပေးဖို့အလုပ်ကိစ္စလည်း ပါဝင်ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ရောဘတ် လီဝမ်ဒေါစကီး၊ ပေါ်တိုကနေမကြာသေးမီကအနားယူသွားခဲ့တဲ့ ရီရဲဂိုးသမားဟောင်း ကာဆီးလက်စ်တို့ဟာလည်း ရော်နယ်ဒိုနဲ့အတူ တက်ရောက်ကြမှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒူဘိုင်းစော်ဘွားတွေပေါင်းပြီး ချီးမြင့်တဲ့ (Globe Soccer Awards) ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားဆုနှစ်ဆုလုံးအတွက် ပရိသတ်တွေရဲ့မဲပေးမှုစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေခဲ့တာကြောင့် ဒီဆုနှစ်ဆုလုံးကို ရရှိဖို့များနေခဲ့သူလည်းဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်ကာလအတွင်း ဒူဘိုင်းကို ရော်နယ်ဒိုက သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့သွားရောက်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရော်နယ်ဒိုက ဂျူဗင်တပ်စ်အတွက် ပါဝင်ကစားပေးမှုတွေရှိနေပြီး ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်နေရတာဖြစ်ပါတယ်။ ဖီအိုရင်တီးနားနဲ့ ကစားခဲ့တဲ့ ပွဲကိုလည်း ရော်နယ်ဒိုပါဝင်ခဲ့ပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေကကောင်းမွန်နေတာကြောင့်လည်း အခုလိုမျိုး ဆေးစစ်မှုတွေ၊ ကွာရန်တင်းဝင်ရမှုတွေကို ဒူဘိုင်းတာဝန်ရှိသူတွေဘက်က လျှော့ပေ့ါပေးခဲ့ဖွယ်လည်းရှိပါတယ်။ ရော်နယ်ဒိုကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖူးသူဖြစ်ပြီး ၂ပတ်နီးပါးအနားယူခဲ့ရကာ ပျောက်ကင်းသက်သာချိန်မှာတော့ အသင်းအတွက် ခြေစွမ်းပြကစားပေးခဲ့သူဖြစ်ပါတယ်။

Leave a Reply