ချားလ်စ်ဘုရင် ကင်ဆာဖြစ်နေတယ်လို့ဘက်ကင်ဟမ်နန်းတော် ထုတ်ပြန်

International News
ချားလ်စ်ဘုရင် ကင်ဆာဖြစ်နေတယ်လို့ဘက်ကင်ဟမ်နန်းတော် ထုတ်ပြန်

တတိယမြောက်ချားလ်စ်ဘုရင်

ချားလ်စ်ဘုရင်မှာ ကင်ဆာရောဂါတမျိုး တွေ့ရှိရကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။

ဆီးကျိတ်ကင်ဆာ မဟုတ်ဘူးလို့ နန်းတော်ကပြောပေမဲ့ သူ့မှာ ဆီးကျိတ်ကြီးနေတာကို ကုသရင်းတွေ့ရှိခဲ့ပါတယ်။

ကင်ဆာ အမျိုးအစားကိုတော့ မထုတ်ပြန်ပါဘူး။ တနင်္လာနေ့ကစပြီး ချားလ်စ် ဘုရင် ပုံမှန်ကုသမှု စယူနေတယ်လို့ နန်းတော် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

” ကုသမှုနဲ့ ပတ်သက်ပြီး ဘုရင်က လုံးဝ ယုံကြည်မှု ရှိပြီး နိုင်ငံ့တာဝန်တွေကို အမြန်ဆုံး အပြည့်အဝ ပြန်လည် ထမ်းဆောင်ဖို့ မျှော်လင့်ကြောင်း” ဘက်ကင်ဟမ် နန်းတော်က ပြောပါတယ်။

သက်တော် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ချားလ်စ်ဘုရင်ဟာ အများပြည်သူနဲ့ တွေ့ဆုံတာတွေကို ရပ်ထားမှာ ဖြစ်ပြီး သူဆေးကုနေတုန်း ထိပ်တန်း တော်ဝင်ပုဂ္ဂိုလ်တွေ သူ့နေရာမှာ တာဝန်ယူပေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ကင်ဆာ အဆင့် ဘယ်လောက်လဲနဲ့ ရောဂါအခြေအနေ အသေးစိတ်ကိုလည်း မထုတ်ပြန်သေးပါဘူး။

ဘုရင့်ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး သားတော်နှစ်ပါးလုံးကို ဘုရင်ကိုယ်တိုင် အကြောင်းကြားပြီး ဖြစ်ပါတယ်။ ဝီလျံမင်းသားကလည်း သူ့ခမည်းတော်နဲ့ ပုံမှန်အဆက်အသွယ်ရှိတယ်လို့ သိရပါတယ်။

အမေရိကန်မှာ နေတဲ့ ဟယ်ရီမင်းသားကလည်း သူ့ခမည်းတော်ဘုရင်နဲ့ စကားပြောဆိုပြီးလို့ ဒီရက်ပိုင်းအတွင်း ဗြိတိန်ကို လာတွေ့မှာ ဖြစ်ပါတယ်။

နန်းတော်ထုတ်ပြန်ချက် အပြည့်အစုံ

ဘက်ကင်ဟမ်နန်းတော်ရဲ့ တရားဝင် ထုတ်ပြန်ချက်

သက်တော် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ချားလ်စ်ဘုရင်ဟာ နော့ဖော့နယ် ဆန်ဒရင်ဟမ် အိမ်တော်ကနေ လန်ဒန်ကို တနင်္လာနေ့မနက်က ပြန်ရောက်လာပြီး ပြင်ပလူနာအဖြစ် စတင်ကုသမှု ခံယူနေကြောင်း နန်းတော်က ပြောကြားပါတယ်။

အခမ်းအနား တက်တာတွေ ရပ်ထားပေမယ့်လည်း ရုံးလုပ်ငန်းနဲ့ အစည်းအဝေးတက်တာ အပါအဝင် ဖွဲ့စည်းပုံအရ နိုင်ငံအကြီးအကဲတာဝန်တွေကို ဘုရင်က ဆက်ပြီး ထမ်းဆောင်မှာ ဖြစ်ပါတယ်။

နိုင်ငံအကြီးအကဲက နိုင်ငံတာဝန်တွေကို မထမ်းဆောင်နိုင်တဲ့အခါမှာ ဘုရင့်နေရာ အစားဝင်နိုင်ဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံတွေ ခန့်ထားနိုင်ကြောင်း ဗြိတိသျှ ဖွဲ့စည်းပုံ ဥပဒေတွေမှာ ပါရှိပါတယ်။

လောလောဆယ်အနေနဲ့ ကမီလာ မိဖုရားကြီး၊ ဝီလျံမင်းသား၊ အန်းမင်းသမီးနဲ့ အက်ဒွပ်မင်းသားတို့ ဒီအတိုင်ပင်ခံစာရင်းမှာ ပါပါတယ်။ ဟယ်ရီနဲ့ အင်ဒရူးမင်းသားတို့ကတော့ တာဝန်မထမ်းဆောင်တဲ့ တော်ဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် သူတို့ကိုတော့ ခေါ်ယူမှာမဟုတ်ပါဘူး။

ဝေလမင်းသမီး ကက်သရင်း ဗိုက်ခွဲကုသမှုကနေ ပြန်နာလန်ထချိန်မှာ ကူညီပြီး အနားမှာနေဖို့ ဝေလမင်းသား ဝီလျံလည်း အများပြည်သူနဲ့ တွေ့ဆုံတာတွေကနေ ခေတ္တရပ်ထားပါတယ်။

ဒါပေမဲ့ ဒီအပတ်နှောင်းပိုင်းမှာ ဝေလမင်းသား နိုင်ငံ့တာဝန်တွေ ပြန်ထမ်းဆောင်မယ်လို့ တနင်္လာနေ့အစောပိုင်းက ကြေညာခဲ့ပါတယ်။

လန်ဒန်မြို့လယ် ဆေးရုံက ထွက်လာတဲ့ ကမီလာ မိဖုရားကြီး

တနင်္ဂနွေနေ့က ဆန်ဒရင်ဟမ်မှာ ဘုရားကျောင်းတက်တဲ့ ချားလ်စ်ဘုရင်ကို တွေ့ခဲ့ရပြီး လူအုပ်ကို လက်ဝှေ့ယမ်းပြခဲ့ပါတယ်။

အရင်တစ်ပတ်ကျော်က လန်ဒန် ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဘုရင် ဆီးကျိတ် ကုသမှု ခံယူခဲ့ပါတယ်။

အမျိုးသားတွေ ပိုပြီး ဆီးကျိတ် စစ်ကြည့်ကြဖို့ တွန်းအားပေးတဲ့အနေနဲ့ ဘုရင်က သူ့ဆီးကျိတ် ကုသမှုကို လူသိအောင် ထုတ်ပြန်ခဲ့ကြောင်း နန်းတော်က ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတွေ သတိမူမိအောင် လှုံ့ဆော်နိုင်လို့ ဘုရင်က ဝမ်းမြောက်တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ကျန်းမာရေး ဌာန ဝက်ဆိုက်မှာ ဆီးကျိတ်အကြောင်း ရှာဖွေဖတ်ရှုသူ တဟုန်ထိုးတက်လာတယ်လို့ သိရပါတယ်။

ကင်ဆာရောဂါအများစုအတွက် အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာတတ်ပါတယ်။ ဗြိတိန်မှာ တနှစ်တနှစ် တွေ့ရတဲ့ ကင်ဆာ ရောဂါသည်အသစ် ပျမ်းမျှ သုံးပုံတပုံကျော်က ၇၅ နှစ်နဲ့အထက်တွေမှာ ဖြစ်ကြောင်း စာရင်းဇယားတွေက ပြနေပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ရစ်ရှီဆူနက်က ဘုရင်အမြန်ဆုံး သက်သာပါစေကြောင်း ဆုတောင်းပေးခဲ့သလို လေဘာပါတီခေါင်းဆောင် ဆာကီးယား စတမ်မာနဲ့ ဗြိတိသျှ အောက်လွှတ်တော်ဥက္ကဋ္ဌ ဆာလင်းဆေး ဟွိုင်းလ်တို့ကလည်း ဆုတောင်း မေတ္တာ ပို့သကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။