မနောမယကွမ်းရွက်

Astrology
မနောမယကွမ်းရွက်

တစ်နေ့သ၌ ကျွန်ုပ်နှင့် သိဟောင်းကျွမ်းဟောင်း ဖြစ်သော ဒေါ်သာဉာဏ်ဆိုသည့် အဒေါ်ကြီးတစ်ဦး ကျွန်ုပ်ထံသို့ ရောက်ရှိလာလေ၏။ ထို့ကြောင့် ကျွန်ုပ်က-
“ကဲ. . . ဆိုစမ်းပါဦး ဒေါ်သာဉာဏ်ရေ. . . ၊ ဘာဒုက္ခ တွေ သယ်လာပြန်ပြီလဲ. . .”
ဟု မေးလိုက်ရာ ဒေါ်သာဉာဏ်ကြီးက-
“အမှန်ပါပဲ. . . ၊ ဒုက္ခတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ရောက် လာတာပါ. . . ၊ ကျုပ်က အခုအခါမှာ ဗွီဒီယိုကားတွေထဲမှာ အမေခန်းက ဝင်သရုပ်ဆောင်ပြီး အဲဒီက ရတဲ့ ငွေလေးနဲ့ စားသောက်နေရတယ် . . .”
ဟု စကားကို အစပျိုးလေ၏။

ထိုအခါ ကျွန်ုပ်က-
“ကျွန်တော် ကြည့်ရပါတယ်. . . ၊ ခင်ဗျား သရုပ်ဆောင် တဲ့ကားတွေ. . . ၊ အမေခန်းက သရုပ်ဆောင်တာ အမေနဲ့မတူ . . ၊ အိမ်စေမကြီးနဲ့ တူနေတယ်၊ ဟိုကားတစ်ကားမှာဆိုရင် သမီးကလေးက သဘောမတူတဲ့လူနဲ့ လိုက်သွားတာကို ခင်ဗျားငိုနေတာ ခင်ဗျား မျက်နှာက စပ်ဖြဲဖြဲ ဖြစ်နေတယ်၊ ငိုတာနဲ့ မတူဘူး၊ ပြောင်ပြနေသလို ဖြစ်နေတယ်၊ ခင်ဗျားနဲ့ အဲဒီအလုပ်နဲ့ မကိုက်ပါဘူး၊ ပရိသတ်ကို စော်ကားသလို ဖြစ်နေတယ်. . . ”
ဟု ပြောလိုက်လျှင် ဒေါ်သာဉာဏ်ကြီးက-
“လုပ်လည်း မလုပ်ရပါဘူးတော်. . . ၊ ခေါ်မယ့်သူ မရှိလို့ မလုပ်ရပါဘူး. . . ၊ အခု ငတ်နေပြီ. . . ၊ ဘာလုပ်စားရမှန်း တောင် မသိလို့ မောင်ခဆီ လာခဲ့တာပဲ၊ အကူအညီပေးပါဦး တော်…”
ဟု ပူဆာလေတော့၏။

“ဒီမှာ ဒေါ်သာဉာဏ်. . . ၊ ခင်ဗျားရုပ်က ငိုကြွေးတဲ့ရုပ် မဟုတ်ဘူးဗျ. . . ၊ ပျော်ရွှင်တဲ့ရုပ်ဗျ. . . ၊ ပျော်စရာကောင်း တဲ့ အလုပ်တွေ လုပ်စားရမှာ. . . ၊ အကောင်းဆုံးကတော့ စားသောက်ဆိုင်ဖွင့်ဗျာ. . .”
ဟု ကျွန်ုပ်က အကြံပေးလိုက်ရာ ၄င်းက-
“ပိုက်ဆံမရှိပါဘူးဆိုနေမှ စားသောက်ဆိုင် ဘာနဲ့ဖွင့်ရမှာတုန်း . . . “
“ကျုပ် ခင်ဗျားကို မနောမယ ကွမ်းရွက်ကလေးနဲ့ တိုင်တည်နည်း သင်ပေးလိုက်မယ်၊ သေချာမှတ်ထားနော်၊ အရိုးပါ ပါတဲ့ ကွမ်းရွက်ကလေးတစ်ရွက်ကို ချောတဲ့ဘက်မှာ နှမ်းဆီသုတ်ပြီး ကြွေပန်းကန်ပြားမှာ ကပ်လိုက်. . . “
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ဒေါ်သာဉာဏ်ကြီးက- “နှမ်းဆီမှပဲလားတော်. . . ၊ ပဲဆီမရဘူးလား”
ဟု စောဒက တက်လေ၏။

“မရဘူး . . . ၊ မရဘူး. . . ၊ နှမ်းဆီတစ်မျိုးပဲရတယ်၊ နှမ်းက စနေနံဂြိုဟ်သက် (၁၀)၊ ဆီက အင်္ဂါနံဂြိုဟ်သက် (၈)၊ နှစ်ခုပေါင်း လိုက်တော့ (၁၈)၊ အဲဒါမှ နဝင်းကိုက်တယ်၊ ပဲဆီတွေ ဘာတွေနဲ့ သွားမလုပ်နဲ့၊ မရဘူး. . .”
ဟု ကျွန်ုပ်က လေသံမာမာဖြင့် ပြောလိုက်ရာ ဒေါ်သာဉာဏ်ကြီးက-
“ကြွေပန်းကန်မှာ ကပ်ရမယ်ဟုတ်လား၊ သံပန်းကန် မရဘူးလား၊ သံပန်းကန်ဆိုပေမဲ့ ကြွေရည်သုတ်လေ . . . “
ဟု လုပ်ပြန်လေ၏။

“မရဘူး . . . ၊ မရဘူး. . . ၊ ကြွေပန်းကန်နဲ့ပဲ လုပ်ရမယ် ကြွေက(၂)၊ ပန်းက(၅)၊ ကန်က(၂)၊ ဒါမှ နဝင်းကိုက်မှာ. . . သံပန်းကန်တွေဘာတွေနဲ့ မလုပ်နဲ့မရဘူး၊ ပြီးတော့ လက်မကိုထုံးတို့ပြီး အဲဒီကွမ်းရွက်ပေါ်မှာ စာရေးရမှာ. . .”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ဒေါ်သာဉာဏ်ကြီးက- “လက်မနဲ့ ရေးရမယ်လို့တော်. . . ၊ လက်ညှိုးနဲ့ ရေးရ တယ်ဆို ဟုတ်သေးရဲ့ . . . ၊ မရဘူးလား . . . ”
ဟု အထွန့်တက်ပြန်လေ၏။

“မရဘူး. . . ၊ မရဘူး. . . ၊ လက်မနဲ့ပဲ ရေးရမယ်၊ လက်က(၄)၊ မက(၅)၊ ဒါမှနဝင်းကိုက်မှာ. . . ၊ ရေးရမယ့် စာက တခြားစာမဟုတ်ဘူး၊ ‘နငယ်’ကို ရေးရမှာ”
ဟု ကျွန်ုပ်က ပြောလိုက်ရာ ဒေါ်သာဉာဏ်ကြီးက-
“ကောင်းပါပြီတော်. . . ၊ အဲဒီလိုရေးပြီးတော့ ဘာလုပ်ရမှာတုံး. . .”
ဟု အထွန့်တက်ပြန်လေ၏။

“အဲဒီလိုရေးပြီးရင် အဲဒီကွမ်းရွက်ပေါ်မှာ ထန်းလျက် (၉)လုံး တင်ရမယ်. . . ”
ဟု ကျွန်ုပ်က ပြောလိုက်ရာ-
“ကြံသကာမရဘူးလား. . . ၊ ကြံသကာလည်း ချိုတာပဲ . . . “
ဟု ဒေါ်သာဉာဏ်ကြီးက ဆိုသဖြင့် ကျွန်ုပ်က-
“အတော်ရှည်တဲ့ အဘွားကြီးပဲ. . . ၊ ချိုတာကို လိုချင်တာ မဟုတ်ဘူး. . . ၊ ထန်းလျက်ဆိုတဲ့ဟာကို လိုချင် တာ. . . ၊ ထန်းက ဂြိုဟ်က(၁ဝ)၊ လျက်က ဂြိုဟ်သက်(၁၇)၊ ပေါင်းလိုက်ရင်(၂၇) ရတယ်၊ အဲဒီနဝင်းဓာတ်ကို လိုချင်တာ . . ၊ အဲဒါ ဘုရားကိုကပ်၊ ပြီးတော့ ဂုဏ်တော်ကိုးပါး ပုတီး စိပ်၊ (၉)ရက် လုပ်ရမယ်၊ ကွမ်းရွက် နွမ်းသွားရင် အသစ် ပြန်လဲရမယ်၊ ပြီးတော့ စားသောက်ဆိုင်တစ်ဆိုင် အမြန်ဆုံး ဖွင့်နိုင်ပါစေလို့ ဆုတောင်းရမယ်. . . ၊ ယုံယုံကြည်ကြည်လုပ်. . . ၊ သွားပေတော့. . .”
ဟု ပြောလွှတ်လိုက်လေ၏။

ရက်အတန်ကြာသောအခါ၌ ဒေါ်သာဉာဏ်ကြီး ကျွန်ုပ် ထံသို့ ပြန်၍ ရောက်လာ၏။
“မောင်ခရေ. မင်းပြောတဲ့အတိုင်း ကွမ်းရွက်တွေ၊ ထန်းလျက်တွေနဲ့ လုပ်လိုက်တာ ငါ့တူမလေးကို သဘောကျပြီး ယူထားတဲ့ တရုတ်က အမှတ်(၃)လမ်းထဲမှာ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ပေးထားလို့ ငါတော့ ‘ရွှင်ပျော်ပျော်’ ဆိုတဲ့နာမည်နဲ့ စားသောက်ဆိုင် ဖွင့်နေရပြီ . . . ၊ ပျော်စရာကောင်းလိုက်တာ တော် . . . ၊ စားသောက် ဆိုင်ကလည်း စည်ကားလိုက်တာ လူတွေ တအုံးအုံးနဲ့၊ မောင်ခကို တစ်ခုမေးရဦးမယ်. . မောင်ခအခုလုပ်ပေးလိုက်တဲ့ မနောမယကွမ်းရွက်က ဒီကိစ္စ တစ်မျိုးတည်းလား၊ အခြားကိစ္စတွေရော သုံးလို့ မရဘူးလား . . .”
ဟု မေးလေ၏။

“ရတာပေါ့ဗျာ. . . ၊ ဉာဏ်ရှိသလိုသုံးပေါ့. . .”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ဒေါ်သာဉာဏ်ကြီးက-
“မောင်ခလည်း ဆိုင်ကို ကြွခဲ့ပါဦး. . . ၊ ပျော်စရာကောင်းတယ်၊ ကောင်မလေးတွေရှိတယ်. . .”

ဟု ပြောသဖြင့် ကျွန်ုပ်က-
“ကျုပ်က ဘာလာလုပ်ရမှာလဲ. . . ၊ ခင်ဗျားဘာသာ ခင်ဗျား ရွှင်ပျော်ပျော်မှာ ပျော်ပေတော့. . . ”

ဟု ပြောသဖြင့် ဒေါ်သာဉာဏ်ကြီးသည် ရယ်မော၍ ကျွန်ုပ်အား သရက်သီးသနပ်တစ်ပုလင်းနှင့် နွားနို့ပျစ်ပျစ် တစ်ပုလင်း လက်ဆောင်ပေးကာ ပြန်သွားလေတော့ သတည်း။

ရေးသားသူ –#မင်းသိင်္ခဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။