မင်းကုသ ကိုဆောင်

Astrology
မင်းကုသ ကိုဆောင်

လူ့ဘဝခရီးတွင် ကောင်းသော အကြောင်းတရားတို့ဖြင့် ဘုန်းကံမြင့်မားလိုလျှင်၊ အထူးအောင်မြင်လိုလျှင် ဤပညာခန်းထက် ထိရောက်သော ယတြာမရှိဟုပင် ဆိုရလောက်အောင် ထက်မြက်လှသည့် ယတြာ ကျင့်စဉ်တစ်ခုဖြစ်ကြောင်း၊ ဆရာသခင်တို့ အကြိမ်ကြိမ် ဆုံးမညွှန်ပြခဲ့လေ သည်။ ကျွန်တော်လည်း အကြိမ်ကြိမ် ကျင့်သုံးခဲ့ဖူးပါသည်။ အထူးသဖြင့် ကြီးမားသော အခက်အခဲ အကျပ်အတည်းတစ်ခုခု ရင်ဆိုင်နေရသူများ ဤယတြာကျင့်စဉ်ကို ထိထိမိမိနှင့် အထပ်ထပ်ကျင့်သုံးခြင်းဖြင့် အခက် အခဲ အကျပ်အတည်းတို့မှ သိသာထင်ရှားစွာ လွတ်မြောက်နိုင်ပါသည်။

ထို့အပြင် မိမိတို့၏ စီးပွားရေးလုပ်ငန်းများအတွက်၊ လာဘ်လာဘ ပွင့်လန်းရန်အတွက် အကောင်းဆုံးကျင့်စဉ်မှာလည်း ဤပညာခန်းပင် ဖြစ်ပါသည်။

အကြောင်းအမျိုးမျိုးဖြင့် ငွေကြေးအခက်အခဲ ကြုံနေသူများ၊ အလုပ်အကိုင်နှင့် ရာထူးဌာနန္တရ တိုးတက်လိုသူများမှအစ အိမ်ရောင်းချင်သူများ၊ ကားရောင်းချင်သူများ၊ လုပ်ငန်းတစ်ခုခုကို သုညမှစပြီး ထူထောင်ရန် ကြိုးစားနေသူများ၊ အမှုအခင်းပြဿနာအကျဉ်းအကျပ် ရင်ဆိုင်နေရသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ဘဝအခြေအနေ လျှောကျနိမ့်ပါးနေသူများ၊ ဘဝကို သာမန်အခြေအနေမှာ တွန်းတွန်းတိုက်တိုက်နှင့် တပင်တပန်း ရုန်းကန်ပြီး ဆင်းရဲတွင်းမှ ဖောက်ထွက်နေရသူများ ဤကျင့်စဉ်ကို စနစ်တကျ စွဲမြဲစွာ ကျင့်သုံးသွားခြင်းဖြင့် ထူးခြားထင်ရှားစွာ ကောင်းကျိုးများ ခံစားရနိုင်ပါသည်။

ကောင်းသော စေတနာ အရင်းခံပြီး ကောင်းကျိုးကိစ္စတို့အတွက် ကောင်းကျိုးအလိုဆန္ဒဖြင့် ဆောင်ရွက်ဖို့သာ လိုအပ်ပါသည်။

ဤပညာခန်းနှင့် ပတ်သက်၍ အင်္ဂဝိဇ္ဇာပညာရပ်ကြီးမှ “အထက် ဆောင်ပန်း၊ အောက်နင်းကြမ်း” ဆိုသည့် ပညာခန်းအဆုံးအမ၊ “မင်းကုသ ကိုဆောင် မှ ကောင်းလင့်ရာ၊ စေတိယကို ရှောင်မှ ကြောင်းသင့်စွာ” ဆို သည့် ပညာခန်းအဆုံးအမ၊ “အမြစ်အညွန့် မတွန့်စေရာ” ဆိုသည့် ပညာခန်း အဆုံးအမ၊ “တြိရန်းနေ့၊ စတုရန်းအခါ” ဆိုသည့် ပညာခန်းအဆုံးအမ များကို အခြေခံပြီး စီမံကျင့်သုံးထားခြင်း ဖြစ်သည်။

အထူးသဖြင့် အမြစ် အညွန့် ပညာခန်းကို မိမိ၏ကံဇာတာ အမြင့်မားဆုံးအချိန်တွင် အထိမိဆုံး ကျင့်သုံးပြီး ကောင်းကျိုးဆန္ဒ အောင်မြင်မှုတံခါးကြီး ဖွင့်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ ပညာရပ်ကြီး၏ နက်နဲလှသည့် ကြောင်းကျိုးဆက်သွယ်ပုံ တို့ကိုတော့ အသေးစိတ်ရှင်းပြခြင်း မပြုတော့ဘဲ စာဖတ်ပရိသတ်များ အလွယ်တကူ ကျင့်သုံးနိုင်ရန် အရှင်းလင်းဆုံး တင်ပြလိုက်ပါသည်။ ဘဝသက်တာတစ်လျှောက်လုံး ထိုစနစ်အတိုင်း ပုံသေမှတ်ထားကာ သုံးစွဲသွားနိုင်ပါသည်။

၁။ ယတြာကျင့်စဉ်ကို မိမိတို့၏ မွေးနေ့အလိုက် တစ်ပတ်လျှင် အကောင်းဆုံးတစ်ရက်၊ ထိုတစ်ရက်တွင်လည်း အင်အားအကြီးမားဆုံး တစ်ချိန် (တစ်နာရီခွဲတိတိ)အတွင်း ကျင့်သုံးကာ ကုသိုလ်ကံမြှင့်ခြင်း၊ ကုသိုလ်ကံဖွင့်ခြင်း ပြုရမည် ဖြစ်သည်။

၂။ မိမိတို့၏ မွေးနံအလိုက် ခင်းထိုင်ရမည့် အရွက်အညွန့်တွေကို မိမိတို့ ဆောင်ရွက်ရမည့်နေ့၊ ဆောင်ရွက်ရမည့် အချိန်တွင် ဘုရားကျောင်းဆောင်ရှေ့မှာ ခင်းထားပါ။ ခင်းသည့်အခါ အရွက်တွေ၏ အဖျားဘက်ကို ဘုရားကျောင်းဆောင်ဘက်သို့ လှည့်ထားရပါမည်။

ဘုရားတွင် တင်လှူရမည့် အညွန့်တွေကို ပန်းအိုး (သို့မဟုတ်) ဖန်ခွက်ဖြင့် သန့်ပြန့်စွာ စီစဉ်ထားပါ။ ထို့အပြင် ဘုရားကျောင်းဆောင်ထက်တွင် အလင်းတိုင်၊ အမွှေးတိုင်၊ သောက်တော်ရေချမ်းတို့ကို မိမိတို့ စိတ်တိုင်းကျ လှူဒါန်းပူဇော်ထားပါ။ ဆောင်ရွက်ရမည့် အချိန်ရောက်သောအခါ တင်လှူရမည့် (ဆောင်ပန်း) အညွန့်ပန်းအိုးကို လက်မှာကိုင်ပြီး ခင်းထားသော အရွက်တွေပေါ်မှာ ရပ်ပါ။ ရပ်ပြီး ဘုရာကျောင်းဆောင်ထက်သို့ အဆောင်ပန်းတွေကို လှူလိုက်ပါ။

ပြီးလျှင် ခင်းထားသော အရွက်တွေပေါ်မှာ ထိုင်ပြီး ငါးပါးသီလခံယူခြင်း၊ ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ခြင်း၊ မေတ္တာပို့ခြင်း စသည့် ပရိကံတွေ ပြုကာ မိမိတို့ မွေးနံအလိုက် အဆင်သင့်ဆောင်ထားသော မွေးနံပုတီး ၁၀၈ လုံး ပုတီးဖြင့် ဘုရားဂုဏ်တော်ကိုးပါးကို ပုတီးပတ် မိမိသက်စေ့ပြည့်အောင် ဗုဒ္ဓါနုဿတိဘာဝနာပွားထုံကာ ပုတီးစိပ်ပါ။ ပုတီးစိပ်ပြီးက ကုသိုလ်ကံပွင့် ပရိတ်တော်၊ ပဋ္ဌာန်းတော်၊ ဂါထာတော်တွေကို ဆက်လက် ပူဇော် ရွတ်ပွားနိုင်ပါသည်။

ပြီးမှ ခင်းထားသော အရွက်တွေကို ယူပြီး မိမိတို့ နေအိမ်၏နောက်ဖေးအရပ်တွင် စွန့်ပစ်လိုက်ပါ။ ၎င်းနင်းထားသော အရွက်တွေကို လက်ဖြင့်မကိုင်ဘဲ ညှပ်တစ်ခုခုဖြင့်ယူပြီး စွန့်ပစ်ပါ။ ဖြစ်နိုင်က အိမ်ရှိကိုယ့်ထက် ငယ်သူကို ယူခိုင်းပြီး စွန့်ပစ်ပါ။ ကြီးသူကို မခိုင်းရပါ။

ဤအတိုင်း အတိအကျ ကျင့်သုံးပါ။ ခင်းပြီးထိုင်ရန် အညွန့်အရွက်များ၊ ဘုရားတွင် လှူရန် အညွန့်အရွက်များကို အောက်တွင် စနစ်တကျ တွက်စစ်တင်ပြထားပါသည်။ ပုတီးစိပ်ရန်မှာ အားလုံးဘုရားဂုဏ်တော်ကိုးပါးကို စိပ်လျှင် လုံလောက်ပါသည်။

၃။ က – တနင်္ဂနွေသားသမီးများ

အင်္ဂါနေ့ နံနက် (သို့ မဟုတ်) ည ၁ဝ : ၃ဝ နာရီမှ ၁၂ : ဝဝ နာရီအတွင်း ထန်းညွန့်၊ ဒန်းညွန့်၊ နာနတ်ညွန့်တို့မှ ရရာတစ်မျိုးတည်းကို ၁၀ ညွန့်တိတိ ခင်းပါ။ ဥပမာ- ထန်းညွန့် ၁၀ ညွန့် ခင်းပါ။ ကံ့ကော် ၁၅ ညွန့် လှူပါ။ အုန်းသားပုတီးဖြင့် စိပ်ပါ။

ခ – တနင်္လာသားသမီးများ

ဗုဒ္ဓဟူးနေ့ နံနက် သို့မဟုတ် ည ၁၀ : ၃ဝ နာရီမှ ၁၂ : ဝဝ နာရီအတွင်း အုန်းညွန့် ၆ ညွန့်ကို ခင်း ပြီး ဇွန်ညွန့် (သို့မဟုတ်) စွယ်တော်ညွန့်တို့မှ ရရာတစ်မျိုးတည်းကို ရှစ်ညွန့် တိတိ တင်လှူပါ။ ကံ့ကော်သားပုတီးဖြင့် စိပ်ပါ။

ဂ – အင်္ဂါသားသမီးများ

ကြာသပတေးနေ့ နံနက် (သို့ မဟုတ်) ည ၁ဝ : ၃ဝ နာရီမှ ၁၂ : ဝဝ နာရီအတွင်း ကြံညွန့် ၁၅ ညွန့် ခင်းပြီး ရွက်လှ ၁၇ ညွန့် တင်လှူပါ။ ဆီးသားပုတီးဖြင့် စိပ်ပါ။

ဃ – ဗုဒ္ဓဟူးနှင့် ရာဟုသားသမီးတို့

သောကြာနေ့ နံနက် (သို့မဟုတ်) ည ၁ဝ : ၃၀ နာရီမှ ၁၂း ၀၀ နာရီအတွင်း ဆီးညွန့် ၈ ညွန့် ခင်းပြီး မာလကာညွန့် (သို့မဟုတ်) ပျဉ်းမညွန့် ၁၉ ညွန့် တင်လှူပါ။ဝါးပုတီး (သို့မဟုတ်) လင်းလွန်းသားပုတီးဖြင့် စိပ်ပါ။

င – ကြာသပတေးသားသမီးတို့

စနေနံနက် (သို့မဟုတ်) ည ၁ဝ : ၃ဝ နာရီမှ ၁၂ : ဝဝ နာရီအတွင်း ဝါးညွန့် (သို့မဟုတ်) ရွက်လှ ၁၇ ညွန့် ခင်းပြီး သပြေ ၂၁ ညွန့် လှူပါ။ ပေါက်သားပုတီး (သို့မဟုတ်) ပေပုတီးဖြင့် စိပ်ပါ။

စ – သောကြာသားသမီးတို့

တနင်္ဂနွေနံနက် (သို့မဟုတ်) ည ၁ဝ : ၃ဝ နာရီမှ ၁၂ : ဝဝ နာရီအတွင်း ပျဉ်းမရွက် (သို့မဟုတ်) ပေါက်ပန်းဖြူ ၁၉ ညွန့်ကို ခင်းပြီး နှင်းဆီ ၁ဝ ပွင့်လှူပါ။ သီးသားပုတီးဖြင့်စိပ်ပါ။

ဆ – စနေသားသမီးတို့

တနင်္လာနံနက် (သို့မဟုတ်) ည ၁ဝ : ၃ဝ နာရီမှ ၁၂ : ဝဝ နာရီအတွင်း သီဟိုဠ် (သို့မဟုတ်) သက်ကယ် ၂၁ ညွန့် ခင်းပြီး အုန်း ၆ ညွန့် လှူပါ။ ထိန်သားပုတီးနှင့် စိပ်ပါ။

၄။ ဤစနစ်အတိုင်း တနင်္ဂနွေသားသမီးတို့သည် ၆ ကြိမ်၊ တနင်္လာသားသမီးတို့သည် ၁၅ ကြိမ်၊ အင်္ဂါသားသမီးတို့သည် ၈ ကြိမ်၊ ဗုဒ္ဓဟူးသားသမီးတို့သည် ၁၇ ကြိမ်၊ ရာဟုသားသမီးတို့သည် ၁၂ ကြိမ်၊ ကြာသပတေးသားသမီးတို့သည် ၁၉ ကြိမ်၊ သောကြာသားသမီးတို့သည် ၂၁ ကြိမ်၊ စနေသားသမီးတို့သည် ၁၀ ကြိမ် ပြည့်အောင် ဆောင်ရွက်ပါ။ တစ်ပတ်လျှင် ထိုတစ်ရက်၊ တစ်ကြိမ် ဆောင်ရွက်လျှင် လုံလောက်ပါပြီ။ ထိုအကြိမ် အရေအတွက်မပြည့်မီပင် ထူးခြားစွာ ကုသိုလ်ကံမြင့်မားပြီး ကောင်းကျိုး တွေ ခံစားရနိုင်ပါသည်။ နောက်ထပ်လည်း အဆင်ပြေသလို ဆောင်ရွက် သွားနိုင်ပါသည်။

စနစ်တကျနှင့် ထိထိမိမိ ကျင့်သုံးနိုင်လျှင် လွန်စွာ စွမ်းအားကြီးမားသော ပညာခန်းဖြစ်ကြောင်း ပညာရှင်ဆရာသခင်တို့ အကြိမ်ကြိမ် အဆုံးအမ ပြုခဲ့ကြပါသည်။
ကျွန်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ခန့်ကတည်းက ထို ကျင့်စဉ်ကို အကြိမ်ကြိမ် ကျင့်သုံးခဲ့ဖူးပါသည်။ အခက်အခဲ ကြုံနေသော ကျွန်တော့်မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်း ညွှန်ပြဖြစ်ခဲ့သည်မှာ အကြိမ်ကြိမ်ပင် ဖြစ်သည်။

မှတ်မှတ်ရရပင် ကျွန်တော့်မိတ်ဆွေများဖြစ်သည့် ဦးအောင်လှတို့အုပ်စုကို အင်္ဂဝိဇ္ဇာပညာအကြောင်း စပြီး ပြောဖြစ် သည့်နေ့က ဤပညာခန်းကျင့်စဉ်လေးကို ထိုသုံးယောက်အား လက်ဆင့်ကမ်းဝေမျှ ဖြစ်ခဲ့ပါသေးသည်။ ထိုနေ့ ကျွန်တော်တို့အုပ်စု အင်္ဂဝိဇ္ဇာပညာ ရပ်အကြောင်း စကားတွေပြောရင်း အချိန်ကုန်သွားခဲ့သည်မှာ ညဦးပိုင်း လထွက်ချိန်ရောက်မှပင် သူတို့ ပြန်သွားကြပါသည်။

သက်နှင်းဆွေ၊ ပုပ္ပါး၊ နတ်စောင်းတော်သံ စာအုပ်မှကောက်နှုတ်ဖော်ပြထားပါသည်။

#မင်းသိင်္ခဗေဒင်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။