အိပ်ချ်အိုင်ဗီကို ဆဲလ်ကနေ ဖြတ်တောက်နိုင်ပြီလို့ သိပ္ပံပညာရှင်တွေဆို

International News Tech
အိပ်ချ်အိုင်ဗီကို ဆဲလ်ကနေ ဖြတ်တောက်နိုင်ပြီလို့ သိပ္ပံပညာရှင်တွေဆို

နိုဘယ်ဆုရတဲ့ ခရစ္စပဲ မျိုးဗီဇတည်းဖြတ်တဲ့ နည်းပညာကို သုံးပြီး အိပ်ချ်အိုင်ဗီပိုး ကူးစက်နေတဲ့ ဆဲလ်ကနေ ရောဂါပိုးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

မော်လီကျူးအဆင့်မှာ ကတ်ကြေးလို ညှပ်ပြီး ဒီအန်အေကို ဖြတ်တောက်တာ ဖြစ်ပြီး မကောင်းတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားတာ၊ မထကြွအောင်လုပ်တာတွေ လုပ်နိုင်ပါတယ်။

ဒီနည်းပညာနဲ့ ထိရောက်စိတ်ချနိုင်မှု ရှိမရှိ ထပ်မံစစ်ဆေးဖို့ လိုသေးပေမဲ့လည်း ခန္ဓာကိုယ်တခုလုံးမှာ ရှိတဲ့ ဗိုင်းရပ်ပိုးတွေကို အမြစ်ပြတ် ရှင်းလင်းသုတ်သင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

လက်ရှိသုံးစွဲနေတဲ့ အိပ်ချ်အိုင်ဗီဆေးတွေက ဗိုင်းရပ်ကို တားမြစ်နိုင်ပေမဲ့ မချေမှုန်းနိုင်တာကို တွေ့ရပါတယ်။အမ်စတာဒမ်တက္ကသိုလ်က ပညာရှင်အဖွဲ့က သူတို့ ကနဦးတွေ့ရှိချက် အကျဉ်းချုပ်ကို ဒီတပတ်ကျင်းပတဲ့ ဆေးပညာ ကွန်ဖရင့်တခုမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီအဆင့်မှာ ကုထုံး သဘောတရားကို သက်သေပြရုံသက်သက်သာ ရှိသေးပြီး အိပ်ချ်အိုင်ဗီကို မကြာခင်မှာ ကုသနိုင်တဲ့ အဆင့်ထိ ရောက်လာမှာ မဟုတ်သေးဘူးလို့လည်း အလေးပေး ပြောကြားခဲ့ပါတယ်။

နော်တင်ဟမ် တက္ကသိုလ်က ပင်မဆဲလ်နဲ့ မျိုးရိုးကုထုံး နည်းပညာ ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ ဂျိမ်းစ် ဒစ်ဆန်ကလည်း ဒါကို သဘောတူပါတယ်။
ဒီတွေ့ရှိချက်တွေ အားလုံးကို စိစစ်ဖို့ လိုသေးကြောင်း သူက ဆိုပါတယ်။

“ဒီဆဲလ်တွေမှာ တွေ့ရှိတဲ့ ရလဒ်တွေက အနာဂတ်ကုထုံးအတွက် တကိုယ်လုံးမှာ သုံးနိုင်ကြောင်း သက်သေပြဖို့ အများကြီး လုပ်ရမှာပါ၊ အိပ်ချ်အိုင်ဗီ ဝေဒနာရှင်တွေမှာ ဒီကုထုံးနဲ့ ထိရောက်မှု ရှိအောင်လုပ်ဖို့က ဆက်ပြီး တိုးတက်အောင် လုပ်ဖို့ လိုပါတယ်” လို့ ဒေါက်တာဒစ်ဆန်က ပြောပါတယ်။

‘အလွန်အမင်း စိန်ခေါ်မှုများ’

ခရစ္စပဲ နည်းပညာကိုပဲ သုံးပြီး အိပ်ချ်အိုင်ဗီကို တိုက်ဖျက်ဖို့ တခြား သိပ္ပံပညာရှင်တွေလည်း ကြိုးစားနေပါတယ်။

၄၈ ပတ်အကြာမှာ ဒီကုထုံးအတွက် ဝင်စမ်းသပ်ခံတဲ့ အိပ်ချ်အိုင်ဗီ ပိုးရှိသူ သုံးယောက်မှာ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုး မတွေ့ရဘူးလို့ Excision BioTherapeutics ကုမ္ပဏီက ပြောပါတယ်။

ဒါပေမဲ့ အိပ်ချ်အိုင်ဗီပိုးကို ခန္ဓာကိုယ်မှာ ခိုအောင်းနေနိုင်တဲ့ ဆဲလ်အားလုံးက ဖယ်ရှားဖို့မှာ အလွန်အမင်း စိန်ခေါ်မှုတွေ ရှိကြောင်း လန်ဒန်က ဖရန်ဆစ် ခရစ် သိပ္ပံက ဗိုင်းရပ်ပညာရှင် ဒေါက်တာ ဂျော်နသန် စတွိုင်းက ပြောပါတယ်။

ဒီကုထုံးကြောင့် ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တာကိုလည်း စိုးရိမ်ရတယ်၊ ခရစ္စပဲ နည်းပညာ အခြေခံတဲ့ ကုထုံးမျိုးတွေက ထိရောက်တယ်ဆိုရင်တောင် ပုံမှန်ကုထုံး ဖြစ်လာဖို့က နှစ်တွေ အများကြီး ကြာသွားပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

အိပ်ချ်အိုင်ဗီပိုးက လူရဲ့ ခုခံအားဆဲလ်တွေကို ကူးစက်တိုက်ခိုက်ပြီး ပိုးကို ပွားအောင်လုပ်ပါတယ်။

ထိရောက်တဲ့ ကုသမှုနဲ့တောင်မှ တချို့လူတွေမှာ ပိုးကို ငြိမ်သွားတဲ့အဆင့်ထိပဲ ကုနိုင်ပါတယ်။ ဒီလူတွေမှာ ဗိုင်းရပ်ပိုးသစ်ကို တက်တက်ကြွကြွ ထပ်ပြီး မထုတ်နိုင်ရင်တောင် အိပ်ချ်အိုင်ဗီပိုးရဲ့ ဒီအန်အေ သို့မဟုတ် မျိုးဗီဇပစ္စည်းတွေက ကျန်နေသေးပါတယ်။
အိပ်ချ်အိုင်ဗီပိုးရှိတဲ့သူ အများစုမှာ ပိုးကိုထိန်းဖို့ ဆေးတွေ တသက်လုံး သောက်ဖို့လိုပြီး ဆေးရပ်လိုက်ရင် ပိုးက ပြန်ထလာပြီး ရောဂါပေါ်လာတတ်ပါတယ်။

လူအနည်းစုကလေးမှာပဲ ပြင်းထန်တဲ့ ကင်ဆာကုထုံးနဲ့ ပိုးကူးစက်နေတဲ့ ဆဲလ်တချို့ကို ချေမှုန်းပြီး ပိုးကို ကုနိုင်ပုံရပါတယ်။ဒါကိုလည်း အိပ်ချ်အိုင်ဗီကို ကုဖို့သက်သက် ကုထုံးအဖြစ် သုံးဖို့ အားပေးမှာ မဟုတ်ပါဘူး။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။